Sunday, October 6, 2013

ကရင့် အမျိုးသား တော်လှန်ရေး အကွေ့ အလှည့် ထဲမှ သမိုင်းကြောင်းများ

(ရွှေဟင်္သာသတင်းဌာန)

ကရင့် ငြိမ်းချမ်းရေး ကောင်စီ (KNU/ KNLA-PC) သည် ၂၀၀၇ ခုနှစ် ဖေဖေါ်ဝါရီ လတွင် KNU မှ ခွဲထွက် ခဲ့ပါသည်။ ၄င်းတို့ ခွဲထွက် လာပြီး နောက်ပိုင်း အစိုးရနှင့် အပစ်အခတ် ရပ်စဲ ခဲ့ပါသည်။

၎င်းတို့ ဘာကြောင့် KNU မှ ခွဲထွက် ခဲ့ရ တာလဲ ? ငြိမ်းချမ်းရေး သဘော ထားနှင့် ကရင့် အမျိုးသား ရင်ကြား စေ့ရေး အတွက် ဘယ်လို သဘော ထားပြီး ဘာတွေ ဆောင်ရွက် နေတာလဲ ? စသည် များအား သိရှိ နိုင်ရန် ကရင့် ငြိမ်းချမ်းရေး ကောင်စီမှ ဗိုလ်မှူးချုပ် လည်းဖြစ် ဒေါက်တာ တဦးလည်း ဖြစ်သူ တီမိုသေ (Timothy) အား ဆက် သွယ် မေးမြန်း ခဲ့ပါသည်။ 

 
KNU/KNLA သည် KNU တပ်မဟာ (၇) တပ်မဟာ မှူးဟောင်း ဗိုလ်ချုပ် ဌေမောင်က ဦးဆောင် ခဲ့ပါသည်။ ၄င်းတို့သည် ကရင်ပြည်နယ် မြ၀တီ ခရိုင်ေ မောက်ပိုင်းတွင် အခြေချ နေထိုင်ပြီး ဆက်လက် လှုပ်ရှား နေပါသည်။ ကရင့် အမျိုးသား လွတ်မြောက်မှုနှင့် အမျိုးသား ပြန်လည် ရင်ကြား စေ့ရေးကို ဦးတည်ပြီး ဖြစ်ပေါ် လာခဲ့ သမျှ အခြေ အနေ များကို ပွင့်လင်းစွာ တင်ပြပြီး အဖြေရှာ လာခဲ့သည့် အဖွဲ့ ဖြစ်ပါသည်။ ဤသို့ကြောင့် ဖြစ်လာ ခဲ့သမျှကို သိရှိ နိုင်ရန် ဆက်သွယ် မေးမြန်း ခဲ့ခြင်း ဖြစ်ပါသည်။ 

