Thursday, May 30, 2013

သမ္မတနှင့် တွေ့ဆုံရန် RCSS မှ တောင်းဆို

(ရွှေဟင်္သာသတင်းဌာန)

ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) သည် အကောင်အထည် မဖေါ်နိုင်သေးသော သဘော တူညီချက်များကို တင်ပြနိုင်ရန် သမ္မတနှင့် တွေ့ဆုံခွင့်ပေးရန် တောင်းဆို ထားသည်ဟု ပြောခွင့်ရသူ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ဆိုပါသည်။  

“ ပြီးခဲ့တဲ့ မေလ (၁၃) ရက်နေ့က ဦးအောင်မင်းတို့နဲ့ MPC မှာ တွေ့တုန်း တောင်းဆိုခဲ့တာပါ။ သူကတော့ ဒုသမ္မတနဲ့ တွေ့ဖို့ပြောပါတယ်။ လာမယ့် ဇွန်လပေါ့နော်။ ကျနော်တို့ ကတော့ ဒီကိစ္စကို လာမယ့် ဇွန်လ ဗဟို ကော်မီတီ အစည်းအဝေးကို အရင် တင်ပြပြီးမှ တွေ့ကြမယ့် အချိန်ကို ထပ်ချိန်းမယ်လို့ ပြောထားခဲ့တယ်။ဟုဆိုပါသည်။


RCSS သည် ပြည်ထောင်စုငိမ်းချမ်းရေး ဖေါ်ဆောင်ရေး ကော်မီတီများနှင့် ထပ်မံ တွေ့ဆုံရန် အတွက် သွားရောက် ညှိနှိုင်းစဉ်က သမ္မတနှင့် တွေ့ဆုံရန် တင်ပြခဲ့ခြင်း ဖြစ်ပါသည်။ RCSS သည်  အစိုးရနှင့် ပြည်နယ် အဆင့် အပါအ၀င် ပြည်ထာင်စု အဆင့်၌ () ကြိမ် ဆွေးနွေးခဲ့ပြီး သဘော တူညီချက်ပေါင်း (၄၀) ကျော် သဘော တူထားခဲ့ပါသည်။

သို့သော် ဤအချက်များထဲမှ ဆက်ဆံရေးရုံး ဖွင့်လှစ်ခြင်း ကိစ္စနှင့် နယ်မြေ ဖြတ်သန်း သွားလာရေး ကိစ္စလက်နက် မပါပဲ အကြောင်းကြားပြီး သွားလာကြရန် ဆိုသည့် အချက်နှစ်ချက်ကိုသာ အကောင်အထည် ဖေါ်ခဲ့ပါသည်။

ဤကဲ့သို့ သဘော တူထားသော်လည်း အစိုးရ စစ်ကြောင်းများသည် အကြောင်းကြားမှု မရှိဘဲ RCSS ဒေသထဲသို့ ၀င်ရောက် လှုပ်ရှားသဖြင့် အကြိမ် (၆၀) နီးပါးခန့် တိုက်ပွဲဖြစ်ပွား ခဲ့ပါသည်။ တိုက်ပွဲဖြစ်ပေါ်တိုင်းလည်း သမ္မတထံ စာရေးခဲ့ သော်လည်း ထူးခြားမှု မရှိခဲ့ကြောင်း ဆိုပါသည်။ 

RCSS သည် သဘော တူညီချက် (၄၀)ကျော်ထဲမှ သဘောတူထားသည့် တပ်နေရာ ချထားရေး၊ နယ်မြေ သတ်မှတ်ရေး၊ မူးရစ် ဆေးဝါး ပူးပေါင်း တိုက်ဖျက်ရေးနှင့် ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ စသည့် အရေးကြီး ကိစ္စများကို အကောင်အထည် ဖေါ်ရန် လိုအပ်ကြောင်း သမ္မတအား တိုက်တွန်း လိုသဖြင့် တွေ့ဆုံရန် လိုအပ်ကြောင်း တောင်းဆိုခြင်းဖြစ်ပါသည်။ 

ကျနော်တို့တောင်းဆိုတာက သဘော တူညီချက်မှာ ပါပြီးသား အချက်တွေပါ။ အဲဒါကို အကောင်ထည်ဖော်ဖို့က အစိုးရ ဘက်ကလည်း မလုပ်ဘူး။ တပ်မတော်ကလည်း မလိုက်လျောဘူး။ ပူးပေါင်းဆောင်ရွက်မှု မရှိဘူး ဆိုလျှင် အပြန်အလှန် ယုံကြည်မှု တည်ဆောက်နေတယ် ဆိုတာပြောလို့ မရနိုင်ပါဘူး။ အပြန်အလှန် အသိမှတ်ပြုကြတာ မဟုတ်ဘူးလို့ ကျနော်တို့ ပြောချင်ပါတယ်ဟု ဆိုပါသည်။

ဤအခြေအနေတွင် သမ္မတ ရုံးဝန်ကြီး ဦးအောင်မင်းသည် RCSS ဥက္ကဌ အနေဖြင့် ဒုတိယ သမ္မနှင့် တွေ့ဆုံရန် ဖိတ်ခေါ် လိုက်ခြင်းဖြစ်ပါသည်။ RCSS သည် နိုင်ငံရေး အရ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် ရှိရေး၊ မူးယစ်ဆေးဝါး ပြသနာ ဖြေရှင်းရေးကို ပိုမိုဆွေးနွေး စေချင်ကြောင်း ဆိုပါသည်။

RCSS သည် ၂၀၁၁ ခုနှစ် နိုဝင်ဘာ (၁၉) ရက်နေ့တွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲ ထားပါသည်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မီတီ ဒုဥက္ကဌ ဦးသိန်းဇော်သည် အပစ်အခတ် ရပ်စဲထားသော အဖွဲ့များနှင့် ဖြစ်ပေါ်ခဲ့သော တိုက်ပွဲများသည် လက်အောက်ခံ ပြသနာသာ ဖြစ်ပြီး ငြိမ်းချမ်းရေးကို ထိခိုက်စေသော ပြသနာများ မဟုတ်ကြောင်း ပြီးခဲ့သည့် မေလ () ရက်နေ့တွင် ရှမ်းပြည် တိုးတက်ရေး ပါတီ ကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ် ပြောကြား ခဲ့ပါ သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။