Sunday, July 21, 2013

အစိုးရစစ် ဆင်ရေးကြားထဲက PSLF ၏ ပြည်သူ့ ဆန္ဒ ခံယူပွဲ

(ရွှေဟင်္သာသတင်းဌာန)

စစ်ပွဲကြောင့် ရွာပုန်း ရွာရှောင် ဘ၀မျိုးဖြင့် ဒုက္ခဖြစ် ရောက်နေကြသည့် တအာင်း လူထု အခြေအနေကို ဖြေရှင်း ပေးပါရန် ဇူလိုင် (၁၉) ရက်နေ့ကျင်းပသော ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (P.S.L.F/ T.N.L.A) မှ ဦးဆောင်သည့် လူထု သဘောထား ခံယူပွဲတွင် တအာင်း လူမှု အဖွဲ့အစည်း ကိုယ်စားလှယ်များမှ တောင်းဆို ခဲ့ကြောင်း တက်ရောက်သူ များက ဆိုပါသည်။  

“ ဆန္ဒခံယူပွဲကို TNLA ရဲ့ အခြေခံ ဒေသမှာဘဲ လုပ်ပါတယ်။ (၈)မြို့နယ်က ဒေသ ကိုယ်စားလှယ် (၁၀၀)ကျော် တက်ပါတယ်။ အဓိက တင်ပြ ကြတာ ကတော့ လောလောဆယ် ဒုက္ခသည် ဘ၀ အခြေအနေ၊ ပညာရေး၊ ကျန်းမာရေး ၊ ဒေသ လမ်းပမ်း ဆက်သွယ်ရေး အခြေအနေ၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကိစ္စတွေကို တင်ပြကြပါတယ်” ဟု ကိုယ်စားလှယ် တဦးက ဆိုပါသည်။ 

လိင်မှုဆိုင်ရာ အကြမ်းဖက်မှု၊ ကလေးစစ်သား အသုံးပြုမှု ရပ်တန့်သည့် စာချုပ် KNU နှင့် Geneva Call တို့ လက်မှတ်ထိုး

ရွှေဟင်္သာ သတင်းဌာန 
 
ကရင် အမျိုးသား အစည်းအရုံး (KNU) သည် ကလေး သူငယ်များဆိုင်ရာ အခွင့်အရေး ကာကွယ်ရေးနှင့် လိင်မှုဆိုင်ရာ အကြမ်းဖက်မှုများ ပိတ်ပင် တားဆီးရေး စာချွန်လွှာကို ဂျီနီဗာ အခြေစိုက် Geneva Call အဖွဲ့နှင့် နက်ဖြန်တွင် ကရင်ပြည်နယ် ဖါးအံမြို့ရှိ ဇွဲကပင် ဟိုတယ်၌ သဘောတူ စာချုပ် ချုပ်ဆိုမည်ဟု ပြောခွင့်ရသူ ပဒိုမန်းမန်းက ဆိုပါသည်။

“ ဒီသဘော တူစာချုပ် လက်မှတ်ထိုးပွဲမှာ MPC က ၀န်ကြီး ဦးအောင်မင်းရယ်၊ ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်းရယ်၊ သူတို့နှစ်ဦး ကိုလည်း သီးသန့် ဖိတ်ကြား ထားပါတယ်” ဟု ဆိုပါသည်။

Saturday, July 20, 2013

အရပ်ဖက် လူ့အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး ဖိုရမ်ကျင်းပ

(ရွှေဟင်္သာသတင်းဌာန)

တိုင်းရင်းသား ပေါင်းစုံ ပါဝင်သည့် အရပ်ဖက် လူ့အဖွဲ့အစည်း များသည် ပြည်နယ် များ၏ ငြိမ်းချမ်းရေး အခြေအနေ များကို လေ့လာ သုံးသပ် ဆွေးနွေးနိုင်ရန် ငြိမ်းချမ်းရေး ဖိုရမ် တရပ်ကို ပြီးခဲ့သည့် ဇူလိုင် (၁၈) ရက်နေ့တွင် နှစ်ရက်တာ ကျင်းပ ခဲ့သည်ဟု ဆွေးနွေးပွဲသို့ တက်ရောက် ခဲ့သူ ကိုဝင်းအောင်က ဆိုပါသည်။  

