Thursday, October 17, 2013

တိုက်ပွဲများကြောင့် အပစ်ရပ်ရေး ပျက်ပြယ်နိုင်ဟု RCSS သတိပေး

(Irrawaddy)

ရှမ်းပြည်နယ် တောင်ပိုင်း ကွန်ဟိန်း မြို့နယ်တွင် ယခုအောက်တို ဘာလ အတွင်း မြန်မာစစ်တပ် နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA) တို့အကြား တိုက်ပွဲများ ဖြစ်ပွား နေပြီး တိုက်ပွဲ များကြောင့်  အစိုးရ ဦးဆောင်ကျင်းပရန် စီစဉ်ထားသည့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ပျက်ပြယ် သွားနိုင်ကြောင်း RCSS/SSA၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းလောဝ်ဆိုင်းက ဧရာဝတီသို့ပြောသည်။

မြန်မာစစ်တပ်နှင့် RCSS/SSA တို့အကြား စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာလ ၁၂ရက်နေ့အထိ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး  RCSS/SSA ကဖွင့်လှစ်ထားသော ကွန်ဟိန်းမြို့နယ်၊ ၀ိန်းနေကျေးရွာရှိ  မူးယစ်ဆေး ဖြတ်စခန်း ဖျက်ဆီး ခံလိုက်ရကြောင်း သိရှိရသည်။


“အောက်တိုဘာ ၁၀ ရက်နေ့မှာ ကျနော်တို့ ရဲ့ ဘိန်းဖြတ်စခန်းကို ၀င်ရောက်တိုက်ခိုက်တဲ့အတွက် လုံခြုံရေး တာဝန်ယူထားတဲ့ တပ်သား ၂ ယောက် ကျဆုံးသွားတယ်။ ဘိန်းဖြတ်စခန်းမှာ ဘိန်းလာဖြတ်သူ ၅၀  လောက် ရှိပါတယ်။အစိုးရ တပ် တွေက ကျနော်တို့ ဘိန်းဖြတ်စခန်းကို မကြာခဏလာပြီးတိုက်ခိုက်နေပါတယ်” ဟု ဗိုလ်မှူး စိုင်းလောဝ်ဆိုင်းက ပြောသည်။

ယခုနှစ် မေလအတွင်းကလည်း  မြန်မာအစိုးရ တပ်နှင့် RCSS/ SSA တို့ တိုက်ပွဲ ဖြစ်ပွားနောက် ရှမ်းပြည် တပ်မတော် (RCSS/ SSA) တပ်ရင်း ၇၀၁ တည်ရှိရာ နမ့်ခမ်းမြို့နယ် နောင်မတာ ကျေးရွာရှိ မူးယစ်ဆေးဖြတ် စခန်း  ဖျက်ဆီး ခံခဲ့ရ သည် ဟု သိရှိရသည်။

တိုက်ပွဲများကြောင့် ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေရပြီး ဒေသခံအများစုမှာ ဒုက္ခများ ကြုံတွေ့ရနေရကြောင်း၊ လယ်သမားများလည်း လယ်ယာလုပ်ငန်းများ မလုပ်ကိုင်နိုင်ကြဘဲ စားဝတ်နေရေး ပြဿနာများကြုံတွေ့နေရသည်ဟု သိရှိရသည်။

ကွန်းဟိန်းမြို့ ဒေသခံ ဦးစိုင်းခမ်းက “ ကျနော်တို့ ဒေသခံတွေအနေနဲ့ တော့ သေနတ်သံတွေ မကြားချင်တော့ဘူး။ ဒီအချိန်က လယ်သမားတွေ စပါးရိတ်ရတော့မယ်အချိန်လေ။ အခုဆိုရင် လယ်ထဲသွားဖို့ ကြောက်နေရတယ်။ ဟိုတလောက ဆိုရင် ရွာထဲမှာ တိုက်ပွဲတွေဖြစ်လို့ ကွန်ဟိန်းမြို့ပေါ်ထဲလာပြီး ခိုလှုံနေရတယ်” ဟု ဧရာဝတီသို့ပြောသည်။

ကွန်ဟိန်းမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနုကမူ “ စစ်ပွဲကြောင့် ကျေးရွာက ဒေသခံတွေ ကွန်ဟိန်းမြို့ပေါ်ကိုတက်လာပြီး ဆွေမျိုးအိမ်မှာနေကြတယ်။ ဆွေမျိုးမရှိတဲ့ သူဆိုရင်တော့ ဘုန်းကြီးကျောင်းမှာ နေရတာပေါ့။တချို့လည်း တောထဲမှာ ရှောင်နေကြတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA) နှင့် မြန်မာအစိုးရ တို့သည် ၂၀၁၁ ခုနစ် ဒီဇင်ဘာ ၂ရက်တွင် ပဏာမ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီး၊ ပြည်ထောင်စုအဆင့် ကို ၂၀၁၃ခုနစ်
ဇန်န၀ါရီလ ၈ ရက်နေ့တွင်လက်မှတ်ရေးထိုး ကြပြီးနောက်ပိုင်း တိုက်ပွဲပေါင်း ၁၃၀ ကျော်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။