Wednesday, October 16, 2013

တိုက်ပွဲများအပြီး ကျေးလက်လူထုအား စစ်ကြောင်းကြားညှပ်၍ တပ်ဆုတ်



သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ်အတွင်း ယခုလဆန်းပိုင်းက တိုက်ပွဲများဖြစ်ပွါးပြီးနောက်ပိုင်း  မြန်မာ စစ်တပ်က တပ်ဆုတ်ရာတွင် ကျေးလက်လူထုအား စစ်ကြောင်းကြားညှပ်ပြီး ကားလမ်းမ ကြီးအထိ လိုက်ပို့ပေး ဖို့ပြောဆိုတယ်လို့ ကွန်ဟိန်းမြို့ခံတွေကပြောပါတယ်။


“ ၁၃ ရက်နေ့တုန်းက မြန်မာစစ်ကြောင်းတွေ တပ်ဆုတ်တယ်။ အဲတာ ဝိန်းဖွီးရွာသားတွေကို ဘုန်းကြီး ကျောင်းမှာ အစည်းအဝေးခေါ်ပြီး နမ့်မော်ငင်းရွာ (ကားလမ်းပေါက်တဲ့နေရာ) အထိ လိုက်ပို့ခိုင်းတယ်။ ရွာသားတွေက စပါး ရိတ်ချိန်ရောက်လို့ မအားလို့ လိုက်မပို့ပါရစေနဲ့ တောင်းပန်လဲမရဘူး ။ ကျောင်းတံ ခါး ပိတ်ပစ်လိုက်တာ။ လိုက် ပို့ပါမယ် အာမခံမှ တံခါးဖွင့်ပေးတာ” ဟု ကွန်ဟိန်းမြို့  ဒေသခံ စိုင်းဦးက ပြောသည်။

မိုင်းဇန်မြို့နယ်ခွဲ အခြေစိုက် မြန်မာစစ်တပ် ခလရ ၁၅၀ က ကွန်ဟိန်းမြို့နယ် ကျိန်းလုံးအုပ်စုဘက် သွားရောက် လှုပ်ရှားရာ ယခုလဆန်းပိုင်းက သျှမ်းပြည်တပ်မတော်နှင့် ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲ များဖြစ်ပွါး ခဲ့သည်။ တိုက်ပွဲ များကြောင့် ကျေးလက်လူထု ရာချီ စစ်ဘေးရှောင်နေရသဖြင့် ကွန်ဟိန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် နန်းဝါနုက မြန်မာငြိမ်းချမ်းရေးဖော်ဆောင် ရေးလုပ်ငန်းကော်မတီ အကြီးအကဲထံ စာရေးကြောင်းကြားပြီးနောက် မြန်မာစစ်ကြောင်းက တပ်ဆုတ်ပေးလိုက်ခြင်းဖြစ်ပါသည်။

“ စစ်သား ၃-၄ ယောက်ကြား ရွာသားတယောက် ညှပ် ခေါ်သွားတယ်။ အားလုံးပေါင်းရွာသား ၁၈ ယောက်က လိုက်ပို့ရတာ။  ၇ မိုင်လောက်သွားမှ ကားလမ်းပေါက်တဲ့နေရာရောက်တာ။ စစ်ယာဉ်တန်း ၃-၄ စီး နဲ့ သူတို့ကို လာကြိုသွားတယ်။ ဘာဘဲဖြစ်ဖြစ် သေနတ်သံမထွက်တော့ရင်တော့ စိတ်အေးလက်အေး စပါးရိတ်နိုင်ပြီပေါ့”  ဟု ဒေသခံစိုင်းမွန်းကလည်းပြောပါသည်။

ပြီးခဲ့သည့် စက်တင်ဘာလနှောင်းပိုင်းက ကာကွယ်ရေးဦးစီးချုပ်ကြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်မ တပ်ရင်းတိုင်းအား “ လူထုအားဖမ်းဆီး၍ လမ်းပြစေခြင်း၊ ပေါ်တာထမ်းပေးခိုင်းခြင်း၊ ရိုက်နှက်ခြင်း မပြုရန် နှင့် မတရားသောနည်းလမ်းဖြင့် ရိက္ခာရှာခြင်းမပြုရန်” ဟူ၍ အမိန့်ချ ထားသော်လည်း ယနေ့တိုင် စစ်တပ်ဖက်မှ လိုက်နာခြင်းမတွေ့ရသေးပေ။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။