Friday, January 31, 2014

နယ်မြေအတွင်း ဘိန်းခင်း ဖျက်စီးခံရသူများကို ကူညီပေးရန် အစီအစဉ် မရှိသေးကြောင်း TNLA တုံ့ပြန်

(Mizzima)

တအောင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၏ မူးယစ်ဆေးဝါး နှိမ်နင်းရေး စီမံချက်ကြောင့် ဘိန်းခင်းများ ဖျက်စီးခံခဲ့ရသော သူများက ကျေနပ်မှု မရှိသည့်အတွက် ဖြေရှင်းပေးပါရန် လာရောက် တောင်းဆိုမှုများ ရှိနေသော်လည်း ဘတ်ဂျက်နှင့် ရပ်တည်ချက်များအရ ဖြေရှင်းပေးနိုင်ခြင်း မရှိသေးဟု TNLA အထွေထွေ အတွင်းရေးမှူး ဒုဗိုလ်မှူးကြီး တာဘုန်းကျော်က ဇန်နဝါရီ ၃၀ တွင် မဇ္ဈိမကို ပြောသည်။

၎င်းက “ ကျွန်တော်တို့ ရပ်တည်ချက်က မူးယစ်ဆေးပါး နှိမ်နှင်းဖို့က အဓိကပါပဲ။ အစားထိုးသီးနှံ လုပ်ပေးဖို့ ဘတ်ဂျက်မရှိဘူး။ ဒါကြောင့် မကူညီနိုင်သေးပါဘူး" ဟု ဆိုသည်။

 
TNLA သည် ၎င်းတို့နယ်မြေအတွင်း မူးယစ်ဆေးဝါးများ နှိမ်နင်းခြင်းကို ငါးနှစ်တာ စီမံကိန်းချမှတ်၍ ၂ဝ၁၃ ခုနှစ်မှ စတင်ဆောင်ရွက်နေပြီး မန်တုံ၊ ကျောက်မဲ၊ မိုးမိတ်၊ မိုးကုတ် မြို့နယ်များမှ ဘိန်းစိုက်ဧကပေါင်း ၃၀၀၀ ကျော်ကို ပြီးခဲ့သည့် တစ်နှစ်အတွင်း  ဖျက်စီးခဲ့သည်ဟု ၎င်းတို့၏ စာရင်းများတွင် ဖော်ပြထားသည်။

ဒုဗိုလ်မှူးကြီး တာဘုန်းကျော်က "ဘိန်းခင်းဖျက်ခံရလို့ နစ်နာဆုံးရူံးတယ် မကျေနပ်ဘူး ဖြစ်တယ်ဘဲ ပြောပြော ကျွန်တော်တို့ ဘိန်းမစိုက်ဖို့ သတိပေးနေတာ နှစ်နဲ့ချီနေပြီ။ ကျန်နေသေးတဲ့ ဧက ၁၀၀၀ လောက်ကိုလည်း
၂ဝ၁၄ မှာ အပြီးဖျက်မှာပါဘဲ” ဟု ဆိုသည်။


မူးယစ်ဆေးဝါးနှိမ်နင်းခြင်း စီမံကိန်းတွင် ပါဝင်၍  ဒေသခံများကို ကူညီပေးပါရန် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး  (UNODC) ကို ၂ဝ၁၃ ခုနှစ်က ကမ်းလှမ်းခဲ့သော်လည်း တုန့်ပြန်မှု မရှိခဲ့သည့်အပြင် အခြားနိုင်ငံတကာ အဖွဲ့အစည်းများကလည်း ကူညီခြင်းမရှိဟု TNLA မှ တုန့်ပြန်ပြောဆိုသည်။

TNLA ထိန်းချူပ်ရာ နယ်မြေများရှိ ဘိန်းစိုက်ဧကပေါင်း သုံးပုံနှစ်ပုံကို ပြီးခဲ့သည့်နှစ်က ဖျက်စီးနိုင်ခဲ့သော်လည်း နမ့်ဆမ်၊မိုးမောက်၊ မိုးမိတ်နှင့် မန်တုံမြို့နယ်များတွင် ဧက ၁ဝဝဝ နီးပါး ကျန်ရှိနေသေးသည်။ သို့ရာတွင် ထိုနယ်မြေများအနီးတွင် ဇန်နဝါရီ  ၁၅ ရက်
နောက်ပိုင်းမှစ၍ အစိုးရစစ်တပ်မှ  လူအင်အားတိုးမြှင့်ထားခြင်းကြောင့် ဒေသခံများအား စည်းရုံးရေးဆင်းရန်နှင့် ဘိန်းခင်းများအား ဖျက်စီးရန် ချင့်ချိန်နေရသည်ဟု
တာဘုန်းကျော်က ဆိုသည်။


