Wednesday, July 17, 2013

နယ်စပ် တောနက်တန်း ထဲက ကရင် အလင်းရောင် စာသင်ကျောင်းလေး

(ရွှေဟင်္သာသတင်းဌာန)

ဤစာသင် ကျောင်းလေးသည် ထိုင်းမြန်မာ နယ်စပ်ရှိသော ကရင်ပြည်နယ် မြ၀တီမြို့နယ် ဆုံဆည်းမြိုင် တိုက်နယ် ထဲက ကွေတာဥ ကျေးရွာလေးမှ အခြေခံ မူလတန်း ကျောင်းလေးပါ။ ကျောင်းသား ဦးရေ (၂၂) ဦးနှင့် ဆရာမ () ဦးသာ ရှိတဲ့ ကိုယ်ထူ ကိုယ်ထ ကျောင်းလေး ဖြစ်ပါတယ်။ 

စုတ်ပြဲ ပျက်စီးနေပြီး ဖြစ်တဲ့ ဤကျောင်းလေးကို ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) က ဇူလိုင် (၁၅)ရက် နေ့မှာ အုတ်ဖြင့် တထပ် တိုက်ပုံစံ ပြန်လည် တည်ဆောက်ကာ ကျောင်းဖွင့်ပွဲ အခမ်းအနားကို အစိုးရ ကိုယ်စားလှယ်များ နှင့်အတူ ကျင်းပနိုင်ခဲ့ပါတယ်။ 


ကျောင်းပြန်လည် တည်ဆောက်ရေးမှာ DKBA က ဦးဆောင်ပြီး၊ ကျေးရွာ လူထုများနှင့် အတူ ကျပ်သိန်းပေါင်း ဆယ်နှင့်ချီပြီး အကုန်အကျခံ တည်ဆောက် ခဲ့ပါတယ်။ အစိုးရ တပ်ဖွဲ့တွေကလည်း ကျပ်ငွေနှစ်သိန်း ထည့်ဝင် လှူဒါန်း ခဲ့ကြောင်း DKBA က ဆိုပါတယ်။ 

ပညာရေးကို ငတ်မွတ်ခေါင်းပါး နေတဲ့ ကျေးရွာ လူထုများကတော့ DKBA ၏ ဦးဆောင်မှုကို ယူပြီး ကျောင်းတည်ဆောက်ရေး ကုန်ကျစရိတ်အပြင် ဆရာမနှစ်ဦးကိုလည်း လစာငွေ တစ်လကို ကျပ် (၃၀၀၀၀) စီ နဲ့ နေရေးနှင့် စားရေးကိုပါ ထပ်မံ ထောက်ပံ့သွားမှာ ဖြစ်ပါတယ်။

သင်ရိုး ညွှန်တမ်းကို အစိုးရ သင်ရိုးအတိုင်း သင်ကြားသွားမှာ ဖြစ်ပြီးတော့ အလယ်တန်း ပညာကို စုကလီကျေးရွာတွင် တက်ရောက် သင်ကြားရပါသည်။ ကွေတာဥ ကျေးရွာ လိုဘဲ ဒီပတ်ဝန်းကျင်မှာ ရှိတဲ့ ဝမီးထကျေးရွာနဲ့ တနော်ထ ကျေးရွာမှာ အခြေခံ မူလတန်းကျောင်းတွေ ရှိပါတယ်။ 

ဒီနေရာမှာ အစိုးရ ဖက်က လက်လှမ်းမမှီ သေးတဲ့ နေရာပေါ့။ ဒေသတွင်း အုပ်ချုပ်မှု အစီအစဉ်နဲ့ပဲ ကျောင်းတက်ရတယ်။ ဒီကျောင်းမှာ တစ်ခြားရွာက ကလေးတော့ လာတက်တာ မရှိပေမဲ့ ဒီရွာအပြင်မှာ နေကြတဲ့ ကလေးတွေကတော့ လာတက်ကြတယ်။ ကျောင်းမဖွင့်နိုင်တဲ့ အခြားရွာတွေမှာ ဆိုရင် တစ်ချို့  ဆောက်လုပ်ဆဲ မပြီးသေးတာ ရှိတယ်။ ၂၀၁၀ မှာ စစ်ပွဲဖြစ်တော့ ကျောင်းလုပ်ငန်းတွေကို ရပ်ထားရတယ်။ အခု အပစ်အခတ် ရပ်စဲပြီးနောက်ပိုင်းမှာမှ ဒီလုပ်ငန်းကို ပြန်လည် စတင်လာခဲ့တယ်လို့ DKBA ရဲ့ ဖွံ့ဖြိုးရေး တာဝန်ခံ ဗိုလ်မှူး ထွန်းထွန်းက ဆိုပါတယ်။

