Monday, July 22, 2013

နိုင်ငံတကာ အဖွဲ့များ စိတ်ဝင်စားသော KNU နှင့် Geneva Call စာချုပ်ချုပ်ပွဲ

(ရွှေဟင်္သာသတင်းဌာန)

ကရင် အမျိုးသား အစည်းအရုံး (KNU)နှင့် Geneva Call တို့၏ ဇူလိုင်လ (၂၁) ရက်နေ့ စာချုပ် ချုပ်ဆိုပွဲသို့ ဗြိတိသျှ လူမှုရေး အဖွဲ့ အပါအ၀င် ကုလသမဂလက်အောက်ခံ အဖွဲ့အစည်းများပါ တက်ရောက် ခဲ့သည်ဟု KNU အထွေအထွေ အတွင်းရေးမှူး ပဒို ကွယ်ထူးဝင်းက ဆိုပါသည်။ 

ကျနော်တို့ လက်မှတ် ထိုးပြီးတာနဲ့ တခြား အဖွဲ့တွေကို လိုက်တွေ့ပါတယ်။ ILO ကိုယ်စားလှယ်၊ ဗြိတိသျှ လူမှု အဖွဲ့ တွေယူနီဆက် ကိုယ်စားလှယ်တွေ UNHCR ကိုယ်စားလှယ်တွေသူတို့တွေနဲ့ တွေ့ဖြစ်ပါတယ်။ သူတို့ကလည်း တခြား အကြောင်းအရာတွေထက် အခု သဘောတူ လက်မှတ် ထိုးထားတဲ့ အချက်ချက်ပေါ်မှာပဲ လေးနက်မှု ထားပြီးတော့ အဓိကထား ပြောဖြစ်ကြပါတယ်” ဟု ဆိုပါသည်။ 


၎င်းတို့ လက်မှတ် ရေးထိုး ခဲ့သည်မှာ လက်နက်ကိုင် ပဋိပက္ခကြောင့် သက်ရောက်မှု ခံစားရသော ကလေး သူငယ်များအား၊ ကာကွယ်ရေး ဆိုင်ရာ သန္ဓိဌာန်ပြု ၀န်ခံမှု စာချွန်လွှာနှင့် လိင်မှုဆိုင်ရာ အကြမ်းဖက် မှုများကို ပိတ်ပင် တားမြစ်ခြင်းနှင့် လိင်ကွဲပြားမှု အပေါ် ခွဲခြား ဖိနှိပ် ဆက်ဆံမှုများ အဆုံးသတ်ရေး ဆိုင်ရာ သန္ဓိဌာန်ပြု ၀န်ခံမှု စာချွန်လွှာ တို့ဖြစ်ပါသည်။ 

ယင်းလက်မှတ် ရေးထိုးပွဲကို ကရင်ပြည်နယ် ဖါးအံမြို့ရှိ ဇွဲကပင် ဟိုတယ် ခန်းမ၌ ယမာန်နေ့ (၉) နာရီတွင် သဘောတူ စာချုပ် လက်မှတ် ရေးထိုးပြီး ကြပြီး ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်းနှင့် အတူ နယ်စပ် လုံခြုံရေး ၀န်ကြီးနှင့် အခြား ကရင်ပြည်နယ် ၀န်ကြီးများ၊ ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဌနှင့် အဖွဲ့ဝင်များ စုစုပေါင်း၂၀ ကျော် တက်ရောက် ခဲ့ကြပါသည်။

KNU သည် ယင်းစာချုပ် ချုပ်ဆိုပွဲသို့ တက်ရောက် ပါရန် ၀န်ကြီး ဦးအောင်မင်းနှင့် မြန်မာ့ ငြိမ်းချမ်းရေး စင်တာမှ ပုဂိုလ်များ ကိုလည်း KNU ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း ဆိုင်ရာ ဆက်သွယ်ရေး အရာရှိ ဗဟို အမြဲတမ်း ကော်မီတီဝင် စောအောင်ဝင်းရွှေမှ ဖိတ်ကြား ထားခဲ့ပါသည်။ သို့သော် တက်ရောက်နိုင်ခဲ့ခြင်း မရှိကြောင်း ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်းက ဆိုပါသည်။ 

“ အခု တွေ့ဆုံပွဲ ကတော့ Geneva Call နဲ့ တွေ့ဆုံပွဲလေ။ ကျနော်တို့ ကတော့ ပါဝင် သက်သေခံပေါ့။ ၀န်ကြီး ဦးအောင်မင်းတို့ပွဲ မဟုတ်ပါဘူး။ သူတို့မပါပါဘူး။ မတက်ရောက် ခဲ့ပါဘူး” ဟုဆိုပါသည်။ 

KNU ကိုယ်စားလှယ်များမှာ အထွေထွေ အတွင်းရေးမှူး ပဒိုကွယ်ထူးဝင်း၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂျော်နီ၊ စောအောင်ဝင်းရွှေ၊ ပဒို လှထွန်း အပါအ၀င် စုစုပေါင်း ဦး တက်ရောက် ကြပါသည်။ 
                                    
KNU ဖက်ကမူ ၄င်းတို့တွင် ကလေးစစ်သား မရှိပါကြောင်း၊ လိင်အကြမ်းဖက်မှု ကိစ္စများတွင်လည်း ၄င်းတို့ တပ်ဖွဲ့မှ ကျူးလွန်ခဲ့ခြင်း မရှိပါကြောင်း ဆိုပါသည်။ ဤသို့ကြောင့် ဖြစ်ပေါ်ခဲ့သော ကျူးလွန်မှု များသည် KNU ဖက်မှ ကျူးလွန် ထားခြင်း မဟုတ်သဖြင့် အလွယ်တကူ လက်မှတ် ရေးထိုးကာ နိုင်ငံတကာကို သက်သေ ပြလိုက်ခြင်း ဖြစ်သည်ဟု ဆိုပါ သည်။ 

ကလေး အခွင့်အရေး ဆိုင်ရာ ကိစ္စနှင့် အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကိစ္စများကို ကာကွယ် စောင့်ရှောက် နေသော Geneva Call အဖွဲ့ သည် ပြီးခဲ့သည့် နှစ်ဆန်းပိုင်းတွင် မွန်ပြည်သစ် ပါတီ (NMSP) နှင့် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) တို့နှင့်လည်း ဂျီနီဗာမြို့လက်မှတ် ရေးထိုး ခဲ့ကြပြီး ဖြစ်ပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။