“အစိုးရတပ်တွေ များလာတော့ ကျွန်တော်တို့တွေ ဘိန်းခင်းတွေကို ဝင်ဖျက်တဲ့အခါမှာ တစ်ဝက်လောက်က လုံခြုံရေး ယူထားရတယ်။ အလုပ်မဖြစ်ဘူး” ဟု ပြောသည်။

ယင်းသို့ ပြောဆိုခြင်းနှင့် ပတ်သက်ပြီး MPCမှ အကြီးတန်းအရာရှိ ဦးလှမောင်ရွှေက  “တပ်မတော်က မူးယစ်နှိမ်နင်းရေးလုပ်နေတဲ့ လူကိုတိုက်နေတာ မဟုတ်ပါဘူး။ တပ်မတော်က သူတို့အတွက် သတ်မှတ်ထားတဲ့ နေရာကို လက်နက်နဲ့ လာရင်တော့ နယ်မြေပဋိပက္ခ ကတော့ ဖြစ်မှာပါဘဲ TNLA ကအခုထိ ငြိမ်းချမ်းရေး လတ်မှတ်ထိုးရသေးတဲ့ အဖွဲ့မဟုတ်ပါဘူး” ဟု မဇ္ဈိမကို ပြောသည်။

အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လတ်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးသော TNLA တအောင်းလက်နက်ကိုင်အဖွဲ့ကို ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF)မှ ဖွဲ့စည်းပေးထားခြင်းဖြစ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသများတွင် အခြေစိုက်နေထိုင်သည်။

ထိုဒေသတွင် ရှမ်း၊ တအောင်း(ပလောင်)၊ ကချင်လူမျိုးများ အများစုနေထိုင်ကြသည့်အပြင် အခြားတိုင်းရင်းသားများနှင့် တရုတ်လူမျိုး များလည်း ရှိကြသည်။ ဘိန်းစိုက်ပျိုးခြင်းနှင့်အတူ စိုက်ပျိုးရေးအဖြစ် ဘိန်းအစားထိုး သီးနှံဖြစ်သော ပန်းနှမ်း၊ ပြောင်းဖူးနှင့် လက်ဖက် စိုက်ခင်းများကို လုပ်ကိုင်ကြသည်။

အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ (MPC) နှင့် TNLA သည် ပထမဆုံးအကြိမ် အနေဖြင့် ၂ဝ၁၃ ခုနှစ် ဇူလိုင် ၁၃ရက် က မူဆယ်မြို့တွင် တွေ့ဆုံကာ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးခဲ့ကြသည်။

မူးယစ်ဆေးဝါး နှိမ်နင်းရေးကို အစိုးရအဖွဲ့၊ INGO/NGO များနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်ရေးမှ အစပြု၍ နယ်မြေအတွင်း တပ်နေရာချထားခြင်းများလည်း ပါဝင်သော အချက် ကိုးချက်ကို အဓိက အနေဖြင့် TNLA က တင်ပြခဲ့သည်။

၂ဝ၁၃ ခုနှစ်အတွင်း အစိုးရတပ်များနှင့် တိုက်ပွဲပေါင်း ၁ဝဝ ကျော် ဖြစ်ပွားခဲ့ခြင်း သာမက TNLA တပ်များ ကျောက်မဲမြို့နယ် ကွမ်စလန်ရွာတွင် ဘိန်းစိုက်ပျိုးခြင်း မပြုလုပ်ရန် စည်းရုံးရေးဆင်းရာတွင် အစိုးရတပ်များနှင့် ထိပ်တိုက်တွေ့ခဲ့၍ တိုက်ပွဲများ ဖြစ်ပွား ခဲ့သည်။

အစိုးရသည် မူးယစ်ဆေးဝါး ထုတ်လုပ်မှု၊ ဖြန့်ဖြူးရောင်းချမှုနှင့် အသုံးပြုမှု အန္တရာယ်များအား  တိုက်ဖျက်ရန်အတွက် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC)နှင့် မဟာမဲခေါင်ဒေသ ကိုယ်စားပြု နိုင်ငံများဖြစ်သော ဗီယက်နမ်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ တရုတ်၊ လာအို စသောနိုင်ငံများနှင့်အတူ ၂ဝ၁၃ ခုနှစ် မေလ ၉ ရက်က သဘောတူ လတ်မှတ်ရေးထိုးခဲ့ကြသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။