Tuesday, May 28, 2013

ရှမ်းပြည်နယ်အတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများတွင် ပြီးခဲ့သည့် နှစ်နှစ်အတွင်း ဘိန်းစိုက်ပျိုးမှုများ ပြန်လည်များပြားလာ

(Eleven Media Group)

ဘိန်းအစားထိုး သီးနှံများ စိုက်ပျိုးရန် ထောက်ပံ့ပေးမှုများ မရှိသဖြင့် ရှမ်းပြည်နယ် အတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများတွင် ပြီးခဲ့သည့် နှစ်နှစ်အတွင်း ဘိန်းစိုက်ပျိုးမှုများ ပြန်လည် များပြားလာကြောင်း မန်ပန်ဌာနေ ပြည်သူ့စစ်အဖွဲ့ဥက္ကဋ္ဌ ဦးစိုင်မွန်က မေ၂၇ ရက်တွင် ပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

မီဒီယာတွေ့ဆုံပွဲတွင် Eleven Media Group မှ ''အခု မန်ပန်ပြည်သူ့စစ်အဖွဲ့ အုပ်ချုပ်ခွင့်ရတဲ့ နယ်မြေတွေမှာ ဘိန်းမစိုက်ဖို့ ညွှန်ကြားချက်တွေ ထုတ်ပြန်ဆောင်ရွက်နေတယ်လို့ ကြားသိရပါတယ်။ အဲလို ဆောင်ရွက်နေတဲ့ ကာလမှာ ဘိန်းစိုက်ပျိုးမှုက ဘယ်လောက်ပမာဏ ပပျောက်သွားပြီလဲဆိုတာ သိချင်ပါတယ်'' ဟု မေးမြန်းချက်ကို ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။


မန်ပန်ဌာနေ ပြည်သူ့စစ်အဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်မွန်က ''ဘိန်းစိုက်ပျိုးမှု ရာနှုန်းပြည့် ကင်းရှင်းအောင် ၂၀၀၃ ခုနှစ်ကတည်းက ကြိုးစားလုပ်ဆောင် ခဲ့ကြပါတယ်။ ကျွန်တော်တို့ နယ်မြေထဲမှာ ၂၀၀၃၊ ၂၀၀၄၊ ၂၀၀၅၊ ၂၀၀၆၊ ၂၀၀၇ ခုနှစ်အထိ ကင်းတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ ဘိန်းပြန်စိုက်လာကြတယ်။ စိုက်ရတဲ့ အကြောင်းအရင်းက လူထုက စားဝတ်နေရေးအတွက် နိုင်ငံတော်က စောင့်ရှောက်ပေးတာ သိပ်မရှိဘူး။ စားဝတ်နေရေးအတွက် ဘိန်းပြန်စိုက် လာကြတယ်။ ဘိန်းအစားထိုး သီးနှံတွေ စိုက်ပျိုးဖို့ အတွက်လည်း အစိုးရနဲ့ အဖွဲ့အစည်း တွေကနေ ထောက်ပံ့ပေးတာ ဘာမှမရှိဘူး'' ဟု ပြန်လည် ဖြေကြားခဲ့သည်။


ဘိန်းကို လူထုစိုက်တာ များပြားလာရတဲ့ အကြောင်းရင်းက ဈေးကောင်းရတယ်။ လုပ်ကိုင်ချိန်လည်း နည်းနည်းပဲရှိတယ်။ လူထုက စားဝတ်နေရေးအတွက် အကျိုးရှိတာ ပိုစိုက်ကြတာ။ လူထုစားဝတ်နေရေး ပြေလည်ရင် ဘိန်းစိုက်ပျိုးမှု ပျောက်နိုင်တယ်။ ဘိန်းက တစ်ပိဿာကို အနည်းဆုံး ငွေကျပ် သုံးသိန်းလောက် ရတယ်။ သုံးလေးလအတွင်း ၁၀ ပိဿာဆိုရင် သိန်း ၃၀ လောက်ရမယ်။ အခြား သီးနှံတွေ စိုက်တာထက် ငွေပိုရလွယ်တယ်။ ဖြတ်လမ်းနည်းနဲ့ ငွေရှာကြတာ...



