Thursday, May 16, 2013

ဆက်ဆံရေးရုံးသည် ပြဿနာများဖြေရှင်းရန်အကောင်းဆုံးနေရာ RCSS ခေါင်းဆောင်ပြော



တိုင်းရင်းသားတပ်ဖွဲ့နှင့် အစိုးရတပ်မတော်ကြား တိုက်ပွဲများထပ်မံမဖြစ်ပွါးအောင်သက် ဆိုင်ရာဆက်ဆံရေးရုံး များသို့ မြန်မာစစ်တပ်မှ ဆက်သွယ်ဖြေရှင်းသင့်ကြောင်း RCSS/SSA ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောသည်။

ယခုလ အစောပိုင်းက သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် နောင်မရွာအခြေစိုက် RCSS/SSA ၏ အမှတ် ၇၀၁ ဌာနချုပ်အား မြန်မာစစ်တပ်က ဝင်ရောက်တိုက်ခိုက်မှုကြောင့် ဒေသခံအများအပြား တရုတ်ဘက်ခြမ်းသို့ ထွက် ပြေးခဲ့ရသည့်အပေါ် ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်က ထိုသို့ပြောဆိုလိုက်သည်။


“ အမှန်ဆို သက်ဆိုင်ရာ စစ်တိုင်းမှာ ကျနော်တို့ရဲ့ ဆက်ဆံရေးရုံးတွေရှိပါတယ်။ ဆက်ဆံရေးရုံးထား ရှိတာ  ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ဘဲမဟုတ်လား။  အင်အားသုံးပြီးပြဿနာ ဖြေရှင်းမယ့်အစား ဆက်ဆံ ရေးရုံးမှာ ဖြေရှင်းတာ အကောင်းဆုံးဘဲလို့ အကြံပေးချင်တယ်” ဟု ဆိုပါသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီသည် အစိုးရနှင့် ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးတည်ဆောက် ထား သည့်အဖွဲ့ဖြစ်ပြီး ဆက်ဆံရေးရုံးများကို သျှမ်းပြည်တောင်ပိုင်း ရပခတိုင်းအခြေစိုက်ရာ တောင်ကြီးမြို့၊ ရလခ တိုင်းရုံးအခြေစိုက်ရာ ခိုလမ်မြို့နယ်ခွဲ၊ သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ်၊ သျှမ်းပြည်အရှေ့ပိုင်း တြိဂံ တိုင်းရုံး စိုက်ရာ ကျိုင်းတုံမြို့နှင့် စကခ ၁၄ စိုက်ရာမိုင်းဆတ်မြို့၊ ထို့အပြင် ထိုင်း-မြန်မာနယ်စပ်ဖြစ်သော တာချီလိတ်မြို့ တို့တွင် ရုံးစိုက်ထားရှိပါသည်။

ခရိုင်မြို့ဖြစ်သည့် မူစယ်မြို့သည် နမ့်ခမ်းမြို့နှင့် ၁၉ မိုင် ခရီးသာ ဝေးကွာသည်။

အပစ်ရပ်ပြီးနောက်ပိုင်း သျှမ်းပြည်တပ်မတော်သည်  အစိုးရတပ်မတော်နှင့် လက်အောက်ခံပြည်သူ့စစ် တပ်ဖွဲ့ များအား အကြိမ် ၈၀ ထက်မနည်း ရင်ဆိုင်တိုက်ခိုက်နေရဆဲဖြစ်ကြောင်း RCSS ကပြောပါသည်။

ယခင်အပတ်က နမ့်ခမ်းမြို့နယ်ထဲက ဖြစ်ပွားသော တိုက်ပွဲမှာ သျှမ်းပြည်တပ်မတော်ဘက်က တရားမဝင် အခွန်ကောက်ခံမှု၊ တပ်သားသစ်စုဆောင်းမှု ၊ နယ်မြေချဲ့ထွင်မှု ကြောင့်ဖြစ်သည်ဟုလည်း အစိုးရပိုင် မြ၀တီ သတင်းက မေလ ၁၂ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