မေး - KNU အဖွဲ့ ကနေ ဘာကြောင့် ကွဲသွား ပါသလဲ ?
ဖြေ - သမိုင်းကြောင်းနဲ့ ယှဉ်ပြီးတော့ ပြောပြ ချင်ပါတယ်။ ကရင် တိုင်းရင်းသား တွေရဲ့ နိုင်ငံရေး လမ်းကြောင်းဟာ အင်မတန်ကို ရှုတ်ထွေး လာခဲ့ ပါတယ်။ အဲဒီ မေးခွန်းကို ဖြေဆို ရမယ် ဆိုရင် KNU အချင်းချင်း ကွဲသွား ရတာက ကရင် မျိုးချစ် တွေက ငြိမ်းချမ်းစွာ ဆန္ဒပြသည့် သဘော ပါဘဲ။ အရင် တုန်းက ဆိုရင် မန်းဘစံ ဦးဆောင်တဲ့ ကွန်မြူနစ် လိုင်းနဲ့ စောဘ ဦးကြီး ဦး ဆောင်တဲ့ KNU လိုင်း ဆိုပြီး ကရင်တွေ နှစ်ဖွဲ့ ကွဲသွား ခဲ့ဘူး ပါတယ်။ အဲဒီ အချိန် တုန်းက ဆိုရင် နှစ်ဖွဲ့ကွဲတယ် ဆိုပေမယ့် ရန်သူလို သဘော မထား ကြပါဘူး။ တစ်ဖွဲ့က တိုးတက် အောင်မြင်ရင် တဖွဲ့က နောက်လိုက်မယ် ဆိုတဲ့ သဘော ထားမျိုးတွေနဲ့ ပြောဆိုပြီး သဘော တူညီချက် ယူကြ ပါတယ်။ လမ်းစဉ် ပြသနာ အကွဲ အပြဲ ဆိုရင် မမှား ပါဘူး။ နောက်ပိုင်းမှာ ကွန်မြူနစ်တွေ အခြေခံတဲ့ ပဲခူး ရိုးမ အခြေခံ နယ်တွေ ကျဆုံး လာတဲ့ အခါ ကျတော့ ကွန်မြူနစ် လိုင်းက လူတွေဟာ အရှေ့ရိုးမကို လာပြီးတော့ KNU နဲ့ ပြန်ပေါင်း ကြပါတယ်။ အဲဒီ တုန်းက ဆိုရင် ၁၉၇၉ ခုနှစ် ကပေါ့ KNU မှာက ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ဆိုတဲ့ စစ်တပ်ပဲ ရှိပါတယ်။ ပြီးတော့ တခါ အဲဒီ အချိန်က KNLA တပ်ဖွဲ့ ထဲမှာ တဖွဲ့ထဲ ဆိုပေမယ့်  ပြန်လည် ပေါင်းစည်း ပြီးတဲ့ နောက်ပိုင်းမှာ စစ်တပ် လိုင်းနဲ့ အုပ်ချုပ်ရေးလိုင်း ဖြစ်တဲ့ ပဒိုလိုင်း ဆိုပြီး ပြန်လည် ဖွဲ့စည်း ခဲ့ပါတယ်။ အဲဒီ အချိန်မှာ အုပ်ချုပ်ရေး ဖက်က ပဒိုလိုင်း တွေကို  အထူးအခွင့် အရေး ရတဲ့ အုပ်စု ဆိုပြီး စစ်တပ် ဖက်က စွပ်စွဲ ခဲ့သဖြင့် စစ်တပ် လိုင်းနဲ့ ပဒို လိုင်းတွေကြား ဆက်ဆံရေး အဆင်မပြေ ခဲ့ပြန်ပါဘူး။ အဲဒီလို စစ်တပ်နဲ့ ပဒို ကြားမှာ မညီ မျှမှုတွေ ရှိလာတယ်။ ကွန်မြူနစ် ကနေ KNU ကို လာပေါင်းတဲ့ အခါမှာ အများစုဟာ နိုင်ငံရေး လိုင်းက ပဒိုတွေ ဖြစ်နေ ပြန်ပါတယ်။ ဒီတော့ ၈၈ အရေးအခင်း နောက်ပိုင်းမှာ နိုငံရေး လိုင်းက သူတွေ ပိုမို ရှင်သန် လာတယ်လို့ ဆိုရ ပါလိမ့်မယ်။ အဲဒီတော့ KNU အဖွဲ့ ထဲမှာ နိုင်ငံရေး လိုင်းက စစ်ရေး လိုင်းကို ဖုံးအုပ် သွားသလို ဖြစ်ခဲ့တဲ့ အတွက် နိုင်ငံရေးလိုင်း သမား တွေက နိုင်ငံရေး ပြသနာကို နိုင်ငံရေး နည်းလမ်းနဲ့ဖြေရှင်း ရမယ်ဆိုပြီး ပေါ်လာ ခဲ့တယ်။ စစ်ရေး လိုင်းသမား တွေကတော့ အမျိုးသားရေး လိုင်းဖြစ်တဲ့ အတွက် စစ်သား တွေကို မေးကြည့်ပါ။ ဘာလို့ စစ်တိုက်နေ သလဲ ငါတို့ ကရင်လူမျိုး လွတ်မြောက်ဖို့ အတွက်နဲ့ တန်းတူ အခွင့်အရေး ရဖို့ ကရင် လူမျိုး အဖြစ် အသိအမှတ်ပြု ခံရဖို့နဲ့ ကရင်ရှေ့ရေး အတွက် ကရင်ပြည်က ရင်အုပ်ချုပ်ခွင့် ရဖို့ အတွက် စစ်တိုက်တယ် လို့ပဲ ပြောပါတယ်။

