Friday, July 26, 2013

တွေ့ဆုံဆွေးနွေးပွဲ နှင့် ရင်ဆိုင် တိုက်ပွဲများ အားပြိုင်နေသော TNLA အခြေအနေ

(ရွှေဟင်္သာသတင်းဌာန)

အစိုးရနှင့် တွေ့ဆုံဆွေးရေး အတွက် ပြင်ဆင်နေ သည့်အချိန်တွင် အစိုးရတပ်ဖွဲ့ နှင့် ပန်ဆေးပြည်သူ့စစ် တပ်ဖွဲ့တို့သည် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ရင်း ၁၁၂ တပ်ဖွဲ့အား ၀င်ရောက် တိုက်ခိုက်ခဲ့သည်ဟု ပြောခွင့်ရသူ ဒုတိယဗိုလ်မှူးကြီး တာဘုန်းကျော်က ဆိုပါသည်။ 

“ တိုက်ပွဲဖြစ်တဲ့နေရာကတော့ ကွတ်ခိုင်မြို့နယ် ကန်ပါဖိုကျေးရွား နားမှာပါ။ အချိန်ကတော့ မနေ့ညနေ (၅)နာရီခွဲ ကနေ (၆)နာရီခွဲအထိ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျနော်တို့ တပ်ဖွဲ့က ဘိန်းတိုက်ဖျက်ရေး စီမံကိန်းကို လိုက်လံ ဟောပြောနေချိန်မှာ သူတို့က ၀င်လာတော့ လုံခြုံရေးယူထားတဲ့ ကျနော်တို့တပ်ဖွဲ့ နဲ့ထိပ်တိုက်တိုးတာပါဘဲ” ဟုဆိုပါသည်။ 


အစိုးရတပ်ဖွဲ့ ပန်ဆေးပြည်သူ့စစ်တို့သည် အင်အား (၆၀) ခန့် ရှိပြီး၊ ထိခိုက်မှုများဖွယ်ရှိသဖြင့် နောက်ဆုတ်သွားခဲ့ ရကြောင်း၊ ယခုတိုက်ပွဲတွင် TNLA ဖက်မှ နှစ်ဦး  ဒါဏ်ရာရရှိခဲ့သည်ဟု ဆိုပါသည်။

TNLA သည် ၂၀၁၃-၂၀၁၄ ခုနှစ် ဘိန်းတိုက်ဖျက်ရေး စီမံကိန်းကို ပြည်သူလူထုအား လိုက်လံ ရှင်းလင်းနေပါသည်။ ဤကဲ့သို့ ဘိန်းတိုက်ဖျက်ရေး အစီအစဉ်များ လှုပ်ရှားတော့မည်ဆိုလျှင် အစိုးရတပ်ဖွဲ့နှင့် ပန်ဆေးပြည်သူ့စစ်များ၏ လိုက်လံ တိုက်ခိုက်ခြင်းကို ခံရစမြဲဖြစ်ကြောင်း ဆိုပါသည်။

ဤသို့ကြောင့် လုံခြုံရေးကို နေရာကောင်း ယူထားပြီးကာမှ လူထုရှင်းလင်းပွဲများကို ကျင်းပရသည့် လုပ်ရိုးထုံးစံမျိုး ဖြစ်နေခဲ့သည်မှာ ကြာခဲ့ပြီးဖြစ်သည်ဟု ဆိုပါသည်။

သို့သော်လည်း ဘိန်းတိုက်ဖျက်ရေး အစီအစဉ်ကိုမူ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်သဖြင့် ရှေ့ဆက်လည်းတိုက်ပွဲ ဖြစ်လာဦးမည်ဟု TNLA ဖက်မှ ခံယူထားကြောင်း၊ TNLA ၏ ၂၀၁၃-၂၀၁၄ ခုနှစ် ဘိန်းတိုက်ဖျက်ရေး စီမံကိန်းသည် တအင်းဒေသ ဘိန်းတိုက်ဖျက်ရေး အစီအစဉ်၏ အထူးဆောင်ရွက်သွားရမည့် နှစ်ဖြစ်သည်ဟု ရည်ရွယ်ထားကြောင်း ဆိုပါသည်။

ဤကဲ့သို့ TNLA နှင့် အစိုးရ တပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်နေချိန်တွင် တဖက်မှလည်း ပလောင် လွတ်မြောက်ရေး တပ်ဦး (PSLF) နှင့် အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ကော်မီတီတို့သည် အပစ်အခတ် ရပ်စဲရေးအတွက် ညှိနှိုင်းနေကြဆဲဖြစ်သည်ဟု ဆိုပါသည်။ ၄င်းတို့၏ တွေ့ဆုံဆွေးနွေးမည့် အစီအစဉ်များကိုမူ မကြာခင် သိရှိနိုင်ဖွယ် ရှိကြောင်း ဆိုပါသည်။


No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။