ဆက်လက်၍ ၎င်းက''ဘိန်းကို လူထုစိုက်တာ များပြားလာရတဲ့ အကြောင်းရင်းက ဈေးကောင်းရတယ်။ လုပ်ကိုင်ချိန်လည်း နည်းနည်းပဲရှိတယ်။ လူထုက စားဝတ်နေရေးအတွက် အကျိုးရှိတာ ပိုစိုက်ကြတာ။ လူထုစားဝတ်နေရေး ပြေလည်ရင် ဘိန်းစိုက်ပျိုးမှု ပျောက်နိုင်တယ်။ ဘိန်းက တစ်ပိဿာကို အနည်းဆုံး ငွေကျပ် သုံးသိန်းလောက် ရတယ်။ သုံးလေးလအတွင်း ၁၀ ပိဿာဆိုရင် သိန်း ၃၀ လောက်ရမယ်။ အခြား သီးနှံတွေ စိုက်တာထက် ငွေပိုရလွယ်တယ်။ ဖြတ်လမ်းနည်းနဲ့ ငွေရှာကြတာ'' ဟု ဆက်လက် ပြောကြားသည်။

ဘိန်းစိုက်ပျိုးမှုများ မပြုလုပ်ရန် မန်ပန် ပြည်သူ့စစ်တပ်ဖွဲ့ အုပ်ချုပ်ရာဒေသများ အတွင်းရှိ ဒေသခံများထံ ကြေညာချက်ထုတ်ပြန်ပြီး ထိန်းချုပ်လျက်ရှိကြောင်း ဦးစိုင်မွန်က ဆက်လက် ပြောကြားခဲ့သည်။

''ကျွန်တော်တို့က ကျွန်တော်တို့ဒေသခံတွေထဲမှာ ဘိန်းနည်းနည်း သုံးတာ စိုက်တာတွေ့ရင် ဖမ်းပြီး အကျဉ်းချတယ်။ လုပ်တာများရင်ဖမ်းပြီး အစိုးရလက်ကို အပ်တယ်။ ငါတို့ကတော့ ဘိန်းမစိုက်ဖို့ ပြောထားပြီးပြီ။ ဘိန်းစိုက်တာကို အစိုးရကသိလို့ အရေးယူရင် ငါတို့နဲ့မဆိုင်ဘူးလို့ ပြောထားတယ်'' ဟု ဦးစိုင်မွန်က ဆိုသည်။

ဘိန်းစိုက်ပျိုးမှု အများဆုံးနေရာမှာ ရှမ်းပြည်နယ်တောင်ပိုင်းဖြစ်ပြီး မန်ပန်ဒေသ အတွင်းရှိ ဘိန်းပြန်လည် စိုက်ပျိုးမှုများ ပြုလုပ်လာသည့် နယ်မြေမှာ နမ့်မွန်ဆယ်ကျေးရွာ ၀န်းကျင်တစ်ဝိုက် ဖြစ်ကြောင်း သိရသည်။

မန်ပန်ပြည်သူ့စစ်အဖွဲ့ကို '၀' လူမျိုး အများစုဖြင့် အဓိကဖွဲ့စည်းထားပြီး ရှမ်းပြည်နယ်ရှိ လားရှိုးမြို့နယ် ဆက်စပ်နယ်မြေ၊ တန့်ယန်းမြို့နယ် ဆက်စပ်နယ်မြေ၊ မိုင်းရယ် ဆက်စပ်နယ်မြေများတွင် နယ်မြေလုံခြုံရေးများနှင့် ဒေသဖွံ့ဖြိုးရေးများကို လုပ်ပိုင်ခွင့် ရရှိထားသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။