အဲဒီ အယူအဆ သဘောထား နဲ့ဘဲ ကရင်ငြိမ်းချမ်းရေး ကောင်စီက ဗိုလ်ချုပ် ဌေမောင်ကို ဗိုလ်ချုပ်မြ မဆုံးခင် ပြောထား တာက တော်လှန်ရေး ဆိုတာက အမျိုးသားရေး ကဏ္ဍ နဲ့ပဲ ပေါ်ပေါက် လာတဲ့ အတွက်ကြောင့် အမျိုးသားရေး ကဏ္ဍနဲ့ပဲ လုပ်ပါ ဆိုပြီး မှာကြား ခဲ့ပါတယ်။ ဒီတော့ စဉ်းစားစရာ ဖြစ်လာ တာက -
 ၁) KNU ရဲ့ ကိုယ်ပိုင်မူက နိုင်ငံရေး မူလား၊ အမျိုးသားရေး မူလား ? ကိုယ်ဘယ်လမ်းကို သွားမယ် ဆိုတာကို သေသေ ချာချာ မသိသေးတာ ဖြစ်မယ်။ ရန်သူ အပိုင်းကို စဉ်းစားမယ် ဆိုရင်လည်း စစ်ရေး အရ အနိုင် ရဖို့ အတွက် ဖြစ်တယ်လို့ ယူဆ သူတွေနှင့် နိုင်ငံရေး သမားတွေကြား ရည်ရွယ်ချက်တွေ မတူကြ တော့တာ ဖြစ်လာတယ်။
 ၂) ကျနော်တို့ အထဲမှာလည်း သူခေါင်းဆောင် လုပ်ချင်တယ်။ ကိုယ်ခေါင်းဆောင် လုပ်ချင် ကြတယ် ဆိုတာ နဲ့ဘဲ အချိန်ကုန် နေကြတယ်။ ကရင့် လူမျိုး ဖွံ့ဖြိုး တိုးတက် ရေးကို အခြေ မခံ ကြတော့ပဲ ငါဆိုတဲ့ မာန်မာန တွေရှိတဲ့ အတွက်ကြောင့် ကွဲပြား လာတာ ဖြစ်တယ်
၃) KNU ထဲမှာလည်း ကောင်းတဲ့ ခေါင်းဆောင်တွေ ရှိသလို မကောင်းတဲ့ ခေါင်းဆောင် တွေလည်း ရှိပါတယ်။ အဲဒီ တော့ စစ်မှန်တဲ့ တရား မျှတမှု မရှိသလို အမှန် တရားအပေါ်မှာ မရပ်တည် ခဲ့ဘူး။ ကရင် အချင်းချင်း ပြန်သတ်တဲ့ သူတွေ၊ အပြစ်ရှိသူ တွေကို အရေးမယူ ခဲ့ပါဘူး။
အရင်တုန်းက ဆိုရင် DKBA မဖြစ်ခင်က ဗုဒ္ဓဘာသာ ကရင် တွေက အမှန်တရား တောင်းဆိုတယ်။ အဲဒီတုန်းက ဘုန်းကြီး ကျောင်းတည်မယ့် နေရာမှာ သေးသွား ပေါက်တာတို့ ဖျက်ဆီး တာတို့ လုပ်သလို ဘုန်းကြီးကို ခြေထောက်နဲ့သွားကန် တာမျိုးလည်း ကျနော် မြင်နေ ရတယ်။ ကျနော်က ခရစ်ယာန်ဆရာ တစ်ယောက် အနေနဲ့ ဒါက မဖြစ် သင့်ဘူးလို့ ယူဆတယ်။ ဒါက အမှန်တရား အပေါ်မှာ မရပ်တည် ခဲ့လို့ ကွဲသွားကြတယ်။ အဲဒါ တွေကြောင့် KNLA PC ခွဲထွက် သွားရ တာကလဲ နိုင်ငံရေး ခေါင်းဆောင် နေရာမှာ တာဝန် ယူတဲ့ သူတွေက  KNLA စစ်သား အပေါ် နင်တို့ ငါတို့ အောက် မှာပဲ နေရမယ်၊ သူတို့ လုပ်ချင် တာတွေ လုပ်တယ် မလိုအပ်ပဲ အာဏာသုံးတာတို့ တန်းတူညီမျှမှု မရှိတဲ့ အတွက် အခုလို ကရင်တွေ ကွဲကွဲ ပြားပြား ဖြစ်သွား ရတယ်လို့ ခံယူ ပါတယ်။

