Tuesday, July 21, 2015

တန့်ယန်းမြို့အား သိမ်းပိုက် ခဲ့သူ သျှမ်းတပ် စစ်ဦးစီးချုပ်ဟောင်း ‘ဗိုလ်ဝ’ ကွယ်လွန်

(သျှမ်းသံတော်ဆင့်)

သျှမ်းအမျိုးသား ညီညွတ်ရေး တပ်ဦး SNUF စစ်ဦးချုပ်ဟောင်း ဗိုလ်ဝ အမည်ရ အိုက်ငင်း အသက် ၉၀ နှစ်သည် သက်ကြီး ရောဂါဖြင့် ချင်းမိုင်မြို့ နခွန်းဖင်း ဆေးရုံ၌  ကွယ်လွန် သွားခဲ့ သည်။

ဗိုလ်ဝ အမည်ရ အိုက်ငင်း အသက် ၉၀ သည် ဂျူလိုင်လ ၁၈ ညတွင် ကွယ်လွန်ပြီး တော် လှန် ရေးသမားဟောင်း စဝ်ဂဏ်းဂျစ် ဦးဆောင်မှုဖြင့် ၎င်းအား ဂျူလိုင် ၂၀ ရက်မွန်းလွဲပိုင်း က ချင်းမိုင်မြို့ ဝပ်ပါပေါက်ကျောင်းတိုက် မှ  ဆီဖုမ်းအုပ်စု ဆန်တီးထမ်း သုသာန်သို့ ပို့ဆောင်ကာ မီးသင်္ဂြိုလ်သည်။

“ဗိုလ်ဝ မှာ ကျန်ရစ်သူ သားသမီး ဆွေမျိုး မရှိသည့်အတွက် မီးသင်္ဂြိုလ်ပွဲနှင့် ကိုယ်စားပြု အလှူ ဆွမ်းသွတ် တရားနာပွဲ တပြိုင်နက် ကျင်းပ ရခြင်းဖြစ်သည်’ ဟု ဘုရားဒါယိကာ၊ ပန်းဒကာ ဆရာ စလေးအော်တော် က ပြောသည်။

မီးသင်္ဂြိုလ်ပွဲဖြစ်မြောက်ရေးအတွက် ဦးဆောင်ဦးရွက်ပြုသည့် စဝ်ဂဏ်းဂျစ် ကလည်း - ‘‘ဗိုလ်ဝ ဟာ ဖခင် လွယ်လ(ဝ မျိုးနွယ်စု) ၊ အမိက သျှမ်းလူမျိုးဖြစ်တယ်။ သူဟာရိုးသား တယ်၊ သတ္တိရှိတယ်၊ သစ္စာရှိတယ်၊ ကိုယ်ကျင့် တရား ကောင်းတယ်။ သျှမ်းပြည်ညီညွတ်ရေး အရမ်းဖြစ်စေချင်တယ်။ အဖွဲ့တွေ အစိတ်စိတ်အမွှာမွှာကွဲ သွားလို့ စစ်ဦးစီးချုပ်ရာထူးကို စွန့်ပြီး ထိုင်းနယ်စပ်မှာ ကွယ်လွန်ချိန်အထိ ဗေဒင်ဘဲ ဟောစားတယ်။ စဝ်ဂွဏ်းဇိဏ်း က စစ်မှုလာထမ်းပါလို့ ဖိတ်ခေါ်လဲ သျှမ်းတွေ မညီညွတ်သရွေ့ ကျနော် ဘယ်အဖွဲ့ထဲကိုမှ မဝင်နိုင်ဘူး လို့ပြောရဲတဲ့သူပါ” - ဟု သျှမ်းပြည်တပ်မတော် RCSS/SSA နာယက စဝ်ဂဏ်းဂျစ် ကပြောသည်။

ဗိုလ်ဝ သည် သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် လွယ်မော်ဒေသ ဇာတိ  ဖြစ်သည်။ 1959 က ဗိုလ်မောင် ဦးဆောင်သည့်တပ်ဖွဲ့တွင်ပါဝင်ပြီး တန့်ယန်းမြို့နှင့် လွယ်ပန်ဖရား အား တိုက်ခိုက် သိမ်းပိုက်စဉ်မှစ၍ နာမည်ကြီး တပ်မှူး ဗိုလ်ဝ ဖြစ်လာသည်။

 ၎င်း၏ အသုဘ အခမ်းအနားတွင် စဝ်ဂဏ်းဂျစ်နှင့် တော်လှန်ရေးသမား ဟောင်းကြီးများ၊ သျှမ်းပြည် တပ်မတော် RCSS/SSA ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်၏ ဇနီး နန်းလိန် ၊ ဗိုလ်မှူး စိုင်းဆေ (စဝ်ဂွဏ်းဇိဏ်း ၏ သား) ၊ ချင်းမိုင် သျှမ်းစာပေယဉ်ကျေးမှု ဥက္ကဌ စိုင်းဆိုင်ယ အပါအဝင် လူထု ၁၀၀ ကျော် တက်ရောက်ခဲ့သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။