Saturday, July 20, 2013

တိုင်းရင်းသား လက်နက်ကိုင်များနှင့် တိုက်ပွဲဖြစ်နေရသည့် အကြောင်းရင်း သမ္မတဦးသိန်းစိန်၏ ပြောကြားချက်ကို ရှမ်းပြည်မြောက်ပိုင်း တပ်မတော် ကန့်ကွက်

(Eleven Media Group)

အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိထားသော်လည်း တိုင်းရင်းသား လက်နက်ကိုင်များနှင့် တိုက်ပွဲဖြစ်နေရသည့် အကြောင်းရင်းအပေါ် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ ပြောကြားချက်အား ရှမ်းပြည်မြောက်ပိုင်း တပ်မတော် (SSPP/SSA) က ကန့်ကွက်ကြောင်း The Daily Eleven သို့ ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဗြိတိန်နှင့် ပြင်သစ်နိုင်ငံသို့ ခရီးသွားရောက်စဉ် BBC သတင်းဌာနနှင့် တွေ့ဆုံခဲ့သော မေးမြန်းခြင်း အစီအစဉ်၌ တိုင်းရင်းသား လက်နက်ကိုင်များနှင့် တိုက်ပွဲဖြစ်နေရခြင်း အကြောင်းရင်းကို ပြောကြားခဲ့ခြင်း ဖြစ်သည်။


 
ထိုသို့ ပြောကြားရာတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ငြိမ်းချမ်းရေး ဖော်ဆောင်သည့် နေရာတွင် ကချင်ပြည်နယ်၌ သေနတ်သံများ မကြားရတော့ဘဲ ကရင်ပြည်နယ်တွင်လည်း အေးချမ်းနေပြီ ဖြစ်ကြောင်း၊  ရှမ်းပြည်နယ်တွင် ကြိုကြားတိုက်ပွဲ ဖြစ်နေရခြင်းမှာ လက်နက်ကိုင် အဖွဲ့များက ဆက်ကြေးတောင်းသည့် အတွက် နယ်မြေလူထုက ပြောကြားသဖြင့် တပ်မတော်က သွားရောက် ရှင်းလင်းရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

''သမ္မတ ဦးသိန်းစိန်ရဲ့ ပြောကြားချက်ကို ကျွန်တော်တို့ ဗဟိုအဆင့်က ကန့်ကွက်ပါတယ်။ ကျွန်တော်တို့ နယ်မြေထဲမှာ ဆက်ကြေးကောက်တာ လုံးဝမရှိပါဘူး။ တိုက်ပွဲဖြစ်ရတဲ့ အကြောင်းရင်းက အစိုးရဘက်က သဘောတူညီချက်ကို ချိုးဖောက်တဲ့အတွက် ဖြစ်နေရတာပါ'' ဟု SSPP/SSA ၏ ပြန်ကြားရေးအရာရှိ စိုင်းဇင်ထွန်းက ပြောကြားသည်။

အစိုးရ အနေဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွင် ပါရှိသော အချက်များကို ချိုးဖောက်ကာ တိုင်းရင်းသား လက်နက်ကိုင် နယ်မြေများအတွင်း တပ်အင်အား တိုးချဲ့ခြင်း၊ ထိုးစစ်ဆင်ခြင်းများ ပြုလုပ်နေခြင်းကို ဖုံးကွယ်လိုသဖြင့် ထိုကဲ့သို့ ပြောကြားသည်ဟု ယူဆကြောင်း စိုင်းဇင်ထွန်းက ဆက်လက်ပြောကြားသည်။


ကျွန်တော်တို့က ပြည်တွင်းမှာ ရပ်တည်နေတဲ့ အဖွဲ့အစည်းပါ။ ဆက်ကြေး ကောက်တယ်ဆိုတာ လုံးဝမရှိပါဘူး။ ဒါပေမဲ့ အခွန်ကောက်တာမျိုးတော့ ရှိပါတယ်။ ဒါပေမဲ့ အဲဒါက ပြည်သူတွေဆီက ကောက်ခံတာ မဟုတ်ပါဘူး။ အခု ကျွန်တော်တို့ရဲ့ ဌာနချုပ် ၀မ်ဟိုင်းနယ်မြေထဲကို ကျောက်မဲ၊ သီပေါ၊ လားရှိုးမြို့ကနေ စီးပွားရေး လာလုပ်တဲ့ သူတွေရှိတယ်။ သူတို့တွေဆီက အခွန်ကောက်တာပါ...

