Thursday, November 20, 2014

နိုင်ငံရေး ဆွေးနွေးပွဲ အပြီး လက်နက် ဖြုတ်သိမ်းမည့် ကိစ္စအား UNFC ဒုဥက္ကဌ ငြင်းဆို

နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲ အပြီးတွင် လက်နက်များ ဖြုတ်သိမ်း သွားမည်ဟု သမ္မတ ဦးသိန်းစိန်၏ တဆင့် စကားကို ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းမှ နိုင်ဟံသာ ဦးဆောင်သည့် UNFC ခေါ် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီတို့ တွေ့ဆုံ ပွှဲ၌ ပြောဆို ခဲ့သည်ဟု သတင်း ဖေါ်ပြ ချက်သည် မှားယွင်းမှု ဖြစ်ကြောင်း UNFC ဒုတိယ ဥက္ကဌ နိုင်ဟံသာက အောက်တိုဘာလ (၁၈) ရက်နေ့၌ ရွှေဟင်္သာ သတင်း ဌာနသို့ ပြောကြား ခဲ့သည်။

“သတင်းမီဒီယာ တွေက အဓိပ္ပါယ်ကောက် လွှဲမှား ရေးလိုက်တယ် လို့ပဲ ကျွန်တော် မြင်တယ်။ ဦးအောင်မင်း တို့နဲ့ တွေ့တုန်းက နိုင်ငံရေး အရ ဆွေးနွေး ပြီးတဲ့ နောက်ပိုင်းမှာ လက်နက် စွန့်ရမယ်လို့ သမ္မတလဲ မပြော ပါဘူး။ ဦးအောင်မင်းလဲ မပြောပါဘူး”ဟု နိုင်ငံသာက ရွှေဟင်္သာ သတင်းဌာနအား ပြောကြား ခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာ (၉) ရက်နေ့တွင် ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း အပါအ၀င် အစိုးရ ၀န်ကြီး (၄) ဦးနှင့် နိုင်ဟံသာ ဦးဆောင်သည့် UNFC ခေါ် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီတို့ နေပြည်တော်တွင် အလွတ် သဘော တွေ့ဆုံ ဆွေးနွေး ခဲ့ပြီးနောက် နိုင်ငံရေး ဆွေးနွေးပဲ ပြီးနောက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များအား လက်နက် ဖြုတ်သိမ်းရန် သမ္မတမှ ပြောကြား ထားသည်ဟု သတင်းများ ထွက်ပေါ် ခဲ့ခြင်း ဖြစ်သည်။

ထိုသတင်း စကား၏ ဆိုလို ရင်းမှာ ပြီးခဲ့သည့် စက်တင်ဘာလ၌ ဆွေးနွေး ခဲ့ကြစဉ် တစ်ဆို့နေသည့် တပ်ပိုင်းဆိုင်ရာ ကိစ္စရပ် တစ်ခု ဖြစ်သည့် လက်နက်ကိုင် တပ်များ လုံခြုံရေး ဆိုင်ရာ ပြန်လည် ပေါင်းစည်းခြင်း အချက်အား တပ်မတော်ဘက်မှ လမ်းပြ မြေပုံ အဆင့် (၄) ၌ ထားရှိ မည်နှင့် တိုင်းရင်းသား များဘက်မှ လမ်းပြ မြေပုံ၏ အဆင့် (၇) ၌ ထားရှိမည် ဆိုသည့် အကြား ဆွေးနွေး ခြင်းသာ ဖြစ်ကြောင်း ၎င်းမှ ဆက်ရှင်း ပြသည်။

“လုံခြုံရေး ဆိုင်ရာ ပြန်လည် ပေါင်းစည်းခြင်း ဆိုတဲ့ အချက်ကို တပ်မတော် ဘက်က အဆိုပြု လာတာ ကတော့ Road Map ရဲ့ အဆင့် (၄) နေရာမှာ ထားရှိဖို့ ကိစ္စကို ကျွန်တော်တို့ လက်မခံဘူး။ ဒီလို အမြင် ကွဲလွဲ နေတဲ့ အပေါ်မှာ အခု အပါတ် မှာကတော့ ဦးအောင်မင်း အနေ နဲ့လည်း သမ္မတနဲ့ ညှိနှိုင်း ပြီးတော့ အဆင့် (၇) မှာဘဲ အရင် အတိုင်း ထားရှိဖို့ သူတို့ ကြိုးပမ်း စီစဉ် သွားမယ်။ အဲဒီလို ပြောလာတယ်” ဟု နိုင်ဟံသာက ဆက်ရှင်း ပြသည်။