မေး - မကောင်းတဲ့ အပြုအမူ တွေတော့ မြင်ကြ ပြီးပေါ့လေ။ ကွဲတာ ဆိုတာ ဟာလည်း ကောင်းတော့ ကောင်းတဲ့ အရာ မဟုတ် ပါဘူး။ ဒါကို ပြုပြင် ကြဖို့ အကောင်း ဖက်ကို ရှေ့ရှု့ ကြဖို့ လိုအပ် ပါတယ်။ ဒါကြောင့် ရှေဆက် ကရင် လူမျိုးရဲ့ ရှေရေး အတွက် ကရင် အချင်းချင်း ကနေ ဘယ်လို ပူးပေါင်း သွားကြ မလဲ ?
ဖြေ - (၁) အမျိုးသားရေးကို အဓိက ထားရမယ်။
၂) ကရင် အဖိနှိပ်ခံ ဘ၀မှ လွတ်မြောက်အောင် ကြိုးပမ်း ကြပြီး လူမျိုး အပေါ် ရပ်တည်တဲ့ စစ်မှန်ပြီး အရည်အချင်ရှိတဲ့ စံပြ ခေါင်းဆောင်တွေ ဖြစ်ရမယ်။
၃) တရား မျှတမှု ရှိရ ပါ့မယ်။ အဲဒါတွေ လိုတယ်လို့ ကျနော် မြင်ပါတယ်။

မေး။    ။ KNLA PC အနေနဲ့ ကရင် အချင်းချင်း ပူးပေါင်းဖို့ ဆန္ဒ ရှိပါ သလား ?
ဖြေ - ကရင် တွေက ကွဲနေလို့ တစ်ယောက် တစ်ပေါက် ဖြစ်နေ ကြတာပါ။ ပူးပေါင်းပြီး လက်တွဲ မှသာလျှင် ကရင်လူမျိုးတွေက ဖွံ့ဖြိုး တိုးတက် မှုတွေ ရှိလာမယ်။ ငြိမ်းချမ်းရေး ရရှိ လာမယ်။ ထွက်ပြေး သွားတဲ့ ကရင်လူမျိုးတွေက သူတို့ဒေသမှာ အေးအေး ချမ်းချမ်း ပြန်လာ နေနိုင်မယ်။ စစ်ရဲ့ ဆိုးကျိုးကြောင့် ပြည်သူတွေ ခံနေ ရတယ်။ ဒါကြောင့် အချင်းချင်း ပူးပေါင်းဖို့ ဆန္ဒရှိ သလို ပူးပေါင်းဖို့ အချိန်လည်တန်နေပြီလို့ မြင်ပါတယ်။ DKBA ကို ကြည့်ပါ။ သူတို့လည်း ကရင် ပြည်သူ အတွက် လုပ်တာပါပဲ။

မေး - ဒါဆို KNU အပေါ်ဘယ်လို မြင်ပါလဲ ?