ကျောင်းမဖွင့်နိုင်တဲ့ နေရာတွေမှာ DKBA ဘက်က ဆက်လက် ဆောင်ရွက်ပေးဖို့ ရှိပါတယ်။ ဒါပေမဲ့ ငွေအင်အားက မရှိတော့ ထင်သလောက် မလုပ်နိုင်ခဲ့ပါ။ ဒါပေမယ့် ဆက်လုပ်ဖို့ အစီအစဉ်တော့ ရှိပါတယ်။ ရင်ဆိုင်နေရတဲ့ အခက်အခဲ တွေကတော့ ကျောင်းတွေ ဆောက်ပေးဖို့ အတွက် တစ်ချို့ရွာတွေမှာ ကျောင်းသားဦးရေ နည်းတယ်။ ပြီးတော့ အိမ်ခြေ လည်း သိပ်မရှိဘူး။ တခါ လမ်းပမ်း ဆက်သွယ်ရေးလည်း မရှိဘူး ဆိုတော့ ကျောင်းဆောက်ပေးဖို့က အခက်အခဲ ဖြစ်နေတယ်လို့ ဗိုလ်မှူးထွန်းထွန်းက ဆိုပါတယ်။

အခြေခံ ပညာ မူလတန်း အဆင့်သာ မသင်ကြားနိုင်သော နယ်စပ်နေ ကလေးများသည် ဒုနဲ့ဒေး ရှိနေဆဲပါ။ မြ၀တီ ခရိုင်ထဲက ဆုံဆည်းမြိုင် တိုက်နယ်လေးထဲမှာပင် ကျေးရွာပေါင်း (၂၀-၃၀) ကြားမှာ အခြေခံ မူလတန်းကျောင်းလေးတောင် မရှိသေးပါဘူး။ ဒီတော့ မြ၀တီမြို့နယ် တခုလုံးမှာ ဆိုရင်စဉ်းစားကြပါ။ စာမသင်ကြားနိုင်တဲ့ ကျေးရွာ ဘယ်လောက် ရှိနိုင်မှာလဲ။ ကလေးတွေ ဘယ်လောက်ရှိနိုင်မလဲ။

DKBA က ဗိုလ်မှူး ထွန်းထွန်းကတော့ “DKBA ရဲ့ သဘောထား အမြင်ကတော့ ကျေးရွာမှာ လမ်းပမ်း ဆက်သွယ်ရေး မပေါက်သေးတဲ့ နေရာတွေမှာ အစိုးရ လက်လှမ်း မမီတဲ့ နေရာတွေမှာ ဒေသ အာဏာပိုင်တွေက အချိန်မပေးနိုင်ဘူး ဆိုတော့ ပညာရေးနဲ့ ပတ်သက်ရင် အားနည်းတာပေါ့။ အခု အပစ်အခတ် ရပ်စဲပြီးတဲ့နောက် လူနေမှုဘဝ တိုးတက်ဖို့ ဒေသတွင်း အဆောက်အဦး ဖွံ့ဖြိုးတိုးတက်ဖို့ ပညာရေး ကျန်းမာရေးကောင်းမွန်ဖို့ ကျနော်တို့ဘက်က လုပ်ဆောင်ပေးဖို့ ဆန္ဒရှိတယ်။ ဒါပေမယ့် ကျနော်တို့က စိတ်က ရှိပေမယ့် ရုပ်က မလိုက်နိုင်တဲ့ အခါကျတော့ ဆိုလိုတာက ရုပ်အကန့်အသတ် ရှိတယ်။ ငွေကြေး အကန့်အသတ် ရှိတယ် ဆိုတော့ လောလောဆယ် နီးစပ်တဲ့ နေရာတွေမှာ အရင် ဖြည့်စီးနေတယ်။ DKBA ဘက်က ရှေ့ဆက်ပြီး လုပ်ဆောင်သွားဖို့ အစီအစဉ် ရှိတယ်။

မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးမှာ အားပေးနေကြသော ဥရောပ သမဂ နိုင်ငံတွေ၊ အမေရိကန်၊ ဂျပန်၊ စသည့် အင်အားကြီးနိုင်ငံများ ရှိပါသည်။ ဤနိုင်ငံများမှ အကူအညီ ပေးနေတဲ့ foundation တွေလည်း များစွာ ရှိနေတယ်။ ဒီလိုမျိုး ရှိနေတဲ့ အခြေအနေမှာ မြို့ပြမြို့ပေါ်နဲ့ ပြည်မတွေမှာသာ အာရုံ စိုက်မနေသင့်ဘူးလို့ ထင်ပါတယ်။ နယ်ခြား နယ်စပ်ရဲ့ အရေးကိုလည်း စိုက်ကြည့်ချင်ပါတယ်။

အစိုးရဖက်ကလည်း ဒီလို အခွင့်အရေးမျိုး ပေးလိုက်ရင်ဖြင့် DKBA KNU KNLA တို့ကသာ အကူအညီ ရသွားနိုင်မယ် ဆိုတဲ့ သွေးကြောင်တဲ့ အမြင်၊ နှိပ်ကွပ် လိုက်မယ်ဆိုတဲ့ အမြင်၊ အပေါ်စီး၊ အနိုင်အထက်ပြုတဲ့ စိတ်မျိုးနဲ့ ခွင့်မပြုနိုင်တဲ့ စိတ်စေတနာမျိုးကနေ မြင့်မြတ်သော နှလုံးသားကောင်း၊ စေတနာကောင်းတွေ ထားပြီး အစီအစဉ် ကောင်းများ ဖြစ်လာဖို့ ခွင့်ပြု သင့်နေပါပြီး။ လမ်းပြ ပေးသင့်နေပါပြီး။ မ၀ရုံတမယ် ကြွေးထားမယ် ဆိုတဲ့ ဒီလို ဖြူစင်တဲ့ စိတ်ထားမျိုးကိုတော့ မထားသင့် တော့ပါဘူး။ 

ဤစိတ်ထားမျိုးကြောင့် နှစ်ပေါင်း (၆၀)ပြည်တွင်း စစ်ကြီး မီးဟုန်းဟုန်းတောက်ပြီး၊ တိုင်းပြည်ဟာ အခုလို မွဲတေနေရ တာပေါ့။ မီးရှူးတန်ဆောင် ရှေ့ဆောင်ဖြစ်တဲ့ အစိုးရ ကိုယ်က မေတ္တာဓါတ်တွေ ချို့တဲ့နေမှတော့၊ သူတို့ရဲ့ နိုင်ငံရေး အယူအဆတွေ အယူဝါဒတွေဟာ လောကပါလ အကျိုးအတွက် ဘယ်လောက်မှ အကျိုးမဖြစ်ခဲ့တာ ကနေ့အထိပါဘဲ။

တိုင်းရင်းသား တွေရဲ့ အကျိုးစီးပွားတွေ အပေါ်မှာလည်း အစိုးရဖက်မှာ တာဝန်ရှိတယ်။ မျှတမှု၊ တန်းတူမှုနဲ့ ကိုယ်ပိုင် ပြဌားန်းခွင့်တွေ ရှိသင့်တာပေါ့။ ဒါမှတကယ့် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးတွေ ဖြစ်မှာပေါ့။ ဒီအရေး တွေကို လက်နက်နဲ့ အနိုင်ယူထားမယ် ဆိုရင် ဖြစ်လာတဲ့ အကျိုးဆက်က လက်ရှိမှာ ဘာဖြစ်နေတယ် ဆိုတာ မြင်သာလှပါတယ်။
နိုင်ငံရေး လောက အခြေအနေကို ကြည့်ရင်လည်း အစိုးရဖက်က မှန်ကန်မှု အများကြီး အားနည်းနေပါတယ်။ 
ဗိုလ်ချုပ်ကြီး နေ၀င်းတို့ရဲ့ စစ်အာဏာရှင် တွေ မှားယွင်းမှု အကျိုးဆက်ဟာ တိုင်းပြည် မွဲပြာကျပြီး အချင်းချင်း မတည့်တာဘဲ အဖတ်တင်နေပါတော့သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။