“ ကျနော်တို့ ဖိုရမ်က ရန်ကုန်မြို့ ပန်ဒါ ဟိုတယ်မှာ ကျင်းပတယ်။ အတိအကျ ပြောရရင် ပြည်နယ်တိုင်း (၁၁) ခုက အရပ်ဖက် လူ့အဖွဲ့အစည်းတွေ တက်ပါတယ်။ ကိုယ်စားလှယ်တွေ (၆၀) လောက် တက်ပါတယ်။ အထူးသဖြင့် ပြည်နယ် အဆင့်မှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ ငြိမ်းချမ်းရေး အခြေအနေ လေးတွေကို တင်ပြကြပါတယ်” ဟု ဆိုပါသည်။ 

ပြည်လုံးကျွတ်အပစ်ရပ်ပြီး နိုင် ငံရေးဆွေးနွေးရန် KNU နှင့် RCSS/SSA ပူးတွဲထုတ်ပြန်

(KIC)
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပြည်လုံး ကျွတ် အပစ်အခတ်ရပ် စဲရေး သဘောတူ လက်မှတ်ထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲ အဆင့်သို့ တက်လှမ်းရန် မြန်မာအစိုးရ အား တိုက်တွန်းသည့် ပူးတွဲကြေညာချက်တစ်စောင်ကို ကရင်အမျိုးသားအစည်းအရုံး (KNU)နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)တို့က ဇူလိုင်လ ၁၇ရက်နေ့က ထုတ်ပြန်ခဲ့သည်။

လက်ရှိ တိုင်းရင်းလက်နက်ကိုင်အဖွဲ့များနှင့် အစိုးရတို့အကြား ငြိမ်းချမ်းရေးဖြစ်စဉ် တွေ့ဆုံဆွေးနွေးမှုမှာ အဖွဲ့တဖွဲ့ချင်းစီ အပစ် ရပ်အဆင့်ထဲတွင်သာ ရပ်မသွားဘဲ ထိုထက်ပိုသည့် နိုင်ငံရေးဆွေးနွေးပွဲများ ရှေ့ဆက်လုပ်ဆောင်သွားရန် လိုအပ်သည်ဟု ယင်း ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။

KNU နှင့် Geneva Call ကလေးစစ်သားနှင့် အမျိုး သမီးများ ကာကွယ်မှုဆိုင်ရာ ၀န်ခံမှုစာချုပ်မည်

(KIC)

ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် နယူးဇီလန်နိုင်ငံ အခြေစိုက် ကုလသမဂ္ဂမှ ဖွဲ့စည်းထားသော Geneva Call အဖွဲ့ချုပ် တို့သည် ကလေးစစ်သားနှင့် အမျိုးသမီး၊ ကလေးကာကွယ်ရေးဆိုင်ရာ ၀န်ခံမှု သန္ဓိဌာန် ပြု စာချွန်လွှာနှစ်ခုကို လာမည့် ဇူလိုင် လ ၂၁ရက်နေ့တွင် ဖားအံမြို့၌ လက်မှတ် ရေးထိုး စာချုပ်သွားမည် ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။


ယင်း သန္ဓိဌာန်ပြု ၀န်ခံမှုစာချွန်လွှာနှစ်ခုမှာ လက်နက်ကိုင်ပဋိပက္ခများကြောင့် သက်ရောက်မှုများ ခံစားရသော ကလေးသူငယ် များအား ကာကွယ်ရေးဆိုင်ရာနှင့် ပဋိပက္ခအခြေအနေတွင် လိင်မှုဆိုင်ရာ အကြမ်းဖက်မှုများကို ပိတ်ပင်တားမြစ်ခြင်းနှင့် လိင်ကွဲ ပြားမှုအပေါ် ခွဲခြားဖိနှိပ်ဆက်ဆံမှုများ အဆုံးသတ်ရေးဆိုင်ရာ သန္ဓိဌာန်ပြု ၀န်ခံမှု စာချွန်လွှာများဖြစ်ကြောင်း ကေအဲန်ယူ နိုင်ငံ ခြားရေးဌာနတာဝန်ခံ ပဒိုစောအောင်ဝင်းရွှေက ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင်များနှင့် တိုက်ပွဲဖြစ်နေရသည့် အကြောင်းရင်း သမ္မတဦးသိန်းစိန်၏ ပြောကြားချက်ကို ရှမ်းပြည်မြောက်ပိုင်း တပ်မတော် ကန့်ကွက်

