Monday, May 6, 2013

တိုင်းရင်းသားတန်းတူအခွင့်အရေးနဲ့မူးယစ်ကိစ္စ ၈၈ မျိုးဆက် ပြောကြား

(RFA)

၂၀၁၂ ခုနှစ် ဇွန်လ ၅ ရက်က ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ဖော်ဆောင်ရေး ခရီးစဉ်အဖြစ် တာချီလိတ်မြို့၌ ရောက်ရှိနေသော ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များကို ဒေသခံများက ကြိုဆိုနေကြစဉ်။
 
၈၈မျိုးဆက်ကျောင်းသားများအဖွဲ့က ကိုမင်းကိုနိုင်ခေါင်းဆောင်တဲ့ အဖွဲ့ဟာ  ဒီကနေ့ လာရှိုးမြို့ကို ရောက်ရှိပြီး  ဒေသခံတွေနဲ့ တွေ့ဆုံပြီး လူထု အစည်းအဝေး ကျင်းပတဲ့ အခါမှာ  တိုင်းရင်းသားတွေ အခွင့်အရေး တန်းတူညီမျှရရှိရေး နဲ့ မူးယစ်ဆေးဝါး စိုက်ပျိုးရောင်းချမှုကိစ္စတွေကို ၈၈ မျိုးဆက် ကျောင်သားခေါင်းဆောင် ကိုမင်းကိုနိုင်က အဓိကထားပြီး ပြောကြားသွားပါတယ်။


ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခရီးစဉ် ပထမနေ့အဖြစ်  ဒီကနေ့ ညနေပိုင်းမှာ လာရှိုးမြို့၊ တောရ ပရိယတ္တိ စာသင်တိုက်မှာ ကျင်းပပြုလုပ်ရာမှာ ဒေသခံပြည်သူ(၃၀၀)ကျော် တက်ရောက်ခဲ့ကြပါတယ်။ ဒီရှမ်းပြည်နယ် ခရီးစဉ်နဲ့ ပတ်သက်ပြီး ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုပြုံးချိုက RFAကို အခုလို ပြောပါတယ်။

"ကျွန်တော်တို့ဟာ အကျဉ်းထောင်ကတည်းက ပြန်လည် ထွက်လာကတည်းက မြန်မာနိုင်ငံမြို့တွေ ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းခရီးစဉ် ထွက်ခွာပြီးတော့၊ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံဆွေးနွေးတာရှိတယ်။အမြင်ခြင်း ဖလှယ်တာရှိတယ်။အခြေအနေမှန်ကို သိရှိဖို့အတွက် သူတို့ဒေသမှာ ဖြစ်တဲ့ ပြဿနာတွေနဲ့ ပက်သက်ပြီးတော့ ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးတာတွေ ရှိတယ်"

ဒီဟောပြောပွဲမှာ မြန်မာ့ရှားပါးသစ်ခွတွေကို တရုတ်နိုင်ငံကို တင်ပို့ရောင်းချတာတွေကို ဟန့်တားနိုင်ဖို့ အတွက်လည်း လိုအပ်တယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေက ဟောပြောခဲ့ကြပါတယ်။
ကိုမင်းကိုနိုင်တို့အဖွဲ့ဟာ နောက်နေ့တွေမှာလည်း နမ္မတူ၊ ဟိုပန်၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ သီပေါ စတဲ့မြို့တွေက ဒေသခံတွေနဲ့တွေ့ဆုံပြီး လူထုတွေ့ဆုံပွဲတွေ၊ဟောပြောပွဲတွေ ကျင်းပသွားမှာဖြစ်ပါတယ်။

တစ်ခြားဖတ်စရာ - မူးယစ်ကုန်ကူးသူတွေနဲ့ ထိုင်းနယ်ခြားစောင့်တိုက်ပွဲဖြစ် ၅ ဦးသေဆုံး (click)
 

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။