Wednesday, July 24, 2013

သေဒဏ်မှ လွတ်ငြိမ်းခွင့်ရသူ တောခိုကျောင်းသား၊ SSA တပ်ကြပ်ကြီး ဟိန်းဇော်

(Mizzima)

၈၈ အရေးတော်ပုံ ကာလတွင် ၁၀ တန်းအောင်ပြီးစ ကျောင်းသားအဖြစ် ကိုဟိန်းဇော် ပါဝင်လှုပ်ရှားခဲ့ပြီးနောက် KIO (ကချင်လွတ်မြောက်ရေးအဖွဲ့)
နယ်မြေရှိ ABSDF- Northern Burma (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး-မြောက်ပိုင်း) သို့ လက်နက်ကိုင် တော်လှန်ရေးထဲ ဝင်ရောက်လာခဲ့သည်။

တောခိုစဉ်က ဓါတုဗေဒ ဒုတိယနှစ် ကျောင်းသားတဦးဖြစ်ပြီး ၁၉၉၉ ခုနှစ်တွင် ဦးယွက်စွပ် ခေါင်းဆောင်သည့် ရှမ်းပြည်တပ်မတော် (SSA) တောင်ပိုင်းသို့
ပြောင်းလဲတာဝန် ထမ်းဆောင်ခဲ့သည်။


ဗိုလ်မှူးစဝ်ခွန်ကျော် ခေါင်းဆောင်သည့် SSA ရှမ်းပြည်တောင်ပိုင်း တပ်မတော်နှင့် အစိုးရတပ်တို့ ၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာလ အတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့
ပြီးနောက် နန်းခမ်း ဒေသတွင်း တိုက်ပွဲ၌ အစိုးရတပ်၏ ၉ ရက်ကြာ
ဝိုင်းရံပိတ်ဆို့ခြင်းခံရကာ ဖမ်းဆီးခံရပြီး ထောင်တွင်း၌ သေဒဏ် အပြစ်ပေးခြင်း ခံခဲ့ရသူ ဖြစ်သည်။

ဇူလိုင်လ ၂၃ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသော တပ်ကြပ်ကြီး ဟိန်းဇော်အား ၎င်း၏ အတွေ့အကြုံအချို့ကို မဇ္စျိမ က ဆက်သွယ် မေးမြန်းထားသည်။

မေး။    ။ ဘယ်အဖွဲ့မှာ တာဝန်ထမ်းဆောင်လဲဗျ။

ဖြေ။   ။ ကျနော် SSA တောင်ပိုင်းအဖွဲ့က။

မေး။    ။ ဘာအမှုနဲ့ စွဲခံရတာလဲဗျ။

ဖြေ။   ။ မူးယစ်ပါတယ်။ နောက်ကနေ နိုင်ငံတော် ပုန်ကန်မှု ထပ်ထည့်တယ်။ အဲဒီ ၂ မှုထဲနဲ့တင် သေဒဏ် ချထားတာ
လေ။ သေဒဏ်နဲ့ လွတ်ရက်မရှိ။

မေး။    ။ တကယ် ကျူးလွန်ခဲ့သလားဗျ။

ဖြေ။   ။ ကျူးလွန်တာ မဟုတ်ဘူးခင်ဗျ။ ပြောရရင်တော့ သတင်းကြီးမှုပေါ့၊ ကျနော်တို့ကိုယ်တိုင် လုပ်တာမှ မဟုတ်တာ။

မေး။    ။ ဘယ်လိုဖြစ်ပြီးတော့ သတင်းကြီးသွားတာလဲဗျ။

ဖြေ။   ။ ကျနော်လည်း မရှင်းပြတတ်ဘူး။

မေး။    ။ အဖမ်းမခံရမီ ဖြစ်သွားတဲ့ အတွေ့အကြုံ တချို့ကို ပြောပြပါလားဗျ။

ဖြေ။   ။ ပထမပိုင်းကတော့ ရဲဘော် ၁၁ ယောက် အလင်းဝင်သွားတာပေါ့။ နောက် တရက်ကျတော့ ကျနော်တို့ ၃၂
ယောက် မိသွားတာပေါ့။ ပထမ ကျနော်တို့ အဝိုက်ခံ (ဝိုင်းရံ ပိတ်ဆို့ခံ) ထားရတာပေါ့ဗျာ၊ ဖောက်ထွက်တော့ သူတို့က (စစ်တပ်)ရွာနဲ့ အဆက်အသွယ်လုပ်ပြီး သူတို့က ဖမ်းလိုက်တာပဲ။

မေး။    ။ တိုက်ပွဲတွေ ဖြစ်သေးလားဗျ။

ဖြေ။   ။ ဒီဇင်ဘာလ ၂၉ ရက်နေ့ ၂၀၀၅ ခုနှစ်က တိုက်ပွဲဖြစ်တယ်။ အဲဒါဖြစ်ပြီး အဖွဲ့ကွဲပြီး ၁၁ ယောက်က အလင်းဝင်
သွားတယ်။ ကျန်တဲ့ ၃၂ ယောက်ကတော့ ဖမ်းမိတဲ့ ပုံစံ ဖြစ်သွားတာပေါ့။ ၃၂ ယောက်စလုံးကို ဖမ်းလိုက်တာပဲ။

