Thursday, October 24, 2013

KNPP နှင့် အစိုးရတို့ တတိယ အကြိမ် ဆွေးနွေးပွဲ ဆုံးဖြတ်ချက် (၇) ချက် ချမှတ်

(ရွှေဟင်္သာသတင်းဌာန)

ကယားပြည်နယ် လွိုင်ကော်မြို့ ပြည်နယ် ခန်းမတွင် နှစ်ရက်တာ ကျင်းပ ခဲ့သော ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) ကိုယ်စားလှယ် များနှင့် အစိုးရ ပြည်ထောင်စု အဆင့် ကိုယ်စားလှယ် များ၏ တတိယ အကြိမ် ပြည်ထောင်စု အဆင့် ဆွေးနွေး ပွဲသည် ရလာဒ် တစုံတရာ မရှိဘဲ ယမာန် နေ့က ပြီးဆုံး သွားသည်ဟု KNPP ၏ ဆွေးနွေးပွဲ ကိုယ်စားလှယ် ခေါင်းဆောင် ဒုတိယ ဥက္ကဌ ခူဦးရယ် က ဆိုပါသည်။

“ဖြစ်ထွန်းမှု အသစ်တွေ မရှိပါဘူး။ အဟောင်း ထဲမှာ သံသရာ လည်နေ သလိုပါဘဲ။ ကျနော် တို့က ဒုတိယ အကြိမ် ပြည်ထောင်စု အဆင့် ဆွေးနွေး ပွဲရဲ့ ဆုံးဖြတ် ချက်တွေကို ဘယ်လို အကောင် အထည် ဖေါ်ကြ မလဲ ဆိုတဲ့ အကြောင်း အရာ ဟောင်းကို ထပ်ကာ တလဲလဲ ဆွေးနွေး နေကြတာပါ။ ထူးခြား တာတော့ မရှိဘူး”ဟု ဆိုပါသည်။ 


ယခု တတိယ အကြိမ် ဆွေးနွေး ပွဲသည် ဒုတိယ အကြိမ် ဆွေးနွေး ပွဲ၏ သဘော တူညီချက် (၁၄) ချက်ထဲမှ အကောင် အထည် ဖေါ်ရမည့် ဆုံးဖြတ်ချက် (၇) ချက်ကို ချမှတ် နိုင်ခဲ့ သည်ဟု ဆိုပါသည်။ ယင်း ဆုံးဖြတ် ချက်များသည် တပ်ဖွဲ့ နေရာ ချထားရေး ကဲ့သို့ အရေးကြီး ဆုံးဖြတ် ချက်များ မဟုတ်ကြောင်း ဆိုပါသည်။

(၁) အပစ်အခတ် ရပ်စဲရေးကို ပူးတွဲ စောင့်ကြည့်ရန် (Joint monitoring committee) ဖွဲ့စည်းရေး အတွက် KNPP မှ နှစ်ဦး၊ KNPP မှ ရွေးချယ် ထားသော သမာသမတ် ရှိသူ (၃) ဦးနှင့် အစိုးရ ကိုယ်စားလှယ် (၂) ဦး၊ အစိုးရမှ ရွေးချယ် ထားသော သမာသမတ် ရှိသူ (၃) ဦး စာရင်းကို အတည်ပြု ဆုံးဖြတ်သည်။
(၂) အစိုးရ၏ တပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲသည် အားလုံး ပါဝင် လက်ခံနိုင်သော ဆွေးနွေး ပွဲမျိုး ဖြစ်လာရန် နှစ်ဖက် ပူးပေါင်း ဆောင်ရွက် သွားရန် သဘောတူ ဆုံးဖြတ်သည်။
(၃) စစ်ဘေးရှောင် ပြည်တွင်း ဒုက္ခသည် (IDP) များအတွက် အစမ်း ပရောချက် (Pilot project) ကို အကောင် အထည် ဖော်လျှင် KNPP မှ ပူးပေါင်း ပါဝင် ရန်နှင့် လူတဦးချင်း ဖြစ်စေ၊ အဖွဲ့ အစည်း ဖြစ်စေ၊ ၄င်းတို့ တိုင်တန်း ထားသည့် စာများ အပေါ် လက်ခံပြီး အရေးယူ ဆောင်ရွက် ပေးရန် ထပ်လောင်း သဘောတူ ဆုံးဖြတ်သည်။
(၄) ထိုင်း-မြန်မာ နယ်စပ် (BP 13) နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်း၏ လုံခြုံရေး အတွက် လိုရင် လိုအပ် သလို KNPP ဖက်မှ ပါဝင် ပူးပေါင်း ဆောင်ရွက်ရန် သဘောတူ ဆုံးဖြတ်သည်။
(၅) မြေမြှုပ်မိုင်း ရှင်းလင်း ရာတွင် နိုင်ငံတကာ စံနှုန်းနှင့် အညီ ဆောင်ရွက် သွားရန်နှင့် နှစ်ဖက် ပူးပေါင်း ဆောင်ရွက် သွားရန် သဘောတူ ဆုံးဖြတ်သည်။
(၆) KNPP ရဲဘော် များ၏ စားဝတ်နေရေး အတွက် အစိုးရမှ တတ်အားသမျှ ကူညီ ပံ့ပိုး သွားရန်  သဘောတူ ဆုံးဖြတ်သည်။
(၇) ၂၀၁၃-၁၄ ဘ
ာရေး နှစ်အတွင်း ကယား ပြည်နယ်၏ လျှပ်စစ်မီး ပိုမို ပြည်စုံစွာ ရရှိ လာရေး အတွက် ဆောင်ရွက် ပေးရန် သဘော တူသည်။ အထူး သဖြင့် အမှတ်(၁၄) တပ်မတော် စစ်ရေး လေ့ကျင့်ရေး ကျောင်းအနီးရှိ ကျေးရွာ များတွင် လျှပ်စစ်မီး ရရှိရေး အတွက် အထူး ဆောင်ရွက်ချက် အနေဖြင့် ကျေးရွာ နှစ်ရွာအား ဆိုလာ စနစ် တပ်ဆင် သွားရန် သဘောတူ ဆုံးဖြတ်သည်။ 

