Thursday, July 4, 2013

KNU နှင့် TJEDF တို့ ပူးပေါင်းပြီး ပထမဆုံးအကြိမ် စိုက်ပျိုးရေးနည်းပညာပေး သင်တန်းဖွင့်လှစ်

(KIC)

ကရင်အမျိုးသား အစည်းအရုံး(KNU)၏ ဌာနတစ်ခုဖြစ်သည့် KAD(ကော်သူးလေ ဗဟိုစိုက်ပျိုးရေးဌာန)နှင့် ထိုင်း-ဂျပန် ပညာရေး ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း(Thai-Japan Education Development Foundation-JEDF)တို့ ပူးပေါင်းပြီး ပထမဆုံးအကြိမ်အဖြစ် ခြောက်လကြာ စိုက်ပျိုးရေးနည်းပညာပေးသင်တန်းကို ယနေ့ ဇူလိုင်လ ၃ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။

သင်တန်းဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ KNU ဗဟိုစိုက်ပျိုးရေးဌာန တာဝန်ခံ ပဒိုစောဒေါ့လေးမှုက “အဓိက ကတော့ ကရင်ပြည် သူတွေအနေနဲ့ လယ်ယာစိုက်ပျိုးရေးမှာ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ သဘာဝမြေသြဇာနဲ့ စနစ်တကျ စိုက်ပျိုးနိုင် အောင် ရည်ရွယ်ပြီး ဒီသင်တန်းဖွင့်လှစ်တာပါ”ဟု ကေအိုင်စီသို့ ပြောသည်။


အဆိုပါသင်တန်းကို KNU ဖားအံခရိုင်၊ တပ်မဟာ(၇)၊ တပ်ရင်း(၁၀၁)ရှိ ယာလီအားထာ့တွင် နံနက် ၉နာရီအချိန်က စတင် ဖွင့် လှစ်ခဲ့ပြီး KNU ဗဟိုစိုက်ပျိုးရေးဌာန တာဝန်ခံ ပဒိုဒေါ့လေးမှု၊ ပညာရေးဌာနမှတာဝန်ခံ ပဒိုစောလားစေးနှင့် သင်တန်းသားများ အပါအ၀င် လူဦးရေ ၅၀ကျော် တက်ရောက်ခဲ့ကြသည်။

ယခုသင်တန်းတွင် သဘာဝနည်းဖြင့် စိုက်ပျိုးခြင်း၊ သဘာဝမြေသြဇာများကို ပြုလုပ်အသုံးချနည်း သီးနှံမျိုးစေ့များ ပြုစုပျိုးထောင် နည်းများကို စာတွေ့၊ လက်တွေ့ သင်ကြားပြသပေးသွားမည်ဖြစ်ပြီး KNU ခရိုင်(၇)မှ သင်တန်းသူ၊ သင်တန်းသား စုစုပေါင်း ၂၀ ဦး တက်ရောက်သွားမည်ဖြစ်သည်ဟု KNU က ပြောသည်။

ထို့အပြင် TJEDF မှ အကူအညီပေးမည့် ယင်းသင်တန်းကို သင်တန်းဆရာများအဖြစ် ထိုင်းလူမျိုးဖြစ်သူ မစ္စတာခွန်မင်းနှင့် မစ္စ တာကာတက်တို့ နှစ်ဦးတို့က လက်ရှိ တာဝန်ယူ သင်ကြားပို့ချပေးမည်ဖြစ်သည်။
သင်တန်းသားများအနေဖြင့် သင်တန်းပြီးဆုံးသည်နှင့်အမျှ ၎င်းတို့၏ သက်ဆိုင်ရာခရိုင်များသို့ အသီးသီး ပြန်လည်၍ ပညာပေး ခြင်းများ ထပ်ဆင့်လုပ်ဆောင်ရမည်ဖြစ်သလို ရှေ့ဆက်၍ အခြေအနေပေါ် မူတည်ပြီး အလားတူ သင်တန်းများကို ဖွင့်လှစ်သင် ကြားပေးသွားရန်ရှိသည်ဟုလည်း ပဒိုစောဒေါ့လေးမှုက ဖြည့်စွက်ပြောဆိုသည်။

၎င်းသင်တန်းအတွက် လိုအပ်သောအကူအညီများကို TJEDF အပြင် ဂျပန်အခြေစိုက် အဖွဲ့အစည်းများဖြစ်သည့် Oversea Development Aid- ODA (ပင်လယ်ရပ်ခြားအကူအညီပေးရေးအဖွဲ့)နှင့် Association for Rengein Tanjaji Internation Co-operation(ARTIC)စသည့် ဂျပန်နိုင်ငံရှိ လူမှုရေးအကူအညီများ ပေးနေသည့်အဖွဲ့များမှ ဆက်လက် ပံ့ပိုးပေးသွားမည်ဖြစ် ကြောင်း သိရသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။