Friday, July 5, 2013

သက်သေပါမှ နောက်မဆုတ်နိုင်မှာ

 

တနိုင်ငံလုံး အပစ်ရပ်ရေး အစည်းအဝေးခေါ်ယူပြီးတော့ လက်မှတ်ထိုးခိုင်းတော့မယ်လို့ သမ္မတရုံးက ဝန်ကြီးဦးအောင်မင်းက မကြာခင်တုန်းက ကြေငြာလိုက်ပါတယ်။

ဒါ့အပြင် အစည်းအဝေးကို ကမ္ဘာ့ထိပ်သီး နာမည်ကြီးပုဂ္ဂိုလ်တွေကိုပါ  ဖိတ်ခေါ်မယ်လို့လည်း ကြေငြာ ပါတယ်။

ပြီးခဲ့တဲ့ ဂျွန်လ ၁၅ ရက် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ၊ ကေအဲန်ယူနဲ့ အဲမ်ဖီစီ (MPC ) တို့ တွေ့ဆုံတုန်းကလည်း ဒီအကြောင်း ဆွေးနွေးခဲ့ဖူးပါတယ်။


RCSS ခေါင်းဆောင် စဝ်ယွက်စစ်က လက်မှတ်ရေးထိုးရမှာက ဘာအချက်တွေပါနိုင်လဲ လို့မေးတော့ ဦးအောင်မင်းက -  သမ္မတကြီး က လမ်းညွှန်ချက်  ၅ ချက်ကို လက်မှတ်ထိုးရမယ် လို့ပြောပါတယ်။   လက်မှတ်ထိုးပြီးတဲ့အဖွဲ့ဟာ မတရားအသင်း မဟုတ်တော့ဘူး ။ ပြီးတာနဲ့ နိုင်ငံရေး ချက်ချင်းဆွေးနွေး သွားမယ်လို့ ဦးအောင်မင်းကပြောပါတယ်။

စဝ်ယွက်စစ်ကထပ်မေးပါတယ် ။  ပထမတကြိမ်လက်မှတ်ထိုးတုန်းကနဲ့ဘာကွာသလဲတဲ့။

ဦးအောင်မင်းက - ကွာတာပေါ့။  ပထမအကြိမ်က ခင်ဗျားတို့နဲ့ကျနော်တို့နဲ့ဘဲရှိတယ်။ အခု တခေါက် ဆိုရင် သက်ဆိုင်ရာက ထိပ်သီးတွေပါမယ်(စစ်ဘက် အုပ်ချုပ်ရေးဘက်ကိုဆိုလို ဟန်ရှိ) ကမ္ဘာထိပ်သီး ပုဂ္ဂိုလ်ကြီး တွေပါမယ်။ သူတို့တွေကသက်သေအဖြစ်ပါလာတော့ လက်မှတ်ထိုးပြီးရင် ဘယ်သူမှ နောက်ဆုတ်ချင်လဲ နောက်ဆုတ်လို့ရတော့မှာမဟုတ်ဘူး လို့ ပြန်ပြောတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဂျူလိုင်လ ၃ ရက်နဲ့  ၄ ရက်က တိုင်းရင်းသားလက်နက်ကိုင် အပစ်ရပ်တပ်ဖွဲ့ ကိုယ်စားလှယ်တွေ   ချင်းမိုင်မြို့မှာ တွေ့ဆုံခဲ့ကြပါတယ်။ တကယ်လို့ သမ္မတကြီးညွှန်ကြားချမှတ်တဲ့ အချက် ၅ ချက်ကိုဘဲ   လက်မှတ်ရေးထိုးရမယ်ဆိုရင်တော့ ဘယ်အဖွဲ့မှ လက်မှတ်သွားထိုးမှာ မဟုတ်ဘူးထင်တယ် လို့ ကိုယ်စားလှယ်တဦးက ပြောတယ်။

အစိုးရ ညွှန်ကြားထားတဲ့အချက်က  မတ်လ ၁ ရက် ၂၀၁၂ တုန်းက သမ္မတကြီးမိန့်ခွန်းပြောကြားချက်မှာပါရှိပါတယ်။