''နောက်တစ်ချက်က အောက်ခြေမှာ ဖြစ်နေတဲ့ အခြေအနေတွေ၊ သတင်းအချက်အလက် အမှန်တွေကို သမ္မတအနေနဲ့ မသိလို့ ပြောတာလည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် အောက်ခြေက လူတွေက သတင်းအမှန်တွေကို သမ္မတဆီ မတင်ပြတာကြောင့်လည်း ဖြစ်နိုင်ပါတယ်'' ဟု စိုင်းဇင်ထွန်းက ဆိုသည်။

၂၀၁၂ ခုနှစ် ဇန်န၀ါရီလတွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့သော်လည်း ထိုအချိန်မှ လက်ရှိအချိန်အထိ တပ်မတော်နှင့် ထိတွေ့တိုက်ပွဲပေါင်း ၁၂၀ ကျော် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

''ကျွန်တော်တို့က ပြည်တွင်းမှာ ရပ်တည်နေတဲ့ အဖွဲ့အစည်းပါ။ ဆက်ကြေး ကောက်တယ်ဆိုတာ လုံးဝမရှိပါဘူး။ ဒါပေမဲ့ အခွန်ကောက်တာမျိုးတော့ ရှိပါတယ်။ ဒါပေမဲ့ အဲဒါက ပြည်သူတွေဆီက ကောက်ခံတာ မဟုတ်ပါဘူး။ အခု ကျွန်တော်တို့ရဲ့ ဌာနချုပ် ၀မ်ဟိုင်းနယ်မြေထဲကို ကျောက်မဲ၊ သီပေါ၊ လားရှိုးမြို့ကနေ စီးပွားရေး လာလုပ်တဲ့ သူတွေရှိတယ်။ သူတို့တွေဆီက အခွန်ကောက်တာပါ'' ဟု စိုင်းဇင်ထွန်းက ပြောကြားသည်။

ရှမ်းပြည်မြောက်ပိုင်း တပ်မတော် နယ်မြေအတွင်း စိုက်ပျိုးရေး၊ ပြောင်း၊ ဆန်နှင့် သတ္တုတူးဖော်ရေး လုပ်ငန်းများကို လုပ်ကိုင်နေကြသူများ ရှိကြောင်း သိရသည်။

''ကျွန်တော်တို့ရဲ့ စီးပွားရေး မူဝါဒက  ပြည်သူကို အလုပ်အကျွေးပြုရေး၊ ကာကွယ်စောင့်ရှောက်ရေး ဖြစ်ပါတယ်။ တချို့စီးပွားရေး လုပ်ငန်းတွေမှာ ပြည်သူနဲ့အပြိုင် လုပ်ရတဲ့ အခြေအနေမျိုးမှာ ပြည်သူနဲ့ တိုက်ရိုက်ရင်ဆိုင် ရတာမျိုးကို ရှောင်ပြီး ပြည်သူတွေကိုပဲ လုပ်ခွင့်ပေးပါတယ်'' ဟု စိုင်းဇင်ထွန်းက ပြောကြားသည်။


ဇူလိုင် ၁၃ ရက်က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် SSPP/SSA ကိုယ်စားလှယ် အဖွဲ့တို့ လားရှိုးမြို့၌ တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် နှစ်ဖက်စလုံး၌ အမှားရှိနိုင်ပြီး ဖြစ်လေ့ဖြစ်ထရှိသော ပြဿနာများဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်က ပြောကြားခဲ့ကြောင်း သိရသည်။

အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် SSPP/SSA ကိုယ်စားလှယ် အဖွဲ့တို့ လားရှိုးမြို့တွင် တွေ့ဆုံခဲ့ပြီး နှစ်ရက်အကြာ ဇူလိုင် ၁၅ ရက်တွင် မိုင်းရှူးမြို့ အနီးတွင်  တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။