Wednesday, November 23, 2016

ကချင်နှင့် သျှမ်းပြည်ရှိ စစ်ပွဲများ ခြွင်းချက်မရှိရပ်စဲ၍ ငြိမ်းချမ်းရေးဆွေးနွေးရန် သျှမ်းလူငယ် မောင်မယ်အဖွဲ့ (ရန်ကုန်)မှ တောင်းဆို

(သျှမ်းသံတော်ဆင့်)

ကချင်ပြည်နယ်နှင့် သျှမ်းပြည် နယ်မြောက် ပိုင်းတွင် ဖြစ်ပွားနေသည့် စစ်ပွဲများ ခြွင်းချက်မရှိ အမြန်ဆုံးရပ်စဲရန် အတွက် အစိုးရ တပ်မတော်ေ ခါင်းဆောင်များနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင် များ ဆွေးနွေး အဖြေရှာကြရန် သျှမ်းလူငယ်အဖွဲ့ ရန်ကုန်မှ နိုဝင်ဘာလ ၂၂ ရက်နေ့ ရက်စွဲဖြင့် ကြေငြာချက်ထုတ်ပြန်တောင်းဆိုလိုက်သည် ။

လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ပြည်သူများ၏ စည်းစိမ်ထိခိုက်နေ ရုံမျှမက သေကြေ ပျက်စီးမှုများပါ ပေါ်ပေါက်နေသည်ဟု သျှမ်းလူငယ် အဖွဲ့ ၏ ကြေငြာချက်တွင် ဖော်ပြထားသည် ။


‘ အခုဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ပြည်သူတွေက နေရပ်စွန့်ခွာထွက်ပြေးနေ ရတယ်။ ပြည်သူတွေလည်း ထိခိုက်သေကြေမှုတွေရှိတယ်။ လက်နက် ကိုင်တွေ လည်း ထိမှာပဲ။ အခုသျှမ်းမြောက်မှာဖြစ်တဲ့ ဖြစ်စဉ် မှာဆို ရင် နှစ် ဘက် စစ်ကြေငြာမှုတွေက ပြင်းထန်လာတယ်။ ဆက်ဖြစ်နေရင် ပြည်သူတွေ ရဲ့ အနာဂတ်က ပိုဆိုးသွားနိုင်တယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ ကြေငြာ ချက်ထုတ်ပြန်ရတာပါ။ ‘ ဟု ရန်ကုန် သျှမ်းလူငယ် ကွန်ယက်မှ စိုင်းအောင်မြင့်ဦးက ပြောသည် ။


နိုဝင်ဘာလ ၂၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် ကြေငြာချက်တွင် လက်ရှိ စစ်ပွဲများကြောင့် ၂၁ ပင်လုံနှင့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံ တည်ဆောက် မှုကို ထိခိုက်စေသည်ဟု ဆိုပြီး ငြိမ်းချမ်းရေး ကို နှောင့်နှေးစေ သည်ဟု ဖော်ပြ ထားသည် ။


တရုတ်မြန်မာနယ်စပ် မူဆယ်ခရိုင်အတွင်း လတ်တလောဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် အနည်းဆုံး ဒေသခံ တစ်သောင်းခန့် နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး သေဆုံးသူဦးရေမှာလည်း နေ့စဉ်မြင့်တက်လျှက်ရှိသည် ။


နိုဝင်ဘာလ ၂၂ ရက်နေ့အထိ တရုတ်ဘက်ခြမ်းတွင် စစ်ဘေးခိုလှုံသူ ၁၀၀၀၀ ထက်မနဲရှိနေပြီး မူစယ် လားရှိုး ကားလမ်းပေါ်တွင်လည်း တိုက်ခိုက်မှု များ ပေါ်ပေါက် နေသည် ။


တိုင်းရင်းသား မဟာမိတ်အဖွဲ့ ၄ ဖွဲ့ဖြစ်သည့် တအာင်းပလောင် TNLA၊ ရခိုင် AA ၊ ကချင် KIA နှင့် ကိုးကန့် MNDAA တို့ ပူးပေါင်းပြုလုပ်သည့် တန်ပြန်စစ် ဆင်ရေးမှာ ငြိမ်းချမ်းရေး ဆွေးနွေးနေစဉ် ကာလအတွင်း တပ်မတော်မှ တိုင်းရင်းသားဒေသများသို့ ထိုးစစ်ဆင်နေသောကြောင့် ဖြစ်သည် ဟု မဟာမိတ်အဖွဲ့မှ ထုတ်ပြန်သည် ။


အဆိုပါ လေးဖွဲ့အနက် တအာင်းပလောင် ၊ ရခိုင်နှင့် ကိုးကန့် အဖွဲ့များ မှာ ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် တန်းတူပါဝင်ခွင့်အတွက် ကန့်သတ်ခံ ထားရသည့်အဖွဲ့များဖြစ်သည် ။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။