Friday, July 19, 2013

ထိုင်းတွင်ဖမ်းမိသည့် လက်နက်များ RCSS/SSA နှင့်ပတ်သက်သည်ဟု စွပ်စွဲမှု တုံ့ပြန်ငြင်းဆို

(Mizzima)

ထိုင်းမြန်မာနယ်စပ် မယ်ဟောင်ဆောင်ခရိုင်တွင် ဖမ်းဆီးရမိသည့် လက်နက် ကျည်ဆံများသည် ရှမ်းပြည် ပြန်လည်
ထူထောင်ရေးကောင်စီ RCSS/SSA နှင့် ပတ်သက်မှုရှိသည်ဟု ပြီးခဲ့သည့် ဇူလိုင် ၁၆ ရက်ထုတ် ထိုင်းနိုင်ငံ ထိုင်းရာဒ် သတင်းစာ စာမျက်နှာ ၁၉ ၌ ရေးသား ဖော်ပြထားချက်ကို RCSS/SSA က ငြင်းဆိုလိုက်သည်။

“ကျွန်တော်တို့အဖွဲ့ကို တိုက်ရိုက် နာမည်တပ် ရေးသားထားတာမျိုး မဟုတ်ပေမယ့်၊ ပတ်သက်မှုရှိတယ် ဆိုတဲ့ သဘောမျိုး ရေးသားထားတာပါ၊ ကျွန်တော်တို့နဲ့ ပတ်သက်မှုမရှိပါဘူးဆိုတာ ငြင်းဆိုတဲ့အကြောင်း ကို ထိုင်းရာဒ် သတင်းစာကို လိပ်မူပြီး ဒီနေ့ (ဇူလိုင် ၁၈) ရက်စွဲနဲ့ ပေးပို့လိုက်တာပါ” ဟု RCSS/SSA ပြော ခွင့်ရ ဗိုလ်မှူးစိုင်းလောင်းဆိုင်က ပြောသည်။



ထိုင်းရာဒ် သတင်းတွင် “ဖမ်းဆီးရမိသည့် လက်နက်များအားလုံးသည် ထိုင်းလက်နက်မှောင်ခို ကုန်သည် မှ
တစ်ဆင့် နိုင်နင်ဆိုသူမှ ကြားခံ ဆက်သွယ်ပေးမည် ဖြစ်ကာ RCSS/SSA တပ်ဖွဲ့သို့ သယ်ဆောင်သွား မည်”ဟု
ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက် ည ၂ နာရီခွဲတွင် တစ်ဖက် မြန်မာနိုင်ငံသို့ လက်နက်တင်ပို့ရန်ရှိပြီး အိမ်တစ်ဆောင်၌
ခေတ္တစခန်းထောက် နားမည်ဟု သတင်းအရ ထိုင်းနယ်ခြားစောင့်တပ် ၃၃၆ မှ မယ်ဟောင် ဆောင်မြို့ ဗာန်မူ တိုက်နယ်ရှိ ဗာန်းကုမ်မိုင်းဇာဒ်ရွာ အိမ်အမှတ် ၈၈/၅ ကို ၀င်ရောက် စီးနင်း ဖမ်းဆီးခဲ့ရာ လက်နက်များ တင်ဆောင်ထားသည့် ကားတစ်စီးတွင် ထိုင်း ရဲဝန်ထမ်းဟောင်းတစ်ဦးနှင့် အဖော်တစ်ဦး တို့ကို ဖမ်းဆီးရမိခဲ့သည်ဟု ထိုင်းနိုင်ငံ သတင်းများတွင် ဖော်ပြထားသည်။

ဖမ်းဆီးရမိသည့်ထဲတွင် AK 47 သေနတ်ကျည်ဆံ ၃၆၀၀၀ ၊ M16 သေနတ်ကျည်ဆံ ၃၁၆၀၀၊ ၇ ဒသမ၂ ကာဗိုင်
ရိုင်ဖယ် သေနတ်ကျည်ဆံ ၂၇၀၀၀ အပြင် လက်နက်ကြီး ကျည်ဆံဖြစ်သည့် မြေပြင်မှ ဝေဟင်သုံး တစ်ခါပစ် SAM အမြောက်လေးလက်၊ ၎င်းကျည်ဆံလေးလုံးနှင့် အခြားအမျိုးအစားများ အပါအ၀င် ကျည်ဆံပေါင်း ၁၀၉၄၇၈ လုံးအား ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းနိုင်ငံထုတ် National News Bureau of Thaila- nd (NTT) မှ ထုတ်ပြန်သည့် သတင်းတစ်ရပ်၌ ဖော်ပြထားသည်။

လက်နက် သယ်ဆောင်မှုနှင့်အတူ ဖမ်းဆီးရမိသည့် ရဲတပ်ဖွဲ့ဝင်ဟောင်း ဆူမတ်မစ်စီတ (Sumet Mitsit- a)နှင့် ဆရပူရီခရိုင်နေ နိုင်ဂျော်ဒီ(တ်) စ၀ါဒ်ဒီ (၃၄) နှစ်တို့မှာ အဆိုပါ လက်နက်များကို ဆရပူရီခရိုင်မှ တစ်ဆင့် သယ်ဆောင်လာခြင်းဖြစ်ကာ ယခုအကြိမ်သည် ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပထမအကြိမ်၌ မဖမ်းဆီးနိုင်ခဲ့ပေ။

ယခုကဲ့သို့ အတိုက်အခံ လက်နက်ကိုင်အင်အားစုများ လက်နက်ဝယ်ယူ စုဆောင်းနေခြင်းသည်လည်း ငြိမ်းချမ်းရေး ရယူထားသည့် လက်နက်ကိုင်အဖွဲ့များ အပါအ၀င် အပစ်အခတ် မရပ်စဲရသေးသည့် လက်နက်ကိုင် အဖွဲ့များသည်
လည်း တစ်ဖက်၌ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးအတွက် တောင်းဆိုနေမှုများ ရှိနေခဲ့သည်။

သို့သော်လည်း အခြေအနေမှာ အာမခံချက် မရှိသေးသည့်အတွက် မိမိတို့ သက်ဆိုင်ရာ တပ်များအား အင်အား
ဖြည့်တင်းရန် တောင့်တင်းခိုင်မာမှု ရှိရန်အတွက် ပြင်ဆင်ရန် ဆန္ဒရှိနေကြကာ ယခုကဲ့သို့ လက်နက်ဝယ်ယူ စုဆောင်းမှုများလည်း ဆက်ရှိနေဦးမည်ဟု ဗိုလ်မှူးစိုင်းလောင်းဆိုင်က သုံးသပ် ပြောကြားသွားသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။