Thursday, January 9, 2014

သမိုင်းဝင် ပင်လုံ၌ မှတ်ပုံတင် မရှိသူ ၄၀ ကျော် ရှိသည့်ရွာ ရှိနေသေး



သျှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့နယ်ခွဲအတွင်းတွင်  နိုင်ငံသား စိစစ်ရေးကဒ် မရှိသူ ၄၀ ကျော်ရှိရွာလည်း ရှိနေသေး ကြောင်း  မှတ်ပုံတင် ရရှိရေး ကူညီ ဆောင်ရွက်ပေးသည့် ပင်လုံ သျှမ်းလူငယ်များ  ကပြောပါသည်။


ပင်လုံမြို့အနောက်ဘက်ရှိ ဝမ့်ပန်အုတ်ကျေးရွာမှ ရွာသူရွာသား ၄၀ ကျော်က နိုင်ငံ သားစိ စစ်ရေးကဒ် မရှိသေး ကြောင်း၊ ပထမ အသုတ်တွင် ၁၅ ဦး၊ ဒုတိယ အသုတ်တွင် ၂၇ ဦး  နိုင်ငံသားစုစစ်ရေးကဒ် ပြုလုပ်ပေးရေး အတွက် လူဝင်မှု ကြီးကြပ် ရေး လဝက တာဝန်ရှိများအား ပင်လုံသျှမ်းလူငယ်များက ကူညီဆက်သွယ်  ဆောင် ရွက်ပေးကြောင်း လူငယ်ခေါင်းဆောင် စိုင်းဆု ကပြောသည်။



" ဒီဇင်ဘာ လလယ်ပိုင်းက ၁၅ ဦးလုပ်ပေးခဲ့တယ်။ ပထမတသုတ်ပေါ့။ ဒုတိယတသုတ်က ဂျန္နဝါရီ ၆ ရက် က ရပ်ကွက် ၂ ဆရာစဝ်ဆိုင်မိဏ်းတို့အိမ်မှာလုပ်ပေးတယ်။ ၂၇ ဦးပေါ့ " ဟု စိုင်းဆုက ဆိုသည်။


" ကျနော်တို့ရွာကို အခုလိုမှတ်ပုံ တင်လုပ်ပေးတာ ကောင်းတယ်။ မှတ်ပုံ တင်ရှိတယ်ဆိုတော့ လူစာရင်းထဲဝင် တာပေါ့။ ကျနော်တို့  ဒီမှတ်ပုံတင်တွေ လုပ်ပေးဖို့ အထက်အာဏာပိုင်တွေ၊ ကျေးရွာအုပ်ချုပ်ရေးမှူးကို တောင်းဆိုတာ ၃ ခေါက်ရှိပြီ မလုပ်ပေးဘူး"  ဟု ရွာအုပ်ချုပ်ရေးမှူး လုံးသြစိန္န ကပြောသည်။


ယင်းမှတ်ပုံတင်အား အသက် ၁၀ နှစ်ပြည့်သူတိုင်း လုပ်ပေးနေကြောင်း၊ သျှမ်းစာပေယဉ်ကျေးမှုမှ ထောက်ခံစာ ရှိပါကလည်း လဝက ကလက်ခံလုပ်ပေးကြောင်း စိုင်းဆုက သျှမ်းသံတော်သို့ပြောသည်။


ပင်လုံမြို့ အနောက်ဘက် ၀မ့်ပန်အုတ် ကျေးရွာအပြင် စဟောင်းကျေးရွာ ဆိုသည့်ရွာတွင်လည်း နိုင်ငံသားစိစစ် ရေးကဒ် မရှိသေးသူ အများအပြားရှိကြောင်း၊ ၄င်းတို့အတွက် လုပ်ဆောင်ပေးရန်လည်း စီစဉ်နေကြောင်း၊ ၀မ့်ဖဆို ရွာတွင်မူ လူဦးရေ ၁၀၀ ခန့်အတွက် ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း လ.ဝ.က လက်ထောက်မြို့နယ်မှူး ဦးဇင်ရဲထက်ကပြောသည်။


"ကျေးရွာလူထုအတွက် မှတ်ပုံတင်လုပ်ပေးတာ  အခက်ခဲတော့နဲနဲရှိတယ်။ ဘာလို့လဲဆိုတော့ ဘာသာစကား ချင်းမတူတော့ ပြောရတာလဲခက်တယ်။ စာရင်းစစ်တဲ့အခါမှာ အတိအကျပြန်စစ်ဆေးရတယ်" ဟု ဦးဇင်ရဲထက် က ပြောသည်။


၂၀၁၄ မတ်ခ်ျ ၂၉ ရက်နေ့ည သန်းခေါင်မှ ဧပြီ ၁၀ ရက်နေ့ ည သန်းခေါင်အထိ ကမ္ဘာ့လူဦးရေစာရင်းအတွက် ပြည်ထောင်စု မြန်မာနိုင်ငံတဝှမ်းလုံး၌ လူဦးရေစစ်တမ်းကောက်ယူမည်ဖြစ်သည်။ ထို့အတွက် အိမ်ထောင်စု စာရင်း မရှိသေးသူများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသူများအတွက် စာရင်းကျကျန် ခြင်း မရှိရန် ဒေသတွင်း တာဝန်သိသူများ၊ တာဝန်ရှိ သူများက အားကြိုးမာန်တက် လက်တွဲလုပ်ဆောင်ပေးနေပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။