Thursday, November 20, 2014

သျှမ်းကျေးလက်နှစ်ဦးအား နောင်ချိုအခြေစိုက် အစိုးရတပ်မှ လည်ဖြတ်သတ်

(သျှမ်းသံတော်ဆင့်)

နိုဝင်ဘာ ဒုတိယပတ် နှင့် တတိယပတ် အတွင်းမှာ အွန်လိုင်းပေါ်ပျံ့နှံ့နေ သည့်- `မြန်မာ့ တပ်မတော် စစ်ကြောင်း တကြောင်း က သျှမ်းကျေး လက် ရွာသားနှစ်ဦး အားသတ်ဖြတ်´ သည့်ပုံသည် သျှမ်းပြည်အလယ်ပိုင်း ကျေးသီး မြို့နယ် ပန်စယ်ရွာသားများဖြစ်ကြပြီး သတ်ဖြစ်နေသည့်တပ်ဖွဲ့သည် နောင်ချို အခြေစိုက် အမှတ် ၁၁၄ ခြေမြန် တပ်ရင်းမှ သတ်ဖြတ်သည့် ဓါတ်ပုံဖြစ်သည်ဟု အချက်အလက်ရှာဖွေကောက်ယူသည့် နိုင်ငံရေး ပါတီဝင်တဦး ကပြောသည်။


၂၀၁၁ ခု နှစ် သြဂုတ်လ ၁၀ ရက် နေ့က သျှမ်းပြည်တောင်ပိုင်း ကလောမြို့ အခြေစိုက် တပ်မ ၅၅ လက် အောက်ခံ နောင်ချိုအခြေစိုက် အမှတ် ၁၁၄ (ခမရ) ခြေမြန်တပ်ရင်းမှ စစ်ကြောင်းတကြောင်းက သျှမ်းပြည် တပ်မတော် SSPP/SSA တာ့ဖာဆောင်တပ်စခန်း နှင့် ကျေးသီးမြို့နယ် ပန်စယ် ကျေးရွာ အုပ်စု အတွင်းရှိ တပ်စခန်းများအား တခြားစစ်ကြောင်းများနှင့်အတူ ထိုးစစ် ဆင်တိုက်ခိုက်ခဲ့ကြောင်း၊ ပန်စယ်ရွာအနီးရှိ စစ်ရေး လှုပ်ရှားစဉ် ပထမဦး ဆုံး ရေဆိပ်၌တွေ့သည့် (ဦး)လုံးမုန့်အား ဦးစွာပစ်သတ်ကြောင်း၊ ထိုမှတဆင့် စိုင်းထွန်းခင် အား ဖမ်းဆီး၍ သစ်ပင်တစ်ပင်နှင့် တွဲတုပ်ကာ လည်လှီး သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ရွာခံတဦးကဤကဲ့သို့ ပြောသည်။

``အဲဒီ့နေ့က ဝါခေါင် လဆန်း ၁၀ ရက်နေ့ ၁၃၇၃ ခု (ခရစ်နှစ် ၂၀၁၁ ခု နှစ် သြဂုတ်လ ၁၀ ရက် နေ့ကျ) က ပေါ့ ။ သူတို့နှစ်ဦးဖမ်းဆီးသတ်ဖြတ်ခံရတာ။ သျှမ်းတပ်စခန်းကိုသွားသိမ်းပြီး ပြန်လာတဲ့ တပ်မတော်သားတဦးက ရွာထဲရောက် လာတော့ - ခင်ဗျားတို့ရွာသားဟုတ်မဟုတ်သွားစစ်ကြည့်၊ သူကဒီရွာသားလို့ ပြော တယ်။ ဒါပေမယ့် ရွာကျောင်းထိုင်ဘုန်းကြီး နာမည်မေးကြည့်တော့ သူကမသိဘူး။ အဲတာ သျှမ်းသူပုန်ဘဲ ဆိုပြီး စစ်ကြောင်းမှူးက သတ်မိန့်ပေးလို့ သတ်လိုက်ပြီ - တဲ့။ တယောက်တော့ ရေဆိပ်မှာ ရပ်ခိုင်းတာမရပ်လို့ ပစ်သတ်လိုက် တယ်လို့ ပြော သွား တယ်´´- ဟု အဆိုပါ အမည်မဖေါ်လိုသည့် ဒေသခံ အကြီးအကဲ ကပြောသည်။


