Wednesday, May 29, 2013

တိုက်ပွဲကြောင့် အပြစ်မဲ့တအာင်းအမျိုးသမီးငယ်တစ်ဦးပွဲချင်းပြီးသေဆုံး

(တအာင်းမြေ)

တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ရင်း ၁၁၂၊ တပ်ခွဲ () ရှိရာသို့ အစိုးရ ခလရ ၄၅ တပ်ဖွဲ့နှင့် ပန်းဆေး ပြည်သူ့စစ် နှစ်ဖက် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားရာ အပစ်မဲ့ဒေသခံ အမျိုးသမီးငယ် တစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်းသိရသည်။ 

ဖြစ်စဉ်မှာ ၂၀၁၃ခုနှစ် မေလ(၂၈)ရက်နေ့လည်တွင် အသက်၁၈နှစ်ရှိ လွေးအေကျမ်ငင်းနှင့် သူမမိခင် ဒေါ်ယေကြာ(ယာမာသိန်း) တို့ မိုင်းယုလေးမှ ဂျုံနောရွာအသွား တုံ့ပန်းအရောက်တွင် တိုက်ပွဲဖြစ်ပွားရာမှ သူမ၏နာခေါင်း (ဦးခေါင်း) ကျဉ်ဆံမှန်ပြီး ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။ 


“ သေနတ်သံကြားလိုက်တာနဲ့ သူတို့သားအမိက လမ်းဘေးချုံထဲဝင်ပုံးနေတာ.. သေနတ်သံတိတ်ပြီဆိုပြီး ချုံကနေထွက်လာတာနဲ့ပဲ သူ့သမီးနှာခေါင်းမှန်သွားတယ် ပြီးတော့ချက်ချင်းလဲကျသွားတော့တာပဲ .. ဒါနဲ့သူ့အမေက အနီးတဝိုက်ရှိတောင်ယာ လုပ်နေတဲ့ လူတွေကို အကူအညီတောင်းတယ်..  မနေ့က ချက်ချင်းပဲ တောင်ယာလုပ်နေတဲ့ ဂျုံနောနဲ့မိုင်းယုလေး ဒေသခံတွေက ဝိုင်းပြီး င်္သဂြိုလ်မြုပ်နှံလိုက်တယ်” ဟု မိုင်းယုဒေသခံတစ်ဦးမှ ပြောပြခဲ့သည်။ 

ဆက်လက်ပြီး ဒီကနေမနက်၂နာရီခန့်တွင် အစိုးရ တပ်ဖွဲ့များနှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့ မိုင်းယုလေးကျေးရွာအနီးတိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့သည်။ တိုက်ပွဲကြောင့် မိုင်းယုလေးကျေးရွာသုံး သောက်ရေကန်တစ်ကန် ပျက်စီးသွားသည့်အပြင် ဦးအိုက်ညှို့မိသားစုအိမ်ပါ ထိခိုက်ပျက်စီးခဲ့သည်။ 

ဒေသခံများပြောပြချက်အရ ယခုချိန်ထိ လွေးအေကျမ်ငင်းအားမည်သည့်တပ်ဖွဲ့ကပစ်သတ်ခဲ့သည်ကို မသိရသေးသည့်အပြင် ပျက်စီးသွားသော မိုင်းယုလေးရွာလယ်ရှိ အများသုံး သောက်ရေကန်နှင့် ဒေသခံအိမ် ပျက်စီးသွားခြင်းသည် မည်သူ့လက်နက်ကြီးဖြစ်သည်ကို မသိကြောင်းပြောပြခဲ့သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။