(Eleven Media Group)

အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိထားသော်လည်း တိုင်းရင်းသား လက်နက်ကိုင်များနှင့် တိုက်ပွဲဖြစ်နေရသည့် အကြောင်းရင်းအပေါ် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ ပြောကြားချက်အား ရှမ်းပြည်မြောက်ပိုင်း တပ်မတော် (SSPP/SSA) က ကန့်ကွက်ကြောင်း The Daily Eleven သို့ ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဗြိတိန်နှင့် ပြင်သစ်နိုင်ငံသို့ ခရီးသွားရောက်စဉ် BBC သတင်းဌာနနှင့် တွေ့ဆုံခဲ့သော မေးမြန်းခြင်း အစီအစဉ်၌ တိုင်းရင်းသား လက်နက်ကိုင်များနှင့် တိုက်ပွဲဖြစ်နေရခြင်း အကြောင်းရင်းကို ပြောကြားခဲ့ခြင်း ဖြစ်သည်။


တိုင်းရင်းဘာသာ သင်ကြားနိုင်ဖို့ လိုအပ်တဲ့ ဥပဒေကို ပြဌာန်းပေးရန် ပညာရေး ကွန်ယက် အဆိုပြု

(ရွှေဟင်္သာသတင်းဌာန)

တိုင်းရင်းသား ဒေသများ တွင်း၌ မိခင် ဘာသာ စကားများ တရားဝင် သင်ကြားနိုင်ရန် ဥပဒေ အဖြစ် တိတိကျကျ ပြဌာန်း ပေးသင့်ကြောင်း ပညာရေး စနစ် ပြုပြင် ပြောင်းလဲရေး နိုင်ငံလုံး ဆိုင်ရာ ကွန်ယက်မှ အဖွဲ့ဝင် ဒေါက်တာ သိန်းလွင်မှ ဆိုပါသည်။ 

ဒီတိုင်းရင်းသား ဘာသာ စကားတွေ သင်ကြားဖို့ကို ဥပဒေ အရ တိတိကျကျ ပြဌာန်း ပေးထားတာမျိုး မရှိသေးတဲ့ အတွက် အရင်ဆုံး လိုတာက ဥပေဒပြဌာန်းဖို့ပေါ့ဗျာ၊ ဥပဒေမရှိတဲ့ အတွက် အုပ်ချုပ်တဲ့ သူတွေရဲ့ ခွင့်ပြုချက်ကို သွားတောင်း နေရတယ်၊ အရေးကြီးဆုံးကတော့ ဥပဒေ တစ်ရပ် ဖြစ်လာဖို့ အရေးကြီးတယ်ဟု ဒေါက်တာ သိန်းလွင် က ဆိုပါသည်။

Friday, July 19, 2013

မူဆလင်ဘာသာဆိုင်ရာ အဆောက်အဦးအနီးရှိ အိမ်/ခြံများ အရောင်းမသွင်

 

မေလနှောင်းပိုင်းက ဘာသာရေး ပဋိပက္ခဖြစ်ပွားခဲ့သည့် သျှမ်းပြည်မြောက်ပိုင်း လာရှိုးမြို့၌ မူဆလင် ဘာသာဆိုင်ရာ အဆောက်အဦးအနီးရှိ အိမ်/ခြံများကို ပြည်သူများက မဝယ်ရဲကြကြောင်း ဒေသတွင်း သတင်းအရ သိရှိရပါသည်။

