(Mizzima)
လွန်ခဲ့သည့် ၆၈ နှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် တောင်တန်း၊ ပြည်မမခွဲခြားဘဲ
လွတ်လပ်ရေး အရယူကြရန် တိုင်းရင်းသား ခေါင်းဆောင်ကြီးများ စိတ်တူ၊ ကိုယ်တူ
ပင်လုံစာချုပ်ကို လက်မှတ်ထိုးလျက် တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို
ပြသခဲ့ကြသည်။ ထိုစဉ်က စာချုပ်တွင် တိုင်းရင်းသား တန်းတူညီမျှမှုနှင့်
ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် အပြည့်အဝ အာမခံချက်များပါဝင်ခဲ့သည်။
သို့တိုင်အောင် နှစ် ၇ဝ နီးပါးကြာမြင့်သည့် ယနေ့အချိန်တွင် ဗိုလ်ချုပ်
အောင်ဆန်းနှင့်တကွ တိုင်းရင်းသား ခေါင်းဆောင်ကြီးများ၏ အန္တိမရည်မှန်းချက်
များ ပြည့်မီပါ၏လော၊ တစ်နည်းအားဖြင့် ခေါင်းဆောင်ကြီးများ၏
မျှော်လင့်ချက်နှင့် ရည်မှန်းချက် အိပ်မက်များ ပြည့်မီပါ၏လော
ပြန်လည်ဆန်းစစ်ကြည့်ရန် လိုအပ်ပါသည်။














