Friday, May 17, 2013

TNLA မှ အဆင့်မြင့် စစ်သင်တန်းဆင်းပွဲ ကျင်းပခြင်း

(ရွှေဟင်္သာသတင်းဌာန)

တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၏ အခြေခံ စစ်သင်တန်း ဆင်းပွဲ တစ်ခုကို ရှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ် အတွင်းရှိ TNLA  တပ်ရင်း ၃၆၇ နယ်မြေယမာန်နေ့ကျင်းပ ခဲ့ကြောင်း TNLA  ဗဟို ကော်မတီဝင် တစ်ဦး ဖြစ်သူ တာအိုက်ညမ်းက ဆိုပါသည်။  

“ အဲဒီ သင်တန်း ဆင်းပွဲမှာ ကချင် လွတ်လပ်ရေး တပ်မတော် KIA ဗိုလ်လောင်း သင်တန်းကနေ ဆင်းလာတဲ့ ကျနော်တို့ TNLA ဗိုလ်လောင်း ၅ ဦးကိုလဲ တပါတည်း ကြိုဆို ဂုဏ်ပြုပွဲလေးပါ ပြုလုပ်ပေးခဲ့တယ်။ သင်တန်း ကာလက (၂) လကြာ ပါတယ်။ အဲဒီ ဆင်းပွဲကို မဟာမိတ် ခေါင်းဆောင် တွေလည်း တက်ရောက် ခဲ့ပါတယ်။ ” ဟု ဆိုပါသည်။


အဆိုပါ အခမ်းအနားသို့ အခြေခံ စစ်သင်တန်း ကျောင်းဆင်းမှ အင်အား ၂၀၀ ခန့်၊ တအာင်း တပ်ဖွဲ့ ခေါင်းဆောင် များနှင့် အခြား မဟာမိတ်များ ဖြစ်ကြသော KIA အရာရှိ များနှင့် SSA အရာရှိများမှ တပ်အင်အား၂၀၀ ခန့်နှင့် တအာင်း ပြည်သူများ ၂၀၀ ခန့် စုစုပေါင်း အင်အား (၆၀၀) ခန့် တက်ရောက် ခဲ့ပါသည်။

ယင်းအခမ်းအနားကို တအာင်းပြည် လွတ်မြောက်ရေး တပ်ဦး TSLF အထွေထွေ အတွင်းရေးမှုး ဗိုလ်မှူး တာဘုန်းကျော်မှ တက်ရောက်ပြီး အဖွင့် အမှာစကား ပြောကြား ခဲ့ပါသည်။

ယင်းအခမ်းအနားဂုဏ်ပြုပေးခဲ့သော  KIA  ဗိုလ်လောင်းကျောင်းဆင်း TNLA သင်တန်းသား (၅) ဦးမှာ KIA ဗိုလ်လောင်း သင်တန်းကို ၂ နှစ်ခန့် တက်ရောက် ခဲ့ကြရပါသည်။ ဤသည် KIA နှင့် TNLA တို့၏ စစ်ရေး ပူးပေါင်း ဆောင်ရွက်မှု များအနက် တခုဖြစ်ပြီး ပူးပေါင်း စစ်ဆင်ရေး များကိုလည်း အထောက်အကူ ဖြစ်စေသည်ဟု ဆိုပါသည်။ 

TNLA လှုပ်ရှားနေသည့် ရှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်ဒေသ၊ နမ့်ခမ်းနှင့် လာရှိုး ဒေသတို့သည် KIA တပ်မဟာ (၄) ဧရိယာလည်း ဖြစ်သလို ရှမ်းပြည် တိုးတက်ရေး ပါတီ SSPP တပ်ဖွဲ့လည်း လှုပ်ရှားနေကြပါသည်။ ဤဒေသအစိုးရ တပ်အင်အား (၄၀၀၀) ခန့် စစ်ဆင် နေဆဲဖြစ်ပြီး တစ်ဖွဲ့ဖွဲ့နှင့် နေ့စဉ် တိုက်ပွဲဖြစ်ပွားလျှက် ရှိသည်ဟု TNLA က ဆိုပါသည်။ 

