Wednesday, July 10, 2013

SSPP ၆ လ ပတ်အစည်းအဝေး ငြိမ်းချမ်းရေးအဓိကထားပြီး ကြေငြာချက်ထုတ်ပြန်



လက်ရှိဖြစ်ပေါ်နေ သည့် နိုင်ငံရေးပြသနာ ကို စစ်ရေး နည်းဖြင့် မဖြေရှင်း ကြဘဲ ငြိမ်းချမ်း သည့် နည်းလမ်းဖြင့်ဖြေရှင်း နိုင်ရေး အတွက်- SSPP/SSA က ၂၀၁၃ ခု ပထမ ခြောက်လ ပတ် အစည်းအဝေး အပြီး ကြေငြာချက် ၉ ချက် ထုတ်ပြန်ကြေငြာ လိုက်ပါသည်။

“နိုင်ငံရေး ပါတီထောင်ပြီး ရွေးကောက်ပွဲ ဝင်ဖို့ ကျနော် တို့မှာ မရှိဘူး။ ကျနော် တို့မှာ ခွန်ထွန်းဦး ဦးဆောင် တဲ့ ဂျွိင့် အဖွဲ့ရှိပြီးသားဘဲ။ နိုင်ငံရေး ကိစ္စက အဲဒီကနေဘဲ သွားမှာ။ အခု ၆ လ ပတ်က ထုတ်ပြန်ကြေငြာချက် အတိုင်းပဲ ဆွေးနွေးကြ တာဘဲ။ အဓိက ကတော့ ငြိမ်းချမ်း တဲ့နည်းနဲ့၊ အပစ်ရပ် သဘောတူညီ ချက်ကို ဆက်လက် ထိန်းသိမ်း သွားဖို့ပါ” - ဟု ဌာနချုပ်ရုံး အရာရှိတဦး က ပြောပါသည်။



SSPP/SSA ၆ လပတ်အစည်းအဝေး၏ ထုတ်ပြန်ကြေငြာချက်မှာ - “နိုင်ငံရေးပြသနာကို ငြိမ်းချမ်းသောနည်း လမ်းဖြင့်ဖြေရှင်းရေး၊ အပစ်ရပ် ပိုမိုခိုင်မာအောင် တပြည်လုံးအပစ်ရပ်ပေးရေး၊ ပင်လုံစိတ်ဓါတ်နှင့်အတူ စစ်မှန် တဲ့ဖက်ဒရယ် ပြည် ထောင်စုတည်ဆောက်ရေး၊ ဒီမိုကရေစီဆိုင် ရာ အသိပညာပေးရေး၊ တရားဥပဒေ စိုးမိုးရေး၊ ကျန်ရှိနေသည့်နိုင်ငံရေးအကျဉ်းသားများ လွတ်ပေးရေး၊ မူးယစ်ဆေးဝါးကင်းစင်အောင် ၀ိုင်းဝန်းဆောင်ရွက်ရေး” - စသဖြင့် ပါဝင်ပါသည်။

သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA ၏ ခြောက်လပတ် အစည်း ဝေးအား ၄င်းတို့ ဌာနချုပ်အခြေစိုက်ရာ သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် ၀မ့်ဟိုင်း၌ ဂျူလိုင် ၂ ရက်နေ့ကနေ ၈ ရက်နေ့ အထိ ကျင်းပခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးအား နာယကဖြစ်သည့် ဒုတိယ ဗိုလ်ချုပ်ကြီးဆေထဲင် က ဦးဆောင်ပြီး ဗဟိုကော်မတီ ၁၃ ဦး အရံ ဗဟိုကော်မတီ ၃ ဦးတို့နှင့် အတူ အရာရှိအရာခံ ၇၈ ဦးတက်ရောက် ခဲ့သည်။

သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA သည် ဦးသိန်းစိန်အစိုးရနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ်ရေးထိုးထားသော်လည်း အစိုးရတပ်နှင့် တိုက်ပွဲအကြိမ်ကြိမ်ဖြစ်ပွားနေသေးသည့် တပ်ဖွဲ့ဖြစ်ပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။