ဖြေ - အခု KNU ဘက်မှာ ဖြစ်နေ တာက နိုင်ငံရေးကို FOCUS လုပ်ပါတယ်။ အဲဒီတော့သူ တို့လည်း ငြိမ်းချမ်းရေး လုပ်ငန်း ထဲမှာ ပါလာ တာနဲ့ တချိန်ထဲမှာ အစိုးရ စစ်တပ် တွေက KNU နယ်မြေမှာ စစ်အင်အား တိုးချဲ့ပြီး နေရာ ၀င်ယူ လာတာတွေ တွေ့ရတယ်။ နိုင်ငံရေး ဆွေးနွေးပွဲ မစခင် ကတည်းက ကျနော်တို့ KNLA-PC နဲ့ DKBA က  KNU ဘက်ကို လက်တွဲ လုပ်ဖို့ ကမ်းလှမ်း ခဲ့ပါတယ်။ အဓိက ကတော့ သုံးဖွဲ့လုံး အတူ ပူးပေါင်းပြီးမှ အစိုးရနဲ့စကား ပြောကြ ဖို့ပေါ့။ KNU ဘက်က ဖြစ်နေ တာက အစိုးရနဲ့ တွေ့ဖို့က အရေး ကြီးတယ် ကရင် အချင်းချင်း စည်းရုံး ဖို့နဲ့  အမျိုးသားရေး အတွက်က ဒုတိယ တတိယ နေရာမှာ သဘောထား ဖြစ်နေ တယ်လို့ မြင်တယ်။ အဲဒီလို အတွေး တွေကြောင့် ပြသနာ ဖြစ်နေ တာပါ။

မေး - KNLA-PC အနေ နဲ့ကော ကရင် အချင်းချင်း ပူးပေါင်း ဖို့အတွက် ဘယ်လို ကြိုးစား ဦးမလဲ ?
ဖြေ - ပြီးခဲ့ တာတွေလဲ ပြီးသား ပါပြီ၊ အားလုံးက သူ့အမှား ကိုယ့်အမှား ရှိကြ တာပဲ။ အမှားကို အမှန် မြင်အောင် ကြည့်ပြီးတော့ အကောင်းကို ဦးတည် သွားကြဖို့ အတွက် ကရင် လူမျိုးတွေရဲ့ ရှေ့ရေးနဲ့ ဖွံ့ဖြိုး ဖို့နဲ့ ရပ်တည်ဖို့ ဒုက္ခ အခက် အခဲမှ လွတ်မြောက်ဖို့ အတွက် ရှေ့ဆက် အတူ လက်တွဲ သွားမှာပါ။

မေး - ရှေ့ဆက် အချင်းချင်း ပူးပေါင်းရင် ဘယ်လို ပုံစံနဲ့ ပူးပေါင်း သွားမလဲ ?
ဖြေ - အခု အနေအထားမှာ ဆိုရင် KNU DKBA KNU / KNLA - PC မှာ ရှိတဲ့ စစ်သား တွေကတော့ အားလုံးက သဘောထား တူညီတယ်၊ အဲဒါက လူမျိုးရေး အတွက် တိုင်းပြည် အတွက် ဒေသ ဖွံ့ဖြိုးရေး အတွက် ရပ်တည်တဲ့ အတွက် ကောင်းတဲ့ အချက်က စစ်မှန်တဲ့ ကျနော်တို့ ခေါင်းဆောင် အောက်မှာ အခု ကျနော်တို့ တတွေက လက်တွဲ နေကြ ပါပြီ။

မေး - ဒါဆို KNUDKBA နဲ့ KNU / KNLA PC က ဘယ်လို ပုံစံနဲ့ လက်တွဲ နေကြ တာလဲ ?
ဖြေ - KNU ထဲမှာ ရှိသေးတယ် နိုင်ငံရေး လိုလို စစ်ရေး လိုလို ကိုယ်ဘယ်လမ်းကို ကိုယ်သွား နေသလဲ ဆိုတာ မသိ သေးတဲ့ ခေါင်းဆောင် အောက်မှာဆို လက်မတွဲဘူး။ စစ်ရေး အရပဲ လက်တွဲ တာပါ ကျနော်တို့ ဒီသုံးဖွဲ့က အရင်ဆုံး လူထု နေထိုင် စားသောက် နိုင်ရေး အတွက် လူထု ပြသနာကို ဖြေရှင်း ကြမယ်။ လွတ်လွတ် လပ်လပ် ရှိဖို့ နိုင်ငံ အပေါ်မှာ စကားမ ပြောသေးဘူး လူမျိုး အပေါ်မှာ စကား အရင်ပြောမယ်။

