Saturday, November 26, 2016

သျှမ်း၊မြောက် တိုက်ပွဲတွင် UWSA ၊ SSPP/SSA နှင့် RCSS/SSA တို့ပါဝင်တိုက်ခိုက်မည်ကို ဦးခွန်ထွန်းဦး စိုးရိမ်

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည်မြောက်ပိုင်း တွင် ဖြစ်ပွားနေသည့် တပ်မတော်နှင့်မြောက် ပိုင်း တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ် အဖွဲ့တို့၏ တိုက်ပွဲများတွင် အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဖြစ်သည့် ၀ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် UWSA   ၊ သျှမ်းပြည် တိုးတက်ရေးပါတီ /သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် RCSS/SSA အစရှိ သျှမ်းလက်နက်ကိုင်အဖွဲ့များ ပါဝင်တိုက်ခိုက်ကြမည်ကိုအလွန်စိုးရိမ်မိကြောင်း ဦးခွန်ထွန်းဦးက ပြောသည် ။


‘ ကျနော့်အနေနဲ့ အဲလို သျှမ်းလက်နက်ကိုင်တွေ ၊ ၀ တွေလိုအဖွဲ့တွေကပါ ဆက်စပ်တိုက်ပွဲတွေမှာ ပါလာမှာကို အလွန်စိုးရိမ်တယ်။ SSPP က ၀ ရဲ့မဟာမိတ်ဖြစ်သလို RCSS/SSA ကတော့  ၀ နဲ့ တိုက်ဖူးတယ်။ ပလောင်နဲ့ လည်းတိုက်ဖူးတယ်လေ။ အဲလိုဖြစ်ရင် ပိုဆိုးကုန်မယ်။ ‘ ဟု နိုဝင်ဘာလ ၂၅ ရက်နေ့တွင် သျှမ်းသံတော်ဆင့် အား ပြောသည် ။

တိုက်ပွဲဖြစ်ပွားနေသည့် ဒေသမှာ မူဆယ်ခရိုင်အတွင်း ၊ ကွတ်ခိုင်ဒေသတို့တွင် အဓိက ဖြစ်ပွားနေသော်လည်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း  တအာင်းပလောင် TNLA အဖွဲ့နှင့် SSA တို့အကြား နမ္မတူမြို့နယ်တို့တွင် ထိတွေ့တိုက်ခိုက်မှု အချို့ဖြစ်ခဲ့သည်ဟု အစိုးရကသတင်းထုတ်ပြန်ထားသည်။
RCSS/SSA မှာ သျှမ်းပြည်နယ်တောင်ပိုင်း မိုင်းပန်မြို့နယ်တွင်ဌာနချုပ်တည်ရှိပြီး UWSA ၀ တောင်ပိုင်းတပ်များမှာလည်းတာချီလိတ်အောက်ပိုင်းမှစ၍ မိုင်းပန် ၊ ဟိုမိန်းဒေသအနီးအထိ  ထိုင်းမြန်မာနယ်စပ် တစ်လျှောက်တွင် ရှိနေသည် ။


“ တောင်ပိုင်း ပုံပါကျင် ဘက်မှာက ၀ တပ်က တစ်နေရာဆိုရင် စစ်တပ်ကလည်း တစ်နေရာ။ Sequence အလိုက် စီပြီး ဖြစ်နေတဲ့ နေရာတွေအများကြီး။ နောက်ပြီး ၀ ကိုတိုက်မယ်ဆိုရင် သျှမ်းအလယ်ပိုင်းက သံလွင်မြစ် အနောက်ဘက်က တောင်ကြောတွေကိုလည်း စစ်တပ်က လိုချင်တယ်။ ဒါဆို SSPP/SSA နဲ့လည်း တိုက်ရ လိမ့်မယ်။ ဆက်စပ်ကြည့်ရင် ဖြစ်နေတဲ့ စစ်မီးက ဆက်ပွားသွားရင်မလွယ်ဘူး။ စိုးရိမ်ဖို့ကောင်းတယ်။” ဟု သျှမ်းခေါင်းဆောင် ခွန်ထွန်းဦးက ပြောသည် ။


လတ်တလော တိုက်ပွဲများနှင့် ပတ်သက်ပြီး ကေအိုင်အေ ကချင်လွတ်မြောက်ရေးအဖွဲ့မှ ကန့်သတ်စစ်ပွဲသာ ဖြစ်သည်ဟု ထုတ်ပြန်ထားပြီး ယင်းသို့ တိုက်ခိုက်ရခြင်းမှာ ငြိမ်းချမ်းရေးဆွေးနွေးနေချိန်တွင်တပ်မတော်မှ ထိုးစစ် တောက်လျှောက်ဆင်ကာ ပြည်သူများနေထိုင်သည့်ရွာများအတွင်း ပစ်ခတ်မှုများ ရှိခဲ့သောကြောင့် တန်ပြန်တိုက်ခိုက်မှု စတင်ရခြင်းဖြစ်သည်ဟု မြောက်ပိုင်းမဟာမိတ်အဖွဲ့က ကြေငြာထားသည် ။


ဝ တပ်ဖွဲ့ကလည်း တိုက်ခိုက်နေမှုများအား ရပ်ဆိုင်းပြီးဆွေးနွေးအဖြေရှာကြရန် တိုက်တွန်းထားပြီး လိုအပ်ပါက ၄င်းတို့အနေဖြင့်ကြားဝင်ကူညီပေးမည်ဟု နိုဝင်ဘာလ ၂၄ ရက်နေ့ ရက်စွဲဖြင့်ကြေငြာချက်ထုတ်ပြန် ထားသည်။လက်ရှိအခြေနေအရ အစိုးရအနေဖြင့် ဆွေးနွေးပွဲများ ပေါ်ပေါက်လာရေးကိုသာဦးတည်သင့်သည် ဟုလည်း ခွန်ထွန်းဦးက သုံးသပ်ပြီး နိုင်ငံရေးပြသနာအားနိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းရန်နှင့် အပစ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အတိုက်အခံ ဘဝကတည်းက  ကတိပေးထားခဲ့သည့်အတိုင်း အစိုးရအနေဖြင့် ဆောင်ရွက်ရန် ဦးခွန်ထွန်းဦးက တိုက်တွန်းပြောဆိုသည် ။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။