နှစ်ဦးနှစ်ဘက် တွေ့ဆုံပြီးရင် -
-    ၁- အပစ်ရပ်ရမယ်
-    ၂- နှစ်ဦးနှစ်ဘက်က သဘောတူထားတဲ့  မိမိနဲ့သက်ဆိုင်တဲ့နယ်မြေထဲမှာဘဲနေထိုင်သွားရမယ်။
-    ၃- သဘောတူညီချက်ရပြီးတဲ့နယ်မြေမှအပ လက်နက်ကိုင်ပြီး တခြားနယ်မြေထဲဝင်ထွက်သွား လာခြင်းမပြုရ။
-    ၄- နှစ်ဘက်သဘောတူထားတဲ့ နေရာမှာ ဆက်ဆံရေးရုံးဖွင့်ဖို့ ။
-    ၅- ပြည်ထောင်စုအဆင့်ဆွေးနွေးဖို့  ရက်နဲ့အချိန် သတ်မှတ်မယ်   စတာတွေဖြစ်ပါတယ်။

၁၅ ရက်နေ့တုန်းက သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်၊ ကရင့်အမျိုးသားအစည်းအရုံး ခေါင်းဆောင် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုဥက္ကဌ ဦးအောင်မင်းတို့ တွေ့ဆုံ ခဲ့ကြတာဖြစ်ပါတယ်။ 

အခု လက်ရှိ အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပြီးတဲ့အဖွဲ့ ၁၃ ဖွဲ့ရှိပါတယ်။ ကျန်တဲ့အထဲက အင်အားကြီး တပ်ဖွဲ့ဆိုလို့ KIA /KIO  က အခုအချိန်အထိ အစိုးရနဲ့ဆွေးနွေးတာ သဘောတူညီမှုမရသေးပါဘူး။  ပလောင် TNLA ဆိုရင် အစိုးရနဲ့ ဆွေးနွေးဖို့အဆင်သင့်ဖြစ်ပြီလို့ဆိုပေမယ့် သူတို့က ကေအိုင်အို ပြီးမှ သာဖြစ်မယ်လို့ပြန်အကြောင်းကြား ပါတယ်။

ချင်းမိုင်မြို့ဆွေးနွေးပွဲမှာ အထက်ပါပုဂ္ဂိုလ်က သမ္မတကြီးညွှန်ကြားတဲ့အချက် ၅ ချက်အပြင်- အားလုံးကိုခြုံလွှမ်းတဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ကို လိုလားတယ်။ အပစ်ရပ်တာတင်မဟုတ်ဘူး နိုင်ငံရေးဆွေးနွေးဖို့ မူဘောင်ကိုပါ လက်မှတ်ရေးထိုးချင်တယ် လို့ဆိုပါတယ်။

သူက - WGEC ကနေ မူဘောင် ရေးဆွဲထားပြီးပြီး ။ ဘာတွေပါလဲဆိုတော့ ။ ၁- ပူးတွဲလုပ်ငန်းစဉ်  ၂ - နိုင်ငံရေးဆွေးနွေးမူဘောင် ၃- စပ်ကူးမတ်ကူးစီမံခန့်ခွဲမှု ၄- ပါဝင်မည့်သူများ ၅- ဆွေးနွေးရေးခေါင်းစဉ် ၁၉ ခု  ၆- စစ်တပ်ကျင့်စဉ် စသည်တို့ပါဝင်ရမယ် လို့ပြောဆိုပါတယ်။ ဒါတွေပါမှ ယုံကြည်စိတ်ချရပါမယ် လို့ သူက ပြောပါတယ်။

ဦးအောင်မင်းက ဂျွန်လ ၂၈ ရက်နေ့တုန်းက လွှတ်တော်ကို - အစိုးရဟာ နိုင်ငံရေးဆွေးနွေးရေးကို လွှတ်တော်ကို လွှဲပြောင်းအပ်နှံပေးဘို့အစီအစဉ်ရှိတယ်- လို့ပြောဆိုလိုက်ကြောင်း အီလဲဗဲင်း မီဒီယာမှာ ပါရှိပါတယ်။  

ဂျူလိုင် ၂ ရက်နေ့ကလည်း ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ လွှတ်တော်က တိုက်ရိုက် ပါဝင်လုပ်ဆောင်ခွင့်ရှိရမယ်။ အစိုးရ ဘဲလုပ်ဆောင်သွားလို့ ဥပဒေအရ အမှားလုပ်မိရင် ပြင်ရခက်တယ်။ လွှတ်တော်ပါဝင်လာမှ ဒီအမှားတွေကိုရှောင်ရှားနိုင်မယ်လို့ ပြောဆိုခဲ့ပါတယ်။ 

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။