အစိုးရ တပ်ဖွဲ့များသည် TNLA စခန်း အနီးတွင် စခန်းငယ်များ တည်ဆောက်ပြီး နည်းသစ်ဖြင့် တိုက်ခိုက် လာခဲ့ပါသည်။ အစိုးရ တပ်များ၏ မသင်္ကာမှု၊ မုဒိန်းမှု ညှင်းပမ်းနှိပ်စက်မှုများနှင့် လူ့အခွင့်အရေး ချိုးဖေါက် ခံရမှုများ အပြင် နေရပ် စွန့်ခွာ ထွက်ပြေးရမှု လုပ်ရပ် များကြောင့် တအာင်း လူထုများသည် အစိုးရ တပ်ဖွဲ့များ အပေါ် မကြေနပ်မှုများ ပိုများ လာနေခဲ့ပါသည်။ ဤသို့ကြောင့် TNLA သည် တပ်သားသစ်များ စုဆောင်း ရာပိုမို လွယ်ကူလာသည့် အတွက် ၄င်းတို့၏ တပ်ဖွဲ့မှာလည်း တဖြည်းဖြည်း ကြီးထွား လာခဲ့သည်ဟု TNLA အရာရှိ များက ဆိုပါသည်။ 

TNLA သည် လောလောဆယ်အင်အား တစ်ထောင်ကျော် ဖြစ်လာခဲ့ပြီး တပ်ရင်း (၅) ရင်းဖြင့် စုဖွဲ့နိုင်ခဲ့သည်ဟု ဆိုပါသည်။ 
အခြေခံ စစ်သင်တန်း အပါဝင် ခေတ်မှီသည့် ဗိုလ်လောင်း သင်တန်းများပါ သင်ကြားခွင့် ရရှိ လာခဲ့ကြသဖြင့် တိုက်ရည် ခိုက်ရည်များလည်း စနစ်တကျ တိုးတက် လာခဲ့သည်ဟု စစ်ရေး အကဲခတ် များက ဆိုပါသည်။ 

တအာင်း လူမျိုး တို့သည် ၄င်းတို့၏ အမျိုးသား လွတ်မြောက်ရေး အတွက် (၁၉၆၃) ခုနှစ်တွင် ပလောင်ပြည် လွတ်မြောက်ရေး ပါတီ (PSLP) ကို ထူထောင်ပြီး စတင် တော်လှန် ခဲ့ပါသည်။ ထိုမှ တဆင့် (၁၉၇၆) ခုနှစ်တွင် ပလောင်ပြည် လွတ်မြောက်ရေး တပ်မတော် (PSLA) ကို ပြောင်းလဲ ဖွဲ့စည်း ခဲ့ပြီး (၁၉၉၁) ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲ ခဲ့ပါသည်။ 

(၂၀၀၅) ခုနှစ်တွင် စစ်အစိုးရသည် ဥက္ကဌ ဦးအိုက်မွန်း ခေါင်းဆောင်သော (PSLA) တပ်ဖွဲ့များအား လက်နက် အပ်ရန် အကြပ်ကိုင် ခဲ့သဖြင့် ၄င်းတို့ လက်နက် ချခဲ့ရပါသည်။ 

PSLA ခေါင်းဆောင် တချို့သည် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲ ထားခြင်းကို လက်မခံနိုင်ကြသဖြင့် (၁၉၉၂)ခုနှစ်တွင် ပလောင် အမျိုးသား လွတ်မြောက်ရေး တပ်ဦး (PSLF) ကို ဖွဲ့စည်း ခဲ့ပါသည်။ ဤအဖွဲ့သည် လုံခြုံရေး ကင်းမဲ့နေသော တအာင်း ဒေသသို့ ပြန်လည် အခြေချရာက တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်ကို အသစ် ပြန်လည် ဖွဲ့စည်းပြီး အမျိုးသား လွတ်မြောက်ရေး တာဝန်နှင့် လောလောဆယ် ရင်ဆိုင်နေရသော တအာင်းပြည် ဘိန်းစစ်ပွဲကို ဆင်နွှဲနေခဲ့ပါသည်။

အစိုးရသည် TNLA နှင့် အပစ်အခတ် ရပ်စဲနိုင်ရန် သွယ်ဝိုက်သော နည်းဖြင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးမှု ရှိခဲ့သော်လည်း သဘော တူညီမှု အဆင့်ကို မရောက်သေးကြောင်း TNLA ခေါင်းဆောင်များက ဆိုပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။