ထိုအလွတ် သဘော သွားရောက် တွေ့ဆုံ ခဲ့သည့် ခရီးစဉ် သည်လည်း အာဆီယံ ထိပ်သီး အစည်းအဝေး မကျင်းပမီ “ချိန်ကိုက်” ဖြစ်နေ၍ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုး နိုင်ရန် အပေါ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ အချိန်ဆွဲ နေသူ များဟု လွဲမှားစွာ ထင်မြင် ယူဆ နေခြင်း ကိုလည်း ရှင်းလင်း နိုင်ခဲ့ကြောင်း နိုဝင်ဘာလ (၁၅) ရက်နေ့ UNFC ကြေငြာချက်၍ ဖော်ပြ ရေးသား ထားပါသည်။

ထို့ပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် မြန်မာ အစိုးရ တို့အကြား နိုင်ငံရေး ဆွေးနွေးပွဲ ပြီးမြောက် သွားပါကလည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ လက်နက်ကိုင် အင်အားစု များကို လက်နက်ဖြုတ်သိမ်းရန် မဟုတ်ပဲ အနာဂတ် မြန်မာ နိုင်ငံတွင် ပြည်ထောင်စု တပ်မတော် ဖြစ်အောင် ကြိုးပမ်း သွားမည် ဖြစ်ကာ ပြည်နယ် အလိုက် လုံခြုံရေး ဆိုင်ရာ ကိစ္စရပ်များအား တာဝန်ယူသည့် တပ်ဖွဲ့များ အသွင်သာ ပြောင်းလဲရန် ရှိကြောင်း ဆိုပါသည်။

တပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုး နိုင်ရန်နှင့် နှစ်ဖက် လက်နက်ကိုင် တပ်ဖွဲ့ များအကြား ဖြစ်ပွား နေသည့် စစ်ရေး ပဋိပက္ခ များကို ဖြေရှင်းရန် အတွက် ပြီးခဲ့သည့် စက်တင်ဘာ လတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မီတီနှင့် တပြည်လုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်း ဆောင်ရွက်ရေး အဖွဲ့ (NCCT) တို့ အကြား တွေ့ဆုံ ဆွေးနွေး ခဲ့ရာ၌ တပ်ပိုင်း ဆိုင်ရာ ကိစ္စရပ် များနှင့် ပက်သက်၍ တိကျသော အဖြေ မရရှိ ခဲ့ပေ။

ယခု နိုဝင်ဘာ လအတွင်း UPWC နှင့် NCCT တို့အကြား တပြည်လုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်း နိုင်ရေး တွေ့ဆုံ ဆွေးနွေး နိုင်ရန် UPWC ဘက်မှ အဆိုပြု ထားသော်လည်း ယခု နိုဝင်ဘာလကုန် သို့မဟုတ် ဒီဇင်ဘာ လဆန်းမှသာ တွေ့ဆုံနိုင်ရန် မျှော်လင့် ထားကြောင်းနှင့် တွေ့ဆုံမည့် ရက်အတိအကျ မသတ်မှတ် ရသေးကြောင်း ဆိုပါသည်။

နိုဝင်ဘာ (၉) ရက်နေ့ တွေ့ဆုံမှုသည် အလွတ်သဘော တွေ့ဆုံမှု ဖြစ်သော်လည်း မကျေ လည်သည့် ပြဿနာ ရပ်များကို ဆွေးနွေး ဖြေရှင်း နိုင်ခဲ့သည့် အတွက် လာမည့် UNFC နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မီတီတို့ နှစ်ဖွဲ့ တွေ့ဆုံမှု အတွက် အထောက်အကူ ပြုမည်ဟု မျှော်လင့်ကြောင်း နိုင်ဟံသာက ဆိုပါသည်။

 သတင်းရင်းမြစ် - ရွှေဟင်္သာသတင်းဌာန

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။