မေး - တကယ်လို့ ပူးပေါင်း ခဲ့မယ် ဆိုရင် ရှေ့ဆက် ဘာတွေ လုပ်ဖို့ ရှိလဲ ?
ဖြေ - ပူးပေါင်း သွားခဲ့မယ် ဆိုရင် ကရင် လက်နက်ကိုင် (၃) ဖွဲ့က အဖွဲ့အစည်း တစ်ခုတည်း အောက်မှာ ခေါင်းဆောင်တွေ အားလုံး ပူးပေါင်း ကြပြီး  KNU နာမည် ကိုပဲ ဆက်သုံး မလား ? အဖွဲ့အစည်း အမည်အသစ် ရွေးမလားပေါ့။ အချင်းချင်း တန်းတူ ညီမျှ မှုကို လုပ်သွားမယ် ကိုယ့်အချင်းချင်းက တန်းတူ ညီမျှမှု မရှိရင် ဘယ်လို လုပ်ပြီး အစိုးရ အပေါ်မှာ တန်းတူ ညီမျှမှု သွားတောင်း မလဲ အခုလဲ DKBA နဲ့ KNU / KNLA - PC ပြောနေ ကြတာက ၂၀၁၅ မတိုင်မီ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ် မူကို အမြန်ဆုံး ပြောင်းစေ ချင်တယ်  မပြောင်းဘူး ဆိုရင် တိုင်းပြည်က ပိုပြီးတော့ ရှူပ်နိုင်သလို မဖြစ်သင့် တာတွေလည်း ဖြစ်လာနိုင်တယ်။

မေး - ပူးပေါင်း လိုက်ရင် အစိုးရ ဘက်က ပြသနာ ရှာနိုင်မယ်လို့ မြင်သလား ?
ဖြေ - အစိုးရ ဘက်က စစ်မှန်တဲ့ ဒီမိုကရေစီ လမ်းကြောင်း သွားရင်တော့ ရန်ရှာ ပြသနာ ရှာမယ်လို့ မမြင်ဘူး။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ သူတို့ အတွက် ပိုပြီး လွယ်ကူ စေတဲ့ အတွက်ကြောင့် ဖြစ်တယ်။ တကယ်လို့ အစိုးရ ဘက်က စစ်မှန်တဲ့ နည်းနဲ့ မသွားဘူး ဆိုရင်တော့ ပြသနာ ရှာလာမယ်လို့ မြင်တယ်။

မေး - KNU / KNLA - PC အနေနဲ့ကရော ကရင် တမျိုးသားလုံး ပါဝင် လာနိုင်တဲ့ ကရင် ညီလာခံ ကျင်းပဖို့ ရည်ရွယ် ချက်ရှိလား ?
ဖြေ - ကျနော်တို့ အနေနဲ့ ပြည်တွင်း ပြည်ပ မကျန် ကရင် တမျိုးသားလုံး ပါဝင်တဲ့ ညီလာခံကို ကျင်းပဖို့ ရည်ရွယ်ချက် ရှိပါတယ်။ လူထု ပါလာပြီ ဆိုတော့ ဒါမှ စစ်မှန်တဲ့ ခေါင်းဆောင် ပေါ်လာမယ်။ ကရင် အချင်းချင်း စည်းလုံး ညီညွတ် လာမယ်လို့ ယုံကြည်တယ်။

