Tuesday, June 17, 2014

ကယားစာပေကို တရားမဝင်စာပေ ဖြစ်၍ သင်ကြားခွင့် မပြုဟု ဆို

(Irrawaddy)

ကယားစာပေကို တရားမဝင် စာပေဟု ဆိုကာ သင်ကြားခွင့် မပြုသေးကြောင်း ကယားစာပေနှင့် ယဉ်ကျေးမှု ကော်မတီမှ သိရ သည်။

ကယားစာပေနှင့် ယဉ်ကျေးမှု ကော်မတီ အတွင်းရေးမှူး ဦးမိုးဇက်ညို့ရယ်က“ကယားစာပေကို လူထုက ကြိုက်တယ်။ ဒါပေမယ့် ခေတ်အဆက်ဆက်က သင်ခွင့် မပေးခဲ့လို့ ခိုးသင်ခဲ့ ရတယ်။ ကျနော်ကိုယ်တိုင်ပဲ ဘာသာပြန်ဖို့ ကိစ္စတွေ လိုက်လုပ်ပြီး စာအုပ်တွေလည်း ရပြီ။ အခု မြို့နယ်ပညာရေးမှူးရုံးမှာ ဒီအတိုင်း ထားရတယ်။ တရားမဝင် စာပေဆိုပြီး ခဏဆိုင်းငံ့စာ ပို့ထားတယ်”ဟု ပြော သည်။


ကယားပြည်နယ် အတွင်း ကယားစာပေအား ယခုကဲ့သို့ သင်ကြားခွင့် မပြုရန် ကန့်သတ်ထားသော်လည်း ကယန်းနှင့် ကယော စာပေများကို လွတ်လပ်စွာ သင်ကြားခွင့်ရှိနေသည်ဟု ၎င်းက ဆိုသည်။

ယင်းသို့ တားမြစ်ထားမှုနှင့် ပတ်သက်ပြီး ကယား တိုင်းရင်းသား လူငယ် တဦးက“မြန်မာဖတ်စာမှာ ဓ ဓနိတန်း ပင်လယ်ကမ်း ဆိုတဲ့ စာကြောင်း ပါတယ်။ ကျနော်တို့ ကယားပြည်နယ်မှာ ဓနိပင်လည်း မရှိဘူး။ ပင်လယ်လည်း မရှိဘူး။ အဲဒီအတိုင်း သင်ရင် ကလေးတွေ နားမလည်နိုင်ဘူး။ ဒီဒေသနဲ့ ကိုက်ညီတဲ့  အရာတွေပါတဲ့ သင်ရိုးညွှန်းတမ်းကို လွတ်လွတ်လပ်လပ် ဆွဲခွင့်ပေးမှရမယ်”ဟု ပြောသည်။

၂၀၁၃ ခုနှစ်အတွင်း အစိုးရ တာဝန်ရှိသူများနှင့် နေပြည်တော်တွင် ဆွေးနွေးချက်များအရ အခြေခံ ပညာကျောင်းများ၌ တိုင်းရင်း သား စာပေ သင်ကြားရေးနှင့် ကယားစာပေ သင်ကြားမည့် ဆရာ၊ ဆရာမများ အတွက် အစိုးရက လစာငွေ ထောက်ပံ့ပေးမည့် အစီ အစဉ်များကို သဘောတူခဲ့သော်လည်း လက်ရှိ အချိန်အထိ ကယားစာပေ သင်ကြားရေးမှာ အကောင်အထည် မပေါ်သေးကြောင်း ဦးမိုးဇက်ညို့ရယ်က ဆိုသည်။

ကယားလူမျိုးများ အများဆုံး နေထိုင်ရာ ဒေသများရှိ အခြေခံ ပညာကျောင်းများတွင် အစိုးရ၏ ညွှန်ကြားချက်အရ သင်ကြားရန် ကယား ဘာသာ ပြန်ထားသည့် မူလတန်း ဖတ်စာအုပ် ၃ သောင်းကျော် ရိုက်နှိပ်ထားပြီး သင်ကြားပေးမည့် ဆရာ၊ ဆရာမများ အဆင်သင့် ဖြစ်နေသော်လည်း ယခုကဲ့သို့ ဆိုင်းငံ့ ခံရခြင်း ဖြစ်သည်ဟု သိရသည်။

