Tuesday, September 10, 2013

မှတ်ပုံတင် ရရှိရေးနှင့် လူဦးရေ အမှန် ရရှိရေး ကိစ္စ ကရင် နိုင်ငံရေး ပါတီများ ဆွေးနွေးမည်

(ရွှေဟင်္သာသတင်းဌာန)

ကရင် အမျိုးသားများ မှတ်ပုံတင် ရရှိရေးကို ရည်မှန်းပြီး ကရင် နိုင်ငံရေး ပါတီ (၄) ဖွဲ့သည် လာမည့် စက်တင်ဘာ ၁၄ ရက်နှင့် ၁၅ ရက်နေ့တွင် ကရင်ပြည်နယ် ဘားအံမြို့၌  တွေ့ဆုံဆွေးနွေး ကြရန် ရှိသည်ဟု  ဖလုံ-စဝေါ ဒီမို ကရက်တစ် ပါတီမှ ဒုတိယ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ဆိုပါသည်။

ခက်တာက မှတ်ပုံတင် မရှိတဲ့ ပြသနာပါ ဒါကြောင့် မှတ်ပုံတင် မရှိသေးတဲ့ ကရင် တွေကို ကိုယ့်လူမျိုး နာမည်နဲ့ မှတ်ပုံတင် ရရှိနိုင်ဖို့ အတွက် ဘယ်လို လုပ်ကြမလဲ ဆိုတဲ့  အဖြေ ရှာတဲ့ ဆွေးနွေးပွဲ ပါဟု ဆိုပါသည်။


တိုင်းရင်းသားများ မှတ်ပုံ တင်ရာတွင် နော်ဝေး နိုင်ငံမှ လူအင်အား၊ ငွေကြေး အင်အား၊ နည်းပညာ အင်အားပါ အကူ အညီ ပေးခဲ့ ပါသည်။  အလားတူ အစိုးရ မှလည်း မှတ်ပုံ တင်သည့် နေရာတွင် မိမိတို့ လူမျိုး၏ ၀ိဒေသ ဖြစ်သည့် နာမည် အခေါ်အဝေါ် များဖြင့် အသုံးပြု မှုကိုပါ မှတ်ပုံ တင်ခွင့် ပြုခဲ့ ပါသည်။ 

မှတ်ပုံ တင်ရာ တွင်လည်း ကရင်လူမျိုးများ ဖြစ်လျှင် ဦး၊ ဒေါ်၊ မ၊ မောင်တို့ ကို ထည့်သုံးစရာ မလိုဘဲ နော်၊ နန့်၊ မန်း၊ စော တို့ကို အသုံးပြု နိုင်ပါသည်။ ကရင် လူမျိုးများ မှတ်ပုံတင် ရရှိရေး ကိစ္စသည် ကရင် နိုင်ငံရေး ပါတီ များမှ ဦးဆောင်ပြီး ကမကထ ပြုလုပ် သွားရန် လိုအပ် သည်ဟု ယူဆသည့် အတွက် ကရင် နိုင်ငံရေး ပါတီ (၄) ဖွဲ့ မှ လာမည့် စက်တင်ဘာ (၁၄) ရက်နေ့တွင် နှစ်ရက်တာ ဆွေးနွေး ကြခြင်း ဖြစ်ပါသည်။ 

ကရင် လူမျိုး များသည် ၂၀၁၀ ခုနှစ် ရွေးကောက် ပွဲတွင် မှတ်ပုံတင် မရှိ ခြင်းကြောင့် မဲမပေး ရသည့်အပြင် ကရင်ပြည်နယ်မှ ဒေသ အချို့ သည်လည်း မဲပေးခွင့် ကန့်သတ် ခံခဲ့ ရပါသည်။ ကရင် နိုငံရေး ပါတီ များသည် ဤအဖြစ် မျိုးမှ ရှောင်ရှားနိုင် စေရန် ကြိုတင် ပြင်ဆင်သည့် အနေဖြင့် ဆွေးနွေး သွားကြမည် ဖြစ်သည်။   

ကရင် နိုင်ငံရေး ပါတီ များ၏ ဆွေးနွေး ပွဲသည်ကရင် လူမျိုး အရေ အတွက် အမှန် ရရှိရေးနှင့် လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက် ပွဲအတွက် ကြိုတင် ပြင်ဆင်ရန် ရည်ရွယ် ထားသည်ဟု ကရင် ရေးရာ ကော်မီတီ အထွေထွေ အတွင်းရေးမှူး ကိုကျော်စွာ က ဆိုပါသည်။ 

ထို့အပြင် အမဲရောင် ဒေသ အဖြစ် သတ်မှတ်ပြီးလွတ်လပ်စွာ သွားလာ နိုင်သည့် အခွင့်အရေးများ မဆုံးရှုံးစေရန် မည်သို့ ဆောင်ရွက် ရမည် ကိုလည်း ဆွေးနွေး ကြမည် ဖြစ်ပြီး အသက် ၁၈ နှစ် ပြည့်ပြီး သူများ မှတ်ပုံတင် ရရှိ ရေးနှင့်မဲပေးခွင့် ရရှိရေး စသည့် အချက် များအား ထည့်သွင်း ဆွေးနွေးရန် စီစဉ် ထားကြောင်း သိရသည်။

ကရင် နိုင်ငံရေး ပါတီများ တွေ့ဆုံ ဆွေးနွေး ပွဲသို့ တက်ရောက် ကြမည့် ပါတီ များမှာ - (၁) ဖလုံ- စဝေါ ဒီမိုကရက်တစ် ပါတီ၊ (၂) ကရင် ပြည်သူ့ပါတီ၊ (၃) ကရင်ပြည်နယ် ဒီမို ကရေစီနှင့် ဖွံ့ဖြိုး တိုးတက်ရေး ပါတီ၊ (၄) ကရင် ဒီမိုကရက်တစ် ပါတီ တို့ ဖြစ်ပါသည်။ 

ကရင် လူမျိုး များသည် အထူး သဖြင့် ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီ တိုင်းတို့တွင် အခြေချ နေထိုင် ကြပြီး မြန်မာ နိုင်ငံတတိယ လူဦးရေ အများဆုံးဟု ဆိုနိုင် ပါသည်။ သို့သော် ရွေးကောက်ပွဲ မသမာ မှုနှင့် အစိုးရ အဆက်ဆက် တို့၏ နိုင်ငံရေး ကန့်သတ် မှုကို အလူးအလဲ ခံခဲ့ ရပါသည်။
လူမျိုး ဦးရေ အမှန် ရရှိရေး၊ အမဲရောင် ဒေသ သတ်မှတ်ခြင်း၊ ဒေသ ဖွံ့ဖြိုးရေး အားနည်းမှု၊ မူးယစ်ဆေး ပြသနာ၊ အလုပ်အကိုင် ရှားပါးမှု၊ သွေးခွဲ ခံရမှုနှင့် စစ်ပြု ခံရခြင်း တို့ကြောင့် ကရင် လူမျိုး တို့သည်၊ အစိတ်စိတ် အမွှာမွာ ကွဲနေသည့် အဖြစ် မျိုးနှင့် ရင်ဆိုင် ခဲ့ရ ပေသည်။ ဤအဖြစ် မျိုးများမှ ရှောင်ရှား နိုင်စေရန် ကရင် နိုင်ငံရေး ပါတီ (၄) ဖွဲ့မှ မည်သို့ ကယ်တင် သွားနိုင် မည်ကို စောင့်ကြည့် ရန်ပင် ဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။