Tuesday, October 29, 2013

ဝ နှင့် မိုင်းလား တပ်ဖွဲ့ လိုင်ဇာညီလာခံ မတက်ရောက်



အောက်တိုဘာ ၃၀ ရက်နေ့မှ နိုဝင်ဘာ ၁ ရက်နေ့အထိကျင်းပမည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ခေါင်း ဆောင်များ၏ ‘လိုင်ဇာညီလာခံ’ သို့ ဝ နှင့် မိုင်းလားတပ်ဖွဲ့ တက်ရောက်မည်မဟုတ်ဟု နီးစပ်သည့် အသိုင်း အဝိုင်းက ပြောပါသည်။

အပစ်ရပ်ထားသည့် မိုင်းလားတပ်ဖွဲ့ နှင့် ၀ တပ်ဖွဲ့တို့သည် လက်ရှိကျင်းပမည့် လိုင်ဇာညီလာခံအားတက်ရောက် မည်မဟုတ်ကြောင်း၊ တက်ဖို့လည်းမလိုအပ်ကြောင်း၊ သို့သော်တနိုင်ငံလုံးအပစ်ရပ်ပွဲတွင် မြန်မာအစိုးရဖိတ်ကြားပါက တက်ရောက်မည်ဖြစ်ကြောင်းအမည်မဖေါ်လိုသူ မိုင်းလားတပ်ဖွဲ့ အရာရှိ ကပြော သည်။

“ကျနော်တို့နဲ့ မိုင်းလာက အထူးနီးစပ်တဲ့ မဟာမိတ်တွေလေ။ ကျနော်တို့ လဲ အဲဒီ လိုင်ဇာ အစည်းဝေးကို မသွားဘူး။ သူတို့လဲမသွားဘူး။ အခုဟာက - စောင့်ကြည့်နေရဦးမှာလဲ။ ဘာဘဲ ဖြစ် ဖြစ် ကျနော်တို့ က အပစ်ရပ်ထားတဲ့ တပ်ဖွဲ့တွေဘဲ” - ဟု အမည်မဖေါ်လိုသည့် ပန်ဆန်းအရာရှိတဦးကပြောသည်။

သို့သော် နီးစပ်သည့် ပုဂ္ဂိုလ်တဦးက ဝ တပ်ဖွဲ့သည် (အရှေ့ကော အနောက်ကော) တရုတ်နိုင်ငံ နှင့် မြန်မာနိုင်ငံအစိုးရတို့၏အရိပ်အကဲ ကြည့်နေရကြောင်း၊ အရှေ့သည် တရုတ်ကိုဆိုလိုပြီး၊ အနောက်သည်မြန်မာအစိုးရကိုဆိုလို ကြောင်း၊ ထို့ကြောင့် လိုင်ဇာညီလာခံအား မတက်ရောက်ခြင်း ဖြစ်ကြောင်း ပြောသည်။

ဝ တပ်ဖွဲ့သည် သျှမ်းပြည်နယ်မှ ခွဲထွက်ပြီး သီးခြားပြည်နယ်ထူထောင်ကာ နေပြည်တော်အစိုးရအောက် တိုက်
ရိုက်နေလိုသည့် အင်အားအတောင့်တင်းဆုံး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်၏။ မိုင်းလား တပ်ဖွဲ့မှာမူ ဝ တပ်ဖွဲ့နှင့် အထူးနီးစပ်သည့် မဟာမိတ်တပ်ဖွဲ့ဖြစ်ပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။