“ရပ်ကွက် ၈ က မူဆလင်မိဘမဲ့ကျောင်းနဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ အိမ်နဲ့ခြံဆိုရင် ကာလပေါက်ဈေး သိန်း ၃၀၀၀ လောက် ရှိတယ်။ အိမ်က ၃ ထပ်၊ ခြံက ပေ ၈၀ x ၁၀၀ ။ ဒီဈေးနဲ့ဆို အလုအယက် ဝယ် ကြမှာ။ ဒါပေမဲ့ လာကြည့်တဲ့သူတွေက ဈေးတောင်မမေးတော့ဘဲ ပြန်သွားကြတယ်” ဟု လားရှိုးပွဲစား တစ်ဦးက ပြောပါသည်။ 

ကလေးစစ်သားပပျောက်ရေး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ပူးပေါင်းရန်လိုဟု ဆို

(Mizzima)

မြန်မာနိုင်ငံ၌ အစိုးရ စစ်တပ်တွင် သာမက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများတွင်လည်း ကလေးစစ်သားများရှိနေသောကြောင့် ကလေးစစ်သားပပျောက်ရေး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များလည်း ပူးပေါင်းရန် လိုအပ်သည်ဟု ILO ဆက်ဆံရေးအရာရှိ စတီ(ဗ်)မာရှယ်က ပြောသည်။

၎င်းက ဇူလိုင် ၁၇ ရက် တွင် ရန်ကုန် မြို့ ILO ရုံး၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခြင်းဖြစ်ပြီး
ပြည်တွင်း၌ အဓမ္မလုပ်အားခိုင်းစေခြင်းတွင် ကလေးစစ်သား စုဆောင်းခြင်းမှာ အရေးကြီးဆုံးအချက်တွင်ပါဝင်နေပြီး အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နှစ်ခုလုံးတွင် ကလေးစစ်သားများရှိနေသည်ဟု ဆိုလိုက်ခြင်း ဖြစ်သည်။

ထိုင်းတွင်ဖမ်းမိသည့် လက်နက်များ RCSS/SSA နှင့်ပတ်သက်သည်ဟု စွပ်စွဲမှု တုံ့ပြန်ငြင်းဆို

(Mizzima)

ထိုင်းမြန်မာနယ်စပ် မယ်ဟောင်ဆောင်ခရိုင်တွင် ဖမ်းဆီးရမိသည့် လက်နက် ကျည်ဆံများသည် ရှမ်းပြည် ပြန်လည်
ထူထောင်ရေးကောင်စီ RCSS/SSA နှင့် ပတ်သက်မှုရှိသည်ဟု ပြီးခဲ့သည့် ဇူလိုင် ၁၆ ရက်ထုတ် ထိုင်းနိုင်ငံ ထိုင်းရာဒ် သတင်းစာ စာမျက်နှာ ၁၉ ၌ ရေးသား ဖော်ပြထားချက်ကို RCSS/SSA က ငြင်းဆိုလိုက်သည်။

“ကျွန်တော်တို့အဖွဲ့ကို တိုက်ရိုက် နာမည်တပ် ရေးသားထားတာမျိုး မဟုတ်ပေမယ့်၊ ပတ်သက်မှုရှိတယ် ဆိုတဲ့ သဘောမျိုး ရေးသားထားတာပါ၊ ကျွန်တော်တို့နဲ့ ပတ်သက်မှုမရှိပါဘူးဆိုတာ ငြင်းဆိုတဲ့အကြောင်း ကို ထိုင်းရာဒ် သတင်းစာကို လိပ်မူပြီး ဒီနေ့ (ဇူလိုင် ၁၈) ရက်စွဲနဲ့ ပေးပို့လိုက်တာပါ” ဟု RCSS/SSA ပြော ခွင့်ရ ဗိုလ်မှူးစိုင်းလောင်းဆိုင်က ပြောသည်။

အစိုးရတပ်နှင့် မွန်ပြည်သစ် တိုက်ပွဲဖြစ်ပွား မှု မြန်မာ့ငြိမ်းချမ်းရေးဂေဟာနှင့် ညှိနှိုင်းစုံစမ်းနေ

(Mizzima)

