Friday, May 17, 2013

အစိုးရက တနိုင်ငံလုံးအပစ်ရပ်ကြောင်း တရားဝင်ကြေငြာပေးရန် သျှမ်းခေါင်းဆောင်တောင်းဆို



အစိုးရဘက်မှ တနိုင်ငံလုံးအပစ်ရပ်ကြောင်း တရားဝင်ကြေငြာပေးရန် ဦးအောင်မင်းနှင့် အခုအပတ်အတွင်းကတွေ့ဆုံစဉ် သျှမ်းခေါင်း ဆောင်များက တိုက်တွန်းလိုက်ပါသည်။

ယခုအပတ် တနင်္လာနေ့ မေလ ၁၃ ရက်နေ့က ရန်ကုန်မြို့၌ ပြည်ထောင်စုဝန်ကြီး ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီဥက္ကဌ ဦးအောင်မင်းနှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ်နှင့် ဥရောပ - မြန်မာရုံးမှ စဝ်ဟန်ယောင်ဟွေတို့ MPC မြန်မာငြိမ်းချမ်းရေးစင်တာတွင် တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။


“ ဦးအောင်မင်းနဲ့အဖွဲ့ကိုတွေ့ဆုံနိုင်ဖို့ EBO စဝ်ဟန်ယောင်ဟွေ့က ကမကထပြု ကူညီဆောင်ရွက်ပေးပါတယ်။ အဲဒီမှာ စဝ်ဟန်ယောင်ဟွေ့က ငြိမ်းချမ်းရေးဆက်လက်တည်ဆောက်သွားဖို့အတွက်  နိုင်ငံရေးဆွေးနွေးဖို့လိုတယ်၊  ဆိုတော့   အစိုးရကနေ တိုင်းရင်းသားတပ်ဖွဲ့အားလုံးနဲ့ အပစ်ရပ်ရေးကို အမြန်ဆုံး ဆောင်ရွက်ပေးဖို့၊  တနိုင်ငံလုံး အပစ်ရပ်ကြောင်း  တရားဝင်ကြေငြာပေးဖို့  ဦးအောင်မင်းကိုပြောတယ် ”

ထို့အပြင် နိုင်ငံရေးဆွေးနွေးရန်အတွက် တိုင်းရင်းသား ခေါင်းဆောင်၊  နိုင်ငံရေးပါတီ ရပ်မိရပ်ဖများအား လက်နက်ကိုင် တိုင်းရင်းသား တပ်ဖွဲ့ များက တွေ့ဆုံဆွေးနွေးပြင်ဆင်ရမည်ဖြစ်သဖြင့် ၎င်းတို့အား ၁၇/၁ (မတရားအသင်း) မှပယ်ဖျက် ပေးရန်လည်း စဝ်ဟန်ယောင်ဟွေ့က ဦးအောင်မင်း အားပြောပါသည်။

တွေ့ဆုံပွဲတွင်   WGEC အဖွဲ့ဝင် KNU လည်းပါဝင်ကြောင်း၊ SNLD ဥက္ကဌ စဝ်ခွန်ထွန်းဦးကိုလည်း RCSS/SSA မှ ဖိတ်ခေါ်ကြောင်း သိရသည်။

“ စဝ်ခွန်ထွန်းဦးကတော့ - အပစ်ရပ်ထားတယ်ဆိုပေမယ့် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွါးနေတာဟာ မြန်မာ့တပ်မတော် ဘက်က စတင်တာချည်းဖြစ်နေတာဖြစ်တဲ့အတွက် အစိုးရကနေ တပ်မတော်ကို နိုင်အောင် ကိုင်ပေးဖို့ ပြောသွားတယ်။ ခေါင်းဆောင်တွေတင်ပြ  တာတွေကို  ဦးအောင်မင်းက မှတ်သားသွားပြီး အထက်ကိုတင်ပြ ပေးမယ်လို့ပြောတယ်” ဟုလည်း ဗိုလ်မှူးလောင်ဝ်ဆိုင်ကပြောသည်။

ငြိမ်းချမ်းရေးတည်ဆောက်လိုသော ဆန္ဒအမှန်တကယ်ရှိမှသာ ငြိမ်းချမ်းရေးတည်ဆောက်မှုအောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ အစိုးရက ငြိမ်းချမ်းရေးတည်ဆောက်နေပြီး စစ်တပ်က လိုက်နာမှုမရှိဘဲ လုပ်ချင်ရာလုပ်နေသည်မှာ ငြိမ်းချမ်းရေးခရီးကို တားဆီးနှောင့်ယှက်နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် အဓိကကျဆုံးမှာ စစ်တပ်အား အာဏာအပြည့်ပေးထားသော ၂၀၀၈ ဖွဲ့စည်းပုံသာဖြစ်ကြောင်း  ဗိုလ်မှူးလောင်ဝ်ဆိုင်က ထောက်ပြပါသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ တို့ ငြိမ်းချမ်းရေးဆက်လက်တည်ဆောက်ရန် လာမည့်လအတွင်း ထပ်မံတွေ့ဆုံဖို့ရှိကြောင်းလည်း RCSS ကပြောပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။