ရွာအတွင်းစစ်ကြောင်း ထွက်သွားပြီးနောက်ပိုင်း ရွာသားများနှင့် ဆရာတော် များက သွားရောက်ရှာဖွေက ၄င်းတို့နှစ်ဦးအလောင်းအား ဘာသာရေးအရ သင်္ဂြိုလ်ပေးလိုက်သည်ဟု ဆိုသည်။


``ဒီဓါတ်ပုံက ကျနော်တို့ တိုက်ပွဲမှာ ကွန်ပျူတာ သိမ်းဆည်းရမိလို့ ဖွင့်ကြည့်ေ တာ့ ဒီပုံတွေရလာတာ။ သတ်ဖြတ်စဉ်တုန်းက သူတို့ဟာ သူတို့ ရိုက်ထား တဲ့ပုံ၊ ဖြစ်စဉ်ကတော့ ဒီလို ပန်စယ်နားက ကျနော်တို့ တပ်စခန်းကိုအစိုးရတပ်က လာတိုက်တယ် ။ အဲဒီမှာ အစိုးရတပ်ကို ပေါ်တာရှောင်ရင်းနဲ့ စိုင်းထွန်းခင် က ကျနော်တို့ဆီရောက် လာတယ် ။ ကျနော်တို့ တိုက်ပွဲနဲ့ တပ်ဆုတ်နေရ တဲ့ အချိန် သူ့အတွက် အန္တရာယ် ဖြစ်မှာစိုးလို့ ရှောင်တိမ်းပြီးရွာပြန်နေဖို့ သူ့ကိုပြောတယ်။ သူက စစ်သားမဟုတ်တော့၊ ကျနော်တို့နဲ့ အတူ ခေါ် သွားတော့လဲ မသင့်လျော်ဘူးလေ။ နောက်ပြီးတိုက်ပွဲကလဲ ဖြစ်နေတော့ အဲဒီ့နောက်ပိုင်းကျနော်တို့လဲ မသိလိုက်တော့ဘူး။ ရက်လည်ဆွမ်းအလှူ လုပ်ပေးတဲ့အချိန်ကျမှဘဲ သူအသတ်ခံရမှန်းသိရလို့ စိတ်မကောင်းဖြစ်နေတာ´´- ဟု ဗိုလ်မှူးစိုင်းတစ် ကပြောသည်။


အောက်တိုဘာ ၃ ရက်နေ့ကမူ မိုင်းရယ် အခြေစိုက် ဗျူဟာမှူး ဦးစီး စစ်ကား ၅ စီးက လွယ်ကျူစိတွင် သျှမ်း ပြည်တပ်မတော်၏ ခြုံခိုတိုက်ခိုက်ခြင်း ခံရကြောင်း၊ အဆိုပါစစ်ကြောင်းက စိတ်ဆိုးကာ လမ်း၌ကြုံမိသည့် နမ့်ပေါင်အုပ်စုဝင် ရွာသူ ကြီး စိုင်းမွန်း `၀´ လူမျိုး၊ တန့်ယန်းမြို့နယ် မိုင်းပတ် အုပ်စု ၀မ့်လွယ် ကျေးရွာ သား စိုင်းရွှေ တို့နှစ်အား ပစ်သတ်၍ ၄င်းတို့ နှစ်ဦး၏ ဆိုင်ကယ်နှစ်စီးလုံးလည်း မီးရှို့လိုက်သည်။ အဆိုပါ ရွာသားနှစ်ဦးသည် ဒေသအတွင်း နွားအဝယ် လိုက် သည့် သူများဖြစ်သည်ဟု နမ့်ပေါင် ရွာသားများကပြောသည်။


သျှမ်းပြည်တပ်မတော် တပ်စခန်းများအား၂၀၁၁ ခု နှစ်က တကြိမ်၊ ၂၀၁၄ ခု အောက်တိုဘာလက တကြိမ် အင်အားအလုံးအရင်းဖြင့် အစိုးရတပ်မတော် စစ်ကြောင်းများက တိုက်ခိုက်ခဲ့သည်။ ပန်စယ်ကျေးရွာအုပ်စု တာ့ဖါဆောင် တပ်စခန်းအား ယခု ဒုတိယအကြိမ်တိုက်ပွဲမှ အစိုးရ တပ်မတော်မှ သိမ်းပိုက်နိုင်ခဲ့သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။