တပ်မတော်မှ တပ်ကြပ်ကြီးတစ်ဦးနှင့် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မှ တပ်သားနှစ်ဦးတို့ ကျဆုံးစေ ခဲ့သည့် တိုက်ပွဲအတွက် အရှေ့တောင်တိုင်း စစ်ဌာနချုပ်၊ မြန်မာ့ငြိမ်းချမ်းရေး စင်တာတို့နှင့် ညှိနှိုင်းကာ အဖြစ်မှန် ဖော်ထုတ်
နိုင်ရန် ကြိုးပမ်းလျက်ရှိသည်ဟု မွန်ပြည်သစ်ပါတီ နိုင်ငံခြားနှင့် မဟာမိတ် ဆက်ဆံရေးရုံးမှ ဒုတိယဗိုလ်မှူးကြီး ဉာဏ်ထွန်းက ပြောသည်။

“ဒီကိစ္စကို ပြည်တွင်းတာဝန်ခံ နိုင်တလညီကတစ်ဆင့် ဒေသခံတပ်မှူး နိုင်တမော့ချမ်းတို့ဆီက အချက်အလက်တွေ ရယူပြီးတော့ အရှေ့တောင်တိုင်းကိုလည်း တင်ပြထားတယ်၊ မြန်မာ့ငြိမ်းချမ်းရေးစင်တာနဲ့လည်း ဆက်သွယ်
ဆောင်ရွက်နေပါတယ်”ဟု ဒုတိယဗိုလ်မှူးကြီး ဉာဏ်ထွန်းက ပြောသည်။

Thursday, July 18, 2013

အစိုးရစစ်ကြောင်း မွန်ပြည်သစ်ပါတီအလံကိုမီးရှို့၊ အဖွဲ့ဝင် ၃ ဦးကိုဖမ်းဆီးထား

(လွတ်လပ်သော မွန်သတင်းအေဂျင်စီ)

မြန်မာအစိုးရ လှုပ်ရှားစစ်ကြောင်း တစ်ကြောင်းသည် အလံတိုင်ခုတ်လှဲ၍ မွန်ပြည်သစ် အလံကို မီးရှိခဲ့သည့်အပြင် တပ်ဖွဲ့ဝင်နှင့် ဇနီးသည်တို့အား ယခုသီတင်းပတ် တွင် ဖမ်းဆီးခေါ်ဆောင် သွားကြောင်း ယင်းဒေသ ရှိမွန်ပြည်သစ် ပါတီတပ်မှူး ဗိုလ်ကြီး တမော့ချမ်းက ပြောသည်။

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ချောင်ချိဒေသရှိ မွန်ပြည်သစ်ပါတီ မိသားစုဝင်များနေထိုင်ရာ သုမင်္ဂလံရွာသစ်၌ ပြီးခဲ့သည့် ဇူလိုင်လ ၉ နေ့တွင် အစိုးရစစ်ကြောင်းရွာထဲဝင်ရောက်စဉ် ယင်းကဲ့သို့ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

မွန်ပြည်သစ်နှင့် အစိုးရတပ်ဖွဲ့ တိုက်ခိုက်မှု မှားယွင်း ပစ်ခတ်ခြင်းဟု ဆို

(ဧရာဝတီ)

အပစ်အခတ် ရပ်စဲရေး သဘောတူထားသည့် မွန်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့နှင့် အစိုးရတပ်မတော်အကြား ယခုရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲသည် တပ်မတော်ဘက်မှ မှားယွင်းပစ်ခတ်မိခြင်း ဖြစ်ကြောင်း အကြောင်းပြန်သည်ဟု မွန်ပြည်သစ်ပါတီ (NMSP) ၏ မော်လမြိုင်ဆက်ဆံရေး ရုံးတာဝန်ခံ နိုင်တလညီက ဧရာဝတီသို့ ပြောသည်။