ယင်း ဆုံးဖြတ်ချက် များသည် အကြိမ်ကြိမ် ဆွေးနွေး ခဲ့ကြသော ကိစ္စများ ဖြစ်ပြီး အကောင်အထည် ဖေါ်ရန် အစိုးရ ဖက်မှ နှောင့်နှေး နေခြင်း ဖြစ်သည်ဟု ဆိုပါသည်။  KNPP မှ တင်ပြသော ကယား ပြည်နယ်ရှိ ဧည့်တပ်များ ဆုတ်ပေးရေး ကိစ္စနှင့် တပ်ဖွဲ့များ နေရာ ချထားရေး ကိစ္စ များကိုမူ အကြောင်း အမျိုးမျိုး ပြပြီး ဆုံးဖြတ် နိုင်ခဲ့ခြင်း မရှိပေ။ 

အစိုးရ ပြည်ထောင်စု အဆင့် ကိုယ်စားလှယ် များသည် ပြည်နယ် အဆင့် သဘော တူညီချက် များနှင့် ပြည်ထောင်စု အဆင့် သဘော တူညီချက် များကို အကောင် အထည် ဖေါ်တော့မည် မဟုတ်ကြောင်း အတိအလင်း ပြောကြား ခဲ့ပြီး တပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးရန် ကိစ္စနှင့် တပ်မတော်မူ (၆) ချက်ကို မူသစ် အဖြစ် အသိပေး ခဲ့ပြီး ဖြစ်ပါသည်။
KNPP ကလည်း အစိုးရ၏ တပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲသို့ တဖွဲ့တည်း တက်ရောက်၍ လက်မှတ် ထိုးမည် မဟုတ် သလို ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ၏ မူဖြင့် လက်မှတ် ထိုးသွား မည်ဟု အတိအလင်း ထုတ်ပြန် ခဲ့ပြီး ဖြစ်ပါသည်။ 

KNPP သည် အစိုးရနှင့် ၂၀၁၂ ခုနှစ် မတ်လတွင် အပစ်အခတ် ရပ်စဲ ခဲ့ပါသည်။ ဤကဲ့သို့ အပစ်အခတ် ရပ်စဲ နိုင်ရန် ပြည်နယ်အဆင့် တကြိမ်နှင့် ပြည်ထောင်စု အဆင့် (၃) ကြိမ် ဆွေးနွေး ဆုံးဖြတ်ပြီး သဘောတူ ခဲ့သော်လည်း မည်သည့် အရာမျှ အကောင်အထည် ဖေါ်မှု မရှိသဖြင့် ယုံကြည်မှု တည်ဆောက်ရန် ခက်ခဲ နေသည်ဟု သုံးသပ် နေကြ ပါသည်။ 

ဆက်စပ် သတင်းများ ဖတ်လိုပါက အောက်ဖော်ပြပါ လင့်ခ်၌ ဖတ်နိုင် ပါသည်။

http://www.burmese.phophtawnews.org/index.php/news/internal-news/item/411-2013-06-20-13-24-48.html
http://www.burmese.phophtawnews.org/index.php/news/internal-news/item/438-knpp.html

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။