မေး။    ။ ထောင်ထဲမှာ ဖိတ်တာ၊ စင်တာ ရှိလားဗျ။

ဖြေ။   ။ ကျနော်တို့ အထဲမှာ ဆုံးတာ၊ ဘာညာ မရှိပါဘူး။

မေး။   ။ အခု ဘယ်လောက်ကျန်ခဲ့လဲ။

ဖြေ။    ။ အားလုံးတော့ အတိအကျ မသိဘူးဗျ။ ကျနော်တို့ မန္တလေးထောင်မှာပါ။ ကျနော်တို့ တိုက်ထဲမှာ တခန်းစီ
နေရတယ်။ ထမင်းစားတော့ ပေါင်းစားတယ်။ အထဲမှာ ၄ ယောက်လောက် ကျန်ခဲ့တယ်။ ကျနော် ၇ နှစ်ကျော် ကြာခဲ့
တယ်။ ကျန်းမာရေးလည်း ကောင်းပါတယ်။

မေး။    ။ အရင် တောထဲမရောက်ခင် ဘာအလုပ်လုပ်သလဲခင်ဗျ။

ဖြေ။   ။ ကျနော် တောမခိုခင်က ကျောင်းနေတုန်းပဲ။ ဒုတိယနှစ် ဓါတုဗေဒ ကျောင်းသားပါ။ ကျနော် ထောင်ထဲရောက်
သွားတော့ အသက်က ၃၆ နှစ်ထဲမှာပဲ။

မေး။    ။ ၈၈ အရေးတော်ပုံမှာ ဘာတွေလုပ်ခဲ့ဖူးလဲဗျ။

ဖြေ။   ။ ၈၈ အရေးတော်ပုံတုန်းက ကျနော်က ၁၀ တန်းအောင်စကိုး၊ ဒို့အရေး လုပ်ရင် နောက်က လိုက်ကြည့်တယ်။ မိုးကောင်း နမ္မတီး ကပါ။ ကျနော်အသက် ၂၄ မှာ တောခိုပါတယ်။ ကျနော် တောထဲမှာ ၁၂ နှစ်ကျော်လောက် ကြာ
တယ်။

မေး။    ။ လွှတ်လိုက်တဲ့ အချိန်မှာ အာဏာပိုင်တွေက ဘာပြောပြီး လွှတ်လိုက်လဲဗျ။

ဖြေ။   ။ အဓိက အကြောင်းအရင်းက တိုင်းရင်းသားတွေ စည်းလုံးညီညွှတ်ဖို့အတွက် လွှတ်ပေးတာပါလို့ ထောင်ပိုင်
ကြီး ဦးကျော်ဝင်း က မိန့်ခွန်းချွေ လိုက်တာပေါ့။

မေး။    ။ ထောင်ထဲက အတွေ့အကြုံ ရှင်းပြပါဦးဗျ။

ဖြေ။   ။ ပထမ ရောက်စက တိုက်ပိတ်တယ်။ နောက်ပိုင်း ၂၀၀၇၊ ၂၀၀၈ ခုနှစ်လောက်မှာ နည်းနည်းလေး တံခါးဖွင့်ပေးလာတယ်။ ၂၀၀၉ ခုနှစ်လောက်မှာ အားလုံး သီးသီးသန့်သန့်လေးနဲ့ လွတ်လွတ်လပ်လပ် နေရတယ်။ စာအုပ်တွေဘာတွေလည်း ၂၀၀၉ လောက်မှာ ဖတ်ရတယ်။

မေး။    ။ စစ်ကြောရေးတုန်းက ဘာတွေ ကြုံရလဲဗျ။

ဖြေ။   ။ စစ်ကြောရေးက ထောင်ထဲမှာပဲ ခေါ်စစ်တော့ အဲလောက်ကြီး မကြမ်းခဲ့ပါဘူး။ အေးအေးဆေးဆေးပါပဲ၊ ရိုက်ပုတ်ပြီး မမေးပါဘူး။ ထောင်ထဲမှာလည်း အေးအေးဆေးဆေး ထားပါတယ်။

မေး။    ။ လွတ်လာပြီဆိုတော့ ဘယ်သူ့ဆီ အရင်ဆုံးသွားမလဲဗျ။

ဖြေ။   ။ မွေးရပ်မြေနဲ့ ဝေးခဲ့တာကြာပြီ အိမ်ကိုအရင်ဆုံးသွားမယ်။ မိသားစုတွေကတော့ မသိသေးဘူး ထင်ပါတယ်။

မေး။    ။ နိုင်ငံရေးဆက်လုပ် သွားမလားဗျ။

ဖြေ။    ။ အခြေအနေကြည့်ပြီး ဆက်လျှောက်ရမှာပါပဲဗျ။ ကျောင်းတက်ရင်းနဲ့ ဒီမိုကရေစီ အရေးတော်ပုံနဲ့ ကြုံလို့
 တောထဲရောက်သွားတာဗျ။ အခုလွတ်လာတော့ လွတ်လာအောင် လုပ်ပေးတဲ့ သူတွေကို ကျေးဇူးတင်တယ်။ ၀မ်းလည်းသာပါတယ်။ တိုင်းရင်းသားတွေနဲ့ အားလုံးအတွက် လုပ်တဲ့ လုပ်ငန်းပဲလေ။

မေး။    ။ ဘာဖြည့်စွက်ပြောချင်သေးလဲဗျ။

ဖြေ။   ။ မူးယစ်အမှုနဲ့ စွဲဆိုတဲ့အပေါ်မှာတော့ မမှန်မကန် လုပ်ရပ်တွေ ကျနော်တို့လည်း မဖြစ်စေချင်ဘူးလို့ ပြောချင်ပါ
တယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။