Tuesday, May 14, 2013

စစ်ပြေး ဒုက္ခသည်အား ပြန်ခွင့် ပေးသော်လည်း စိတ်ချရမည့် အခြေအနေ မရှိသေး

(ရွှေဟင်္သာသတင်းဌာန)

ရှမ်းပြည် တိုးတက်ရေး ပါတီ SSPP/SSA နှင့် အစိုးရ ကိုယ်စားလှယ် အဖွဲ့တို့၏ ဆွေးနွေးပွဲ သဘော တူညီချက် အရ စစ်ပြေး ဒုက္ခသည်များ နေရပ်ပြန်ခွင့် ပေးသော်လည်း စိတ်ချနိုင်လောက်သည့် အခြေအနေများ မရှိသေးကြောင်း တန့်ယန်း ဒုက္ခသည် ကိုယ်စား မြို့ နယ် အဆင့် တအာင်း (ပလောင်) စာပေနှင့် ယဉ်ကျေးမှု အသင်းဝင် တစ်ဦးက ဆိုပါသည်။

“ မေလ ၁၁ ရက်နေ့က သူတို့တတွေ တွေ့ကြပြီး ဒီတန့်ယန်းမြို့ အောင်မင်္ဂလာ ကျောင်းတိုက်မှာ ရှိနေတဲ့ တအာင်း ဒုက္ခသည်တွေကို လာရောက် တွေ့ဆုံတယ်။ တိုက်ပွဲတွေ မရှိတော့ဘူး နေရပ် ပြန်ကြဖို့ ပြောသွားပါတယ်။ နေရပ် ပြန်ပို့ ရတော့မယ်လို့ ပြောပါတယ်။ ဆန်ခွဲတမ်းတွေ ပေးပြီး ပြန်လွှတ်လိုက် ရပေမဲ့ ပြန်သူတို့ အတွက် ကတော့ လုံခြုံမှု အပြည့် အဝ မရှိသေးဘူး ” ဟု ဆိုပါသည်။


SSPP နှင့် အစိုးရ ကိုယ်စားလှယ် တို့သည် ပြီးခဲ့သည့် မေလ (၁၁) ရက်နေ့တန့်ယန်းမြို့တွင် တွေ့ဆုံ ဆွေးနွေး ခဲ့ပါသည်။ ယင်းဆွေးနွေးမှ တန့်ယန်းမြို့ပလောင် ဒုက္ခသည် (၆၀၀) ခန့် ရှိသည်ဟု အစိုးရ ဖက်မှ ပြောကြား ခဲ့ပါသည်။  သို့သော် တအာင်း လွတ်မြောက်ရေး တပ်မတော် TNLA ကမူ ပလောင် ဒေသစစ်ပြေး ဒုက္ခသည် ပေါင်း (၃၀၀၀) ခန့် ရှိလိမ့်မည်ဟု ခန့်မှန်း ထားပါသည်။ 

မေလ ၁၂ ရက်နေ့တွင် SSPP/SSA အဖွဲ့မှ ဗိုလ်မှူး စိုင်းလသည် တန့်ယန်းမြို့ပေါ်ရှိ တအာင်း စစ်ပြေး ဒုက္ခ သည်များအား လာရောက် တွေ့ဆုံပြီး ဆန်အိတ် (၄၀၀) ခန့် နှင့် မိုင်းကောင်း မြို့နယ်ရှိ ဒုက္ခသည် စခန်း နှစ်ခု အတွက် ဆန်အိတ် (၆၀၀) သွားရောက် လှူဒါန်း သွားခဲ့သည်ဟု ဦးမောင်ကိုက ဆိုပါသည်။ ထို့အပြင် “လက်ရှိ ပစ်ခတ်နေမှုများကို ရပ်ဆိုင်းရန် အစိုးရ ကိုယ်စားလှယ်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ဖြစ်သောကြောင့် နေရပ်သို့ ပြန်နိုင်ပြီး ဖြစ်ကြောင်း” ဗိုလ်မှူး စိုင်းလမှ ပြောဆို ခဲ့သည်ဟု ဆိုပါသည်။