သျှမ်းပြည်တပ်မတော်ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်က ၎င်းတို့၏စွပ်စွဲမှုမှာ မှန်ကန်မှုမရှိကြောင်း ပြော ဆိုပါသည်။

“ ကျနော်တို့က မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွေလုပ်တယ်။ လူငယ်အကျင့်စာရိတ္တကိုပြုပြင်တဲ့ သင်တန်းတွေ ဖွင့်ပေးတယ်။ ကျနော်တို့ ဒီစီမံကိန်းကို လူထုက ထောက်ခံအားပေးတယ်။ အဲဒါကို မူးယစ်ကုန်သည်တွေနဲ့ လက်နက်ကိုင်အဖွဲ့တွေ နဲ့သူတို့နဲ့နီးစပ်တဲ့ အာဏာပိုင်တွေ ကနေမျက်စိဆံပင်မွှေးစူး နေဒါဖြစ်တယ်” ဟု ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောသည်။

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ရှိ ပန်းဆေးပြည်သူ့စစ်တပ်ဖွဲ့ခေါင်းဆောင်ဟောင်း (ယခု လွှတ်တော် အမတ်) ဦးကျော်မြင့်နှင့် လက်ရှိခေါင်းဆောင် (ဦးကျော်မြင့်၏ညီ ) ဦးကျော်ထွေး တို့သည် မူးယစ်ဆေးထုတ်လုပ် ရောင်းဝယ်မှု၌ နာမည်ကြီးနေကြသူများဖြစ်သည်ဟု သျှမ်းပြည်မူးယစ်ဆေးဝါး စောင့်ကြည့် လေ့လာရေးအဖွဲ့က ပြောပါသည်။

၎င်းတို့သည် အစိုးရ အာဏာပိုင်များနှင့်လည်း ရင်းနှီးဝင်ထွက်နိုင်သူများဖြစ်ကြောင်း ဒေသခံများကပြောသည်။

ထို့အပြင် မေလ ၁၉ ရက် ၂၀၁၂ ကျိုင်းတုံမြို့  ပြည်ထောင်စုအဆင့်ဆွေးနွေးမှုသဘောတူညီချက်ဖြစ်သော မူးယစ်ဆေးဝါး စောင့်ကြည့်လေ့လာရေးအဖွဲ့  ဖွဲ့စည်းရန် ဟူသည့်အချက်ကို အမြန်ဆုံးအကောင်အထည် ဖော်သင့်သည်ဟု RCSS ခေါင်းဆောင်ကပြောပါသည်။

သို့သော်  အစိုးရဝန်ကြီး ဦးအောင်မင်းက အဆိုပါ အဖွဲ့ဖွဲ့စည်းရန် စည်းမျဉ်းရေးဆွဲရမည်ဟုဆိုကာ ယနေ့တိုင် လုပ်ငန်းမစ နိုင်သေးကြောင်း ဆွေးနွေးပွဲတက်ရောက်ခဲ့သည့် ပုဂ္ဂိုလ်တဦးကပြောသည်။

လတ်တလော ဖြစ်ပွါးခဲ့သော တိုက်ပွဲနှင့်ပတ်သက်၍ နမ့်ခမ်းမြို့ ကျားဖြူပါတီ၏ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါက်တာစိုင်းကျော်အုန်းကလည်း “ကျနော်တို့တော့ တိုက်ပွဲကိုမလိုလားဘူး။ စားပွဲပေါ်မှာဖြေရှင်းတဲ့ ခေတ်ရောက်နေပြီ။ စားပွဲပေါ်မှာဘဲ အဖြေရအောင် ဖြေရှင်း သင့်ပါတယ်။” ဟု သျှမ်းသံတော်ဆင့်အား  ပြောပြခဲ့ သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။