မေး - အပစ်အခတ် ရပ်စဲရေး အပေါ် KNU / KNLA - PC ဘယ်လို မြင်ပါ သလဲ ?
ဖြေ - အပစ်အခတ် ရပ်စဲ ရေးကို ခေတ္တခဏ လို့ပဲ မြင်တယ်။ အစိုးရ ဘက်ကလည်း ကျနော် တို့ကို KNU/KNLA-PC ငြိမ်းချမ်းရေး ကောင် စီ အသိအမှတ်ပြု ထားတဲ့ အဖွဲ့လည်း ဖြစ်တယ်။ ကျနော်တို့က အပစ်အခတ် ရပ်စဲရေး သဘော လောက်ပဲ ရပ်တန့် နေတာမျိုး မလိုချင်ဘူး။ ကျနော်တို့ လိုချင် တာက တကယ့် ထာဝရ ငြိမ်းချမ်းရေးပါ။ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ် မူကို ပြောင်းရေးကို လိုချင် ပါတယ်။ မူပြောင်းတဲ့ နေရာ မှာလည်း အဖွဲ့အစည်း (၅) ခု ပါဖို့ သင့်တယ်။
၁) တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံး။
၂) အစိုးရ၊ စစ်တပ် အဖွဲ့အစည်း။
 ၃) ၈၈ မျိုးဆက် ကျောင်းသား။
၎) လူမှုရေး အဖွဲ့ နှင့် မီဒီယာ။
၅) NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ ပါသင့်တယ်။
(၅) ခု ပေါင်းပြီး ရေးဆွဲမှ သာလျှင် စစ်မှန်တဲ့ ဖက်ဒရယ်မူ ပေါ်ပေါက် လာမှာ ဖြစ်တယ်။ အစိုးရဘဲ ရေးဆွဲ ရင်တော့ အရင် အတိုင်းပဲ ထွက်လာမှာ ဖြစ်တဲ့ အတွက် မြန်မာ နိုင်ငံက ရှေ့ဆက် ရှူပ်နေ ဦးမှာပဲ။

မေး - အပစ် အခတ် ရပ်စဲရေး နောက်ပိုင်း အစိုးရ စစ်တပ်ရဲ့လှုပ်ရှားမှု အခြေ အနေကို ပြောပြ နိုင်မလား ?
ဖြေ - သူတို့ ကလည်း သူတို့ အစီအစဉ်နဲ့သူတို့ လာတာ ဆိုတော့ အစိုးရ စစ်တပ်က ပိုပြီးတော့ နေရာယူ လာတာ တွေ့ရ ပါတယ်။ အစိုးရက ငြိမ်းချမ်းရေး စကား ပြောတယ်။ စစ်တပ်က စစ်ဝင် ထိုးတယ်၊ ဒါက သူတို့ အစီအစဉ်ပါ။ တိုင်းရင်းသား ဒေသ တွေမှာ နယ်မြေ စိုးမိုးရေး နယ်စပ်ဒေသ လုံခြုံရေးနှင့် ငြိမ်ဝပ် ပိပြားရေး ဒီမူကြီးကို ဆက်သုံး နေတဲ့ အတွက် ဘယ်လို လုပ်ပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရလာ မှာလဲ။

မေး - KNU / KNLA - PC အနေနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရလာ မယ်လို့ မျှော်လင့် ထားပါ သလား ?
ဖြေ - မြန်မာ နိုင်ငံ ပြသနာက စစ်မှန်တဲ့ ဒီမို ကရေစီ မူနှင့် ဖက်ဒရယ်မူ မရှိ သေးသရွေ့ကာလ ပတ်လုံး စစ်မှန်တဲ့ ငြိမ်းချမ်းရေးက အရာရောက်မှာ မဟုတ်ဘူး အခြေခံကို ပြင်ပြီးမှ အတွေးသစ် အမြင်သစ် ပြောင်းပြီးမှ ဒါမှ စစ်မှန်တဲ့ ငြိမ်းချမ်းရေးတို့ တပြည်လုံး အပစ်အခတ် ရပ်စဲ ရေးတို့ ဖြစ်လာမှာ ဖြစ်တယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။