“တဖက်နဲ့ တဖက် တိုက်ပွဲတွေ မဖြစ်တော့ဘူး ပြောနေပေမဲ့ စိတ်ချ လောက်တဲ့ အခြေအနေမှာ မရှိသေးဘူး။ လက်တွေ့ မြင်နေရတာက ကချင်ပြည်နယ်မှာ ရှိတဲ့ ကချင် စစ်ပြေး ဒုက္ခသည်တွေကို မြန်မာ အစိုးရဘက်က တိုက်ပွဲတွေ မရှိတော့ဘူး ပြန်လို့ ရပြီး ခဏခဏ ပြောနေတယ်။ ယခုချိန် အထိ တိုက်ပွဲတွေ ဆက်ဖြစ်နေတုန်း ဆိုတော့ အဲဒါကြောင့် ဒီတန့်ယန်း စစ်ပြေး ဒုက္ခသည် အတွက်လဲ အဆင်ပြေ လိမ့်မယ်လို့ မထင်ဘူးဗျ။” ဟု ဆိုပါသည်။

တအာင်း (ပလောင်) ဒေသတွင် အစိုးရ ဧည့်တပ် အင်အား (၄၀၀၀) ခန့် ရှိပြီး၊ ရှမ်းပြည် မြောက်ပိုင်းရှိ KIA ၊ TNLA နှင့် SSPP တို့အား စစ်ဆင်နေ ပါသည်။ ပြီးခဲ့သည့် မတ်လ ၁၉ ရက်နေ့ တွင်လည်း ရှမ်းပြည် တိုးတက်ရေး ပါတီ SSPP/SSA တပ်ဖွဲ့အား လွယ်လန်း လွယ်စေး တောင်တန်းမှ ဆုတ်ခွာပေးရန် ရာဇသံပေး တိုက်ခိုက် မှုကြောင့် စစ်ပြေး ဒုက္ခသည်များစွာ နေရပ် စွန့်ခွာ ခဲ့ကြပါသည်။

အစိုးရသည် ဒုက္ခသည်များကို နေရပ်ပြန်ပို့ရန် မည်သို့ပင် ညွှန်ကြားနေစေကာမူ  ရှမ်းပြည်မြောက်ပိုင်း KIA တပ်မဟာ (၄) ဒေသနှင့်  လွယ်လန်း လွယ်စေး ဒေသတို့အစိုးရ တပ်အင်အား အလုံးအရင်း ရှိနေဆဲဖြစ်ပြီး တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလာနိုင်ဖွယ်ရာ ရှိနေသည်ဟု ဒေသခံများက ဆိုနေပါသည်။  

အကယ်၍ အစိုးရ တပ်ဧည့်တပ်များ ယင်းဒေသမှ ဆုတ်ခွာပေးပါက ဒုက္ခသည်များ နေရပ်ပြန်ရန် ဖြစ်နိုင်ဖွယ် ရှိပါသည်။ ဒေသခံများသည် အိုးအိမ် စီးပွားများကို စွန့်ပြီး အသက်ရှင်သန်ရေးအတွက် မလွှဲမရှောင်သာ ထွက်ပြေး ခဲ့ကြရသဖြင့် နေရပ်ပြန်လိုသည်မှာ သေချာ လှပါသည်။  ဒုက္ခသည် ဘ၀ရောက်ရှိရန် ဖန်တီး ထားပြီးကာမှ  နေရပ်ပြန်ခွင့်ပေး လိုက်သည်ဟု ညွှန်ကြားနေခြင်းသည် အသံကောင်း ဟစ်နေခြင်းသာ ဖြစ်ကြောင်း ဒေခံများက ဆိုပါသည်။ 

သတ်ဖြတ်မှု၊ မုဒိန်းမှု၊ နှိပ်စက်မှု များသည် အစိုးရ တပ်ဖွဲ့ များကသာ ဖန်တီးနေခဲ့ပါသည်။ တပ်အင်အား အလုံးအရင်းဖြင့် စစ်ဆင်လာပြီး၊ ဒေသခံများ၏ အသက် အိုးအိမ် စည်းစိမ်များကို ခြိမ်းခြောက်နေခြင်းသာ ဖြစ်နေပါသည်။ ဤကဲ့သို့ စစ်ရေး အရ ဖြစ်လာသော ဒုက္ခသည်များကို အစိုးရ မဟုတ်သော လူထု လူတန်းစား အဖွဲ့အစည်းများက လက်ခံ ကူညီစောင့်ရှောက် ပေးလျက် ရှိပါသည်။ 

ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့သို့ ရောက်ရှိလာသော စစ်ပြေး ဒုက္ခသည်များကိုမူ မေတ္တာ စက်ဝိုင်း အမည်ရှိ ရှမ်းလူမှု အဖွဲ့ အစည်း တစ်ခုမှ  စခန်း ဖွဲ့ပြီး တာဝန်ယူ လက်ခံ နေရာချ ပေးကာ ပြုစု စောင့်ရှောက်နေပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။