“သက်ဆိုင်ရာက ပြောတာက ကျနော်တို့စခန်းကို ၀င်တိုက်တာ မဟုတ်ဘူး။ မွန်ထဲကပဲ နိုင်ပန်းညွန့် ဦးဆောင်တဲ့ ဟံသာဝတီ ပြန်လည် ထူထောင်ရေးအဖွဲ့နဲ့ မှားပြီး ၀င်တိုက်တယ်လို့ ပြောတယ်။ နယ်ခြားစောင့်တပ်ကိစ္စနဲ့တော့ မဆိုင်ဘူး။ သူတို့ မှားတယ်ဆိုတာ၊ ဘယ်ပုံဘယ်နည်းနဲ့ မှားတယ်ဆိုတာ ဟိုဘက်နဲ့လည်း အလှမ်းဝေးနေတော့ အတိအကျ မသိသေးဘူး” ဟု နိုင်တလညီက ပြောသည်။

NMSP တပ်ဖွဲ့အား တိုက်ခိုက် မှုတွင် အဖြစ်မှန် ဖေါ်ထုတ် ပေးရန် တောင်းဆို

(ရွှေဟင်္သာသတင်းဌာန)

မွန်ပြည်သစ် ပါတီ (NMSP) ၏မိတ်ခရိုင် အခြေစိုက် တပ်ဖွဲ့နှင့် အစိုးရ ခမရ (၅၈၁) တပ်ဖွဲ့တို့ တမြန်နေ့ ဇူလိုင် (၁၆) ရက်နေ့ ပစ်ခတ် မှုတွင် အရှေ့ တောင်တိုင်း စစ်ဌာနချုပ် အပါ အ၀င် မြန်မာ့ ငြိမ်းချမ်းရေး စင်တာတို့နှင့် ညှိနှိုင်းပြီး အဖြစ်မှန် ဖော်ထုတ် နိုင်ရန် ရှိသည်ဟု NMSP ၏ နိုင်ငံခြားရေးနှင့် မဟာမိတ် ဆက်ဆံရေး ရုံးမှ ဒုတိယ ဗိုလ်မှူးကြီး ဥာဏ်ထွန်းမှ ဆိုပါသည်။

အဖြစ်မှန်ကို ကျနော်တို့ရဲ့ ဒေသခံ တပ်မှူး ဆီက အချက်အလက်နဲ့ အရှေ့တောင်တိုင်းကို တင်ပြ ထားပါတယ်၊ အဲဒီလို ပါဘဲ မြန်မာ့ ငြိမ်းချမ်းရေး စင်တာ နဲလည်း တင်ပြ ထားတဲ့ အတွက် အဖြစ်မှန် ကိုတော့ မကြာခင် သိရမှာပါ ဟု ဆိုပါသည်။
တမြန်နေ့ ဇူလိုင် (၁၆) ရက်နေ့ ပစ်ခတ် မှုတွင်မွန်ပြည်သစ် ပါတီမှနိုင်ရှိန် (၄၀) နှစ်နှင့်နိုင်ချမ်းမွန် (၂၀) နှစ်တို့ကျဆုံး ခဲ့ ပြီး အစိုးရ ဖက်မှ တပ်ကြပ်ကြီး စိုးနောင် ကျဆုံးပြီး လေးဦး ဒဏ်ရာ ရရှိ ခဲ့သည်။ 

လက်နက် မှောင်ခိုမှုနှင့် မသက်ဆိုင်ဟု RCSS ငြင်းဆို

(ရွှေဟင်္သာသတင်းဌာန)

ထိုင်းအာဏာပိုင်များ ဖမ်းမိသော လက်နက်မှောင်ခိုမှုသည် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) နှင့် ပတ်သက်မှုရှိသည်ဟု ဇူလိုင်လ (၁၆) ရက် ထုတ်ထိုင်းရာဒ် သတင်းစာရေးသားထားချက်မှာ မဟုတ်မှန်ကြောင်း RCSS မှ ယနေ့ငြင်းဆို လိုက်ကြောင်း ပြောခွင့်ရသူ ဗိုလ်မှူး စိုင်းလောင်းဆိုင်က ဆိုပါသည်။

ကျွှန်တော်တို့အဖွဲ့နဲ့ ပတ်သက်မှုရှိတယ် ဆိုတဲ့ သဘောမျိုး ရေးသားထားတာပါ၊ တကယ်လည်း ပတ်သက်မှုမရှိပါဘူး။ သူတို့ကိုတော့ အကြောင်းကြားလိုက်ပါပြီးဟုဆိုပါသည်။