Thursday, May 30, 2013

လူထုအားကိုးသည့်ချောင်းရေအား တရုတ်ရာဘာခြံအတွက် ဝ တပ်ဖွဲ့ဖြတ်သုံး



သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် ပုံပါကျင်မြို့နယ်ခွဲအတွင်းရှိ လယ်သမားများ အားကိုးရသည့် ချောင်းရေ အား ချောင်းဦးပိုင်းမှ ဖြတ်ယူပြီး တရုတ်ရာဘာခြံအတွက် အသုံးပြုမည်ဟု တောင်ပိုင်း ၀ တပ်ဖွဲ့က အာဏာ သုံးပြီး ပြောဆိုလာသည်ဟု ဒေသခံများက ပြောပါသည်။

“ကျနော်တို့ ပုံပါကျင်မှာ နမ့်ဟူးချောင်းမှ ထဲ စီးဝင်တဲ့ ချောင်းလက်တက်ငယ် သုံးခု ရှိတယ်။ နမ့်ခဲမ် ချောင်း တခုဘဲ လယ်သမားတွေအတွက် အသုံးဝင်တာ။ တခြားချောင်းတွေက အဲဒီလောက်အသုံးမဝင်ဘူး။ ဘာဖြစ် လို့ အဲဒီနမ့်ခဲမ်ချောင်းကိုမှ လာလုယူတာလဲ။ နမ့်ထလန်းချောင်း နမ့်ယုံးချောင်းမှာ သွားသွယ်ယူပါလား” - ဟု လယ်သမား တဦးက ပြောပါသည်။


နမ့်ခဲမ်ချောင်းဦး အား တရုတ်ရာဘာခြံအတွက် သွယ်ယူရန် ဗမာစကားကျွမ်းကျင်သည့် ၀ တပ်ဖွဲ့မှ တရုတ် အမျိုးသားတဦးက ပုံပါကျင်ရပ်မိရပ်ဖထံ   ‘ရာဘာခြံအတွက် ငါတို့ နမ့်ခဲမ်ချောင်းကို သွယ်ယူမယ်’ ဟုလာ ရောက်ပြောဆိုကြောင်း၊ ‘နမ့်ခဲမ်ချောင်းသည် လယ်ဧကများစွာ ပေးကျွေးရမှာဖြစ်သည့်အတွက် မပေးနိုင်ဘူး ’ ဟု ရပ်ရွာလူထုက တုန့်ပြန်ရာ အဆိုပါ ဝ တပ်ဖွဲ့ဝင်က ‘ခင်ဗျားတို့ကို ခွင့်လာတောင်းတာမဟုတ်ဘူး၊ အသိ လာပေးတာ’ - ဟု ပြန်လည်ပြောဆိုခဲ့ကြောင်း ဒေသခံ လယ်သမားများက ပြန်လည် ပြောပြသည်။

“ကျနော်ကိုယ်တိုင်လဲ လယ်သမားပါ။ ငယ်ကတည်းက လယ်လုပ်လာတာ။ ဒီဒေသမှာ နမ့်ခဲမ်ချောင်းကို အား ကိုးနေရတဲ့ လယ် ဧကနှစ်ထောင်လောက်ရှိတယ်။ ဝ တပ်ဖွဲ့အနေနဲ့ အာဏာသုံးပြီး အဲဒီလိုလာ မလုပ် သင့် ဘူးလေ။ အများနဲ့ဆိုင်တဲ့ ချောင်းရေ   မိမိကိုယ်ကျိုးစီးပွားအတွက် ရယူပြီး လူထု လယ်သမားတွေ အခက် အခဲဖြစ်လာအောင် ပြဿ နာ ဖြစ်လာအောင် လုပ်တာတော့ မခံနိုင်ဘူး။ အဲဒါကြောင့် ပြဿနာမဖြစ်အောင် ကြိုတင်တားဆီးနိုင်ဖို့အထက်ကို တင်ပြရမှာဘဲ” - ဟု မိုင်းတုံမြို့ မဲဆန္ဒနယ် အမှတ် ၂ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းဝင်းမြတ်ဦး က ပြောပါသည်။

အဆိုပါချောင်းရေသည် လယ်အတွက်အပြင် အစိုးရရုံးများ၊ ရဲစခန်း၊ ကျောင်း၊ ဆေးရုံ၊ နှင့် မြို့တွင်း ၅ ရပ် ကွက်လုံးက နေ့စဉ် အသုံးပြု အားထားရသည်ဟုဆိုသည်။ ထို့အတွက်   ဆွေးနွေးရန် ၀ အာဏာပိုင်များအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဦး က ယနေ့ ၁၀ နာရီ က ခေါ်ယူခဲ့သည်ဟု ရပ်ကွက်အကြီးအကဲတဦးက ပြောသည်။

နမ့်ခဲမ်ချောင်းဦးမှတဆင့် ရာဘာခြံရေသွင်းရန် လေးလက္မလုံးပတ်ပိုက်ဖြင့် သွယ်ယူမည်ဖြစ်ကြောင်း၊ အဆိုပါ ရာဘာခြံများမှာ ဝ တပ်ဖွဲ့နာမည်ခံပြီး ဗမာစကား သျှမ်းစကားလုံးဝမတတ်သည့် တရုတ်ပြည်မှလာသည့် ပြည်ကြီးတရုတ် လူမျိုးများက ပိုင်ဆိုင်သည်ဟု ဆိုသည်။ စီမံကိန်းစရန် ဝ တပ်ဖွဲ့မှ ဘူဒိုဇာကားများ ချောင်းဦးပိုင်းသို့ ဦးတည်သွားနေသည်ဟု သိရသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။