ကယားစာပေသည် မည်သည့် ဘာသာစကားကိုမျှ မှီငြမ်း ကိုးကားထားခြင်း မဟုတ်ဘဲ ကိုယ်ပိုင် တီထွင်ထားသည့် ကြယ်ဖိုးကြီး ဗျည်းအက္ခရာ အသုံးပြုထားသော ဘာသာစကား ဖြစ်ကြောင်း၊ ကယားစာပေ တီထွင်ခဲ့သည့် ပညာရှင်သည် လက်နက်ကိုင် တော်လှန်ရေးသမား အဖြစ် ပြောင်းလဲ ရပ်တည်ခဲ့သည့် နောက်ပိုင်းတွင် အစိုးရက ကယားစာပေအား သူပုန်စာပေ၊ တော်လှန်ရေး စာပေဟု ခေါ်ဆိုခဲ့ကြောင်း၊ ၁၉၉၅ နောက်ပိုင်း ကာလများတွင် ကယားစာပေ သင်ကြားသူများအား လိုက်လံ ဖမ်းဆီးခဲ့မှုများ ရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

ကယားဘာသာဖြင့် ရိုက်နှိပ်ထားသည့် စာအုပ်များသည် အစိုးရ၏ မြန်မာစာ သင်ရိုးညွှန်းတမ်းများကို ကယားစာပေဖြင့် ဘာသာပြန် ထားခြင်း ဖြစ်ပြီး ကယားတိုင်းရင်းသား စာပေအစစ် မဟုတ်သဖြင့် လက်ခံနိုင်ဖွယ် မရှိကြောင်း ၎င်းက ပြောသည်။

“ကျနော်တို့က ကယားတိုင်းရင်းသား စာပေကို သင်ကြားခွင့် ရမယ်လို့ထင်တာ။ ဒါပေမယ့် အဲဒီလို မဟုတ်ဘဲ ဘာသာပြန် သက် သက် ဖြစ်နေတယ်။ အဲဒီ ဘာသာပြန် စာကိုတောင်မှ ကျောင်းချိန် ပြင်ပမှာပဲ သင်ရမယ်တဲ့။ အဲဒီလို ဘာသာပြန်ပြီး သင်ရတာကို ကျနော်တို့ ကန့်ကွက်တယ်။ ကလေးတွေ အတွက် အကျိုးအမြတ် မရှိဘူး”ဟု ဦးမိုးဇက်ညို့ရယ်က ဆိုသည်။

ကယားပြည်နယ် လွိုင်ကော်မြို့၊ ရှားတောမြို့၊ ဒီးမော့ဆိုမြို့၊ ဖရူဆိုမြို့၊ ပဲခူးတိုင်း တောင်ငူမြို့၊ ရှမ်းပြည်တောင်ပိုင်းတို့ရှိ ကျေးရွာ ၇၃ ရွာတွင် နွေရာသီ ကယားစာပေ သင်တန်းများကို ၂၀၁၃ ခုနှစ် အတွင်းက စတင်ခဲ့ပြီး၊ အခြေခံပညာ ကျောင်းများတွင် ကယားစာ သင်ကြား ပေးနိုင်သည့် ဆရာ၊ ဆရာမ ဦးရေ စုစုပေါင်း ၃၂၆ ဦး အဆင်သင့် ရှိနေကြာင်း ကယားစာပေနှင့် ယဉ်ကျေးမှု ကော်မတီ နှစ် ပတ်လည် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယခုကဲ့သို့ တိုင်းရင်းသား စာပေများ သင်ကြားခွင့်အား ကန့်သတ်ထားခြင်းနှင့် ပတ်သက်၍ ပြည်နယ်အစိုးရသို့ တိုက်ရိုက် တင်ပြ ထား ပြီး မကြာမီ ကျင်းပမည့် ကယားပြည်နယ် လွှတ်တော်တွင် ဆွေးနွေးနိုင်ရေးအတွက် လွှတ်တော် ကိုယ်စားလှယ်များနှင့် ညှိနှိုင်း ဆောင်ရွက်လျက် ရှိနေသည်ဟု သိရသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။