Wednesday, May 29, 2013

သမ္မတဦးသိန်းစိန်နှင့် ဒုဗိုလ်ချုပ်ကြီးရွက်ဆစ်တို့ တပ်ပိုင်းဆိုင်ရာ ဆွေးနွေးမည်

(The Voice Weekly)

အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု လက်မှတ်ရေးထိုး ထားသော်လည်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေသော ကြောင့် RCSS/SSA ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်နှင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်တို့ နှစ်ဖက်တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များကို ဇွန်လ ပထမပတ်အတွင်း တွေ့ဆုံဆွေးနွေး မည်ဖြစ်ကြောင်း RCSS/SSA မှ ဗိုလ်မှူးကြီး သိုက်ဦးက The Voice သို့ ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဗိုလ်ချုပ်ကြီးရွက်ဆစ်တို့ ဇွန်လအတွင်း
တွေ့ဆုံနိုင်ရန် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်း က မေလ ၂၈ ရက်နေ့တွင်ပြုလုပ်သော KIO/KIA အဖွဲ့နှင့်ဆွေးနွေးပွဲသို့ တက်ရောက် လာသည့် RCSS/SSA အဖွဲ့ဝင်များကို ကတိပေး ပြောကြားခဲ့ခြင်းဖြစ်သည်။

အပစ်အခတ် ရပ်စဲထားသော တပ်မတော်နှင့် ရှမ်းပြည်တပ်မတော်တို့ မေလ ၉ ရက်နေ့က စတင်ပြီး တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေသဖြင့် နှစ်ဖက်တပ်များ ကို ထိန်းသိမ်းသွားရန် အဓိကထားဆွေးနွေး မည်ဖြစ်ကြောင်း RCSS/SSA အဖွဲ့မှ ဗိုလ်မှူးကြီးသိုက်ဦးက ပြောကြားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် နောင်မကျေးရွာတွင်ရှိသော ရှမ်းပြည် တပ်မတော် (တောင်ပိုင်း) ၏ စစ်ဒေသ အမှတ် (၇၀၁) ကို တပ်မတော်က မေလ ၉ရက်နေ့တွင် သိမ်းယူလိုက်ပြီး နောက်ပိုင်း တပ်မတော်နှင့် RCSS/SSA တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။

"လက်နက်ကိုင် မတိုက်ဘဲ ဆက်ဆံရေး ရုံးကနေတစ်ဆင့် ဆက်သွယ်ဖို့ အကြံပြုသွား မယ်" ဟု ဗိုလ်မှူးကြီးသိုက်ဦးက ဆိုသည်။
RCSS/SSA ဆက်ဆံရေးရုံးများကို တောင်ကြီး၊ ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းဆတ်နှင့် ခိုလမ်ဒေသတို့တွင် ဖွင့်လှစ်ထားပြီး ဖြစ်သော်လည်း မူဆယ်နှင့် နမ့်ခမ်းမြို့တို့တွင် ဆက်ဆံရေးရုံးများ မဖွင့်လှစ်ရသေးကြောင်း RCSS ၏ ထုတ်ပြန် ချက်များအရ သိရသည်။

တပ်အင်အား ခြောက်ထောင်ခန့် ရှိသော ရှမ်းပြည်နယ်တောင်ပိုင်း လွယ်တိုင်းလျှန်ဒေသ အခြေစိုက် RCSS/SSA မှာ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂ရက်နေ့တွင် အစိုးရ နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ် ရေးထိုးထားသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။