Thursday, October 31, 2013

ကွတ်ခိုင်မြို့နယ်အတွင်း အစိုးရ နှင့် တိုင်းရင်းသားတပ်ဖွဲ့တိုက်ပွဲဖြစ်

 

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း အစိုးရတပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တို့ တိုက်ပွဲတနာရီခန့်ဖြစ် ပွားကာ နှစ်ဘက်ဆုံးရှုံးမှုရှိကြောင်းဒေသခံများကပြောသည်။

အောက်တိုဘာ ၂၈ ရက် ၂၀၁၃ ခု မွန်းတည့်ချိန် တွင် ဟိုပန်မြို့အခြေစိုက် အစိုးရတပ်ရင်း ခလရ ၁၄၃ အင်အား ၆၀ ကျော် က မိုင်းယုမြို့နယ်ခွဲအတွင်းရှိ တအာင်း( TNLA ပလောင်) နှင့် သျှမ်း (SSPP/SSA) တို့ ပူးပေါင်းတပ်အား  တနာရီကျော် ပစ်ခတ်တိုက်ခိုက် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။


“တိုက်ပွဲက မိုင်းယု အနောက်ဘက် ၈ မိုင်ကျော်လောက်ဝေးတယ်။ စလန်းတောင်ကုန်းဆိုတဲ့နေရာမှာပေါ့။ ပလောင်ရွာ  နားမှာဖြစ်တာ။ ဗမာတပ်ဘက် ၃ ယောက်ကျသွားတယ်။ ၈ ယောက်ဒဏ်ရာရတယ်။ သူများနေတဲ့ နေရာ သွားတိုက်တာကိုး” - ဟု ဒေသခံ ပြည်သူ့စစ်တပ်သားတဦးဖြစ်သည့် မာနော က ပြောသည်။

တိုက်ပွဲကြောင့် TNLA နှင့် SSA (SSPP) တို့ဘက်က ကျဆုံးမှု မရှိသော်လည်း သုံးယောက်ထက်မနည်း ဒဏ်ရာအပြင်းအထန်ရကြောင်း ဒေသအတွင်းလှုပ်ရှားသည့် သျှမ်းတပ်အရာရှိတဦးက ဆက်၍ ပြောသည်။

“တိုက်ပွဲဖြစ်ပွားပြီးတော့ သူတို့လူကို မိုင်းယုဘက် သယ်ပြီးတပ်ဆုတ်သွားတယ်။ ဒါပေမယ့် တဖွဲ့ တဖွဲ့မှာ အင်အား ၅၀-၆၀ လောက်ရှိတဲ့အဖွဲ့တွေ နမ့်ဖတ်ကာ အုပ်စုဘက်မှာ နှစ်ဖွဲ့သုံးဖွဲ့ရှိနေတုန်းဘဲ။ နမ့်ဖတ်ကာ အနောက် ဘက် ဝမ့်နုတ်ခုံ့ရွာ မှာတော့ ၆၀ ကျော်တယ်၊ ကျနော်တို့ရဲ့ သတင်း သူတို့ရရင်တော့ ထပ်လာတိုက်ဦးမယ် ထင်တာဘဲ” - ဟု ဆို၏။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ မိမိဌာနချုပ်မှ လွဲ၍ အခြားဒေသအတွင်း လှုပ်ရှားတပ်များ တပ်စခန်းအခိုင်အမာ တည်ဆောက် အခြေချနေထိုင်ခြင်း၊ ရွာအတွင်း ရက်ရှည်နေထိုင်ခြင်း၊ စစ်အင် အားဖြင့် နယ်လှည့်လှုပ်ရှားခြင်းများ မရှိစေ ချင်ကြောင်း၊ သတင်းရလျှင် နယ်မြေရှင်းလင်းရေးပေါ်လစီ ဖြင့် လိုက်လံတိုက်ခိုက်နေကြောင်း - တပ်မတော် အသိုင်း အဝိုင်း က ပြောသည်။

“ကျနော်တို့ ဗမာပြည်မှာ သွားလှုပ်ရှားတာမှမဟုတ်တာဗျာ။ ဒါကျနော်တို့ဇာတိ၊ ကျနော်တို့မွေးရပ်မြေမှာ တန်းတူ အခွင့် အရေးမရသရွေ့၊ ကျနော်တို့ကို အခုလိုချယ်လှယ်နေသရွေ့တော့ စစ်ရေးလှုပ်ရှား နေရမှာဘဲ၊ တပ်အင်အားတိုးမြင့် နေရ မှာဘဲ” - ဟု SSPP ဌာနချုပ်အရာရှိတဦးက တုန့်ပြန်သည်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ထိပ်သီးခေါင်းဆောင်များသည် တတိုင်းပြည်လုံး အပစ်ခတ်ရပ် စဲရေး မှ နိုင်ငံရေး ဆွေးနွေးပွဲသို့ရောက်ရှိရန် မိမိလိုအပ်သည့် အချက်အလက်များ စုပေါင်းတောင်း ဆိုရန် ကေအိုင်အိုဌာနချုပ် လိုင်ဇာမြို့၌ (၃၀/၁၀/၂၀၁၃ - ၁/ ၁၁/၂၀၁၃) သုံးရက်ကြာ တွေ့ဆုံဆွေး နေကြသည်။

သျှမ်းပြည်တပ်မတော်သည် ဦးသိန်းစိန်အစိုးရနှင့် ပြည်ထောင်စုအဆင့်လက်မှတ်ရေးထိုးထားပြီး၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ကမူ အပစ်ရပ်ရေးအတွက် အစိုးရနှင့်ဆွေးနွေး  ထားဆဲတပ်ဖွဲ့ဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။