Saturday, June 7, 2014

ဒေသခံပြည်သူများ၏ ခံစားနေရသော ဒုက္ခအားတင်ပြခြင်း

(သျှမ်းသံတော်ဆင့်)

ထိုင်းမြန်မာနယ်စပ်ရှိ တာချီလိတ်ဒေသအတွင်းနေမိဘပြည်သူများသုံးစွဲရန် ရည်ရွယ်ချက်ဖြင့် ပြည်နယ် အစိုးရမှ အမှတ် ၁ ချစ်ကြည်ရေးတံတားမှတဆင့် အခန် ၃ % ပေးဆောင်စေပြီး ဒေသခံကုန်သည်ငယ် များကို တနိုင်တပိုင်ကုန်သွယ်မှုပြုစေခဲ့သည်မှာ ကြာမြင့်လှပြီဖြစ်ပါသည်။
အဆိုပါ ၃% ပေးဆောင်စေသည့်စနစ်အား  ဒေသဆိုင်ရာအာဏာပိုင်များ၏ ဦးဆောင်မှုအောက် တွင် မြန်မာနိုင်ငံရဲ စည်ပင်စသည့်ဌာနများပေါင်းဖွဲ့၍ မသမာမှုမဖြစ်စေရေး ထိန်းကျောင်းပေးနေသည်မှာ ဒေသခံအားလုံးအသိပင်ဖြစ်ပါသည်။


တနိုင်တပိုင်အရောင်းအဝယ်လုပ်ကိုင်သည့် ဒေသခံကုန်သည်ငယ်များ အဆင်ပြေပြေ ရောင်းဝယ် ဖောက်ကား နိုင်မှသာလျှင် လက်လုပ်လက်စားအခြေခံလူတန်းစားများအလုပ်အကိုင်အခွင့်အလမ်း ရရှိနိုင်မည်ဖြစ်ပြီး သို့မှသာလျှင် အကျိုးဆက်အနေဖြင့် ဒုစရိုက်မှုများကင်းဝေးပြီး ဒေသတခုလုံး တည်ငြိမ်အေးချမ်းနိုင်မည်ဖြစ်ပါသည်။

သို့ရာတွင် နကသ ညွှန်မှူးဆိုသူမှာ ယခင်က တာချီလိတ်မှ နာမည်ပျက်ဖြင့်ပြောင်းရွှေ့ခံခဲ့ရသူ တဦးဖြစ် ပြီး ထပ်မံ၍ တာဝန်ပြန်ကျချိန်တွင် နာကျည်းချက်ဖြင့် တံတား ၁ တွင် အဖွဲ့စုံဖြင့် စစ်ဆေးပြီး၍ အခွန် ၃ % ပေးဆောင်ပြီးသည့်ယာဉ်ငယ်များအား မလိုအပ်ဘဲ ထပ်မံစစ်ဆေးခြင်း၊ မြန်မာစာပင် ကောင်း ကောင်း မတတ်သော ဒေသခံတိုင်းရင်းသားကုန်သည်များအပေါ် ခြိမ်းခြောက်ပြောဆိုခြင်း၊ အထောက် အထား ဆိုင်ရာပြေစာဘောင်ချာစာရွက်စာတမ်းများအား အတင်းအဓမ္မတောင်းယူခြင်း၊ တင်ဆောင် လာသော စားသောက်ကုန်များအား မယုံသင်္ကာ စိတ်ဖြင့် ဓါတ်ပုံမှတ်တမ်းရိုက်ယူထားခြင်း စသည် တို့အား လက်အောက်မှ ဝန်ထမ်းတစ်ဦးအား စေခိုင်း၍ အာဏာကိုအလွဲသုံးစားလုပ်ကိုင် ဆောင်ရွက် နေပါသည်။ ထိုနည်းတူစွာ တံတား ၂ တွင်လည်း လက်အောက်ဝန်ထမ်း တစ်ဦးအား တာဝန်ပေး၍ ယာဉ်များအား ဓါတ်ပုံမှတ်တမ်းတင်ခြင်း၊ ကုန်သည် အေးဂျင့်များအပေါ် မလိုအပ်ဘဲ စစ်ဆေး မေးမြန်း ခြင်း၊ အထောက်အထားများတောင်းယူခြင်း၊ ကုန်ပစ္စည်းများဖွင့်ဖောက်စစ်ဆေးရာ၌ ဝင်ရောက်စွက်ဖက် ၍ ကြန့်ကြာမှုရှိအောင် စ်တ်အနှောင့်အယှက်ဖြစ်အောင် ပညာပြကာ လုပ်ကိုင်ဆောင်ရွက်နေပါသည်။ သတင်းရရှိ၍ ရှောင်တခင် စစ်ဆေးခြင်းမျိုးမဟုတ်ဘဲ ယာဉ်တိုင်း၊ ကုန်ပစ္စည်းတိုင်းအား  လုပ်ပိုင်ခွင့် စစ်ဆေးပိုင်ခွင့် မည်သူမှမပေးဘဲ ၎င်းတို့သဘောဖြင့် ၎င်းတို့အတင်းအကျပ် ဆောင်ရွက်နေသည်မှာ ယာဉ်အောင် အေးဂျင့် ကုန်သည်ကြီးငယ်အားလုံးတို့အတွက်စိတ်ပျက်ဖွယ်ရာပင်မဟုတ်ပါလား။

ထိုလုပ်ရပ်များသည် ကုမ္မဏီ မတည်ထောင်နိုင်၍ တနိုင်တဆွဲဝယ်ရောင်းလုပ်ကိုင်နေသည့် ကုန်သည် ငယ်များအား မှောင်ခိုလမ်းကြောင်းပေါ်သို့ တွန်းပို့သကဲ့သို့ ဖြစ်စေသည့်အပြင် ကုန်သည်ကြီး များမှာ လည်း  မလိုအပ်ဘဲ အချိန်ကြန့်ကြာ၍ စိတ်အနှောင့်အယှက်ဖြစ်နေကြကြောင်း သိရှိရပါသည်။ သို့ပါ၍ တရားဝင် နိုင်ငံတော်အခွန်ပေးဆောင်ပြီး မှန်မှန်ကန်ကန် ဆောင်ရွက်နေသည့်ဒေသခံ ကုန်သည်များ အားပံ့ပိုးကူညီခြင်းမပြုနိုင်တောင်မှ အနှောင့်အယှက်မဖြစ်အောင် လမ်းကြောင်းမှန်ပေါ် လျှောက်နေသူ များအား သွေဖယ်မသွားအောင် ၎င်းတို့နှင့်မသက်ဆိုင်ဘဲ အရာရာတွင် ဝင်ရောက်စွက်ဖက်နေသော အထက် ပါ နကသညွှန်မှူး  ဆိုသူအား သက်ဆိုင်သူများမှ ဝိုင်းဝန်းထိန်းသိမ်းပေးကြပါရန် ဒေသခံပြည် သူ များမှ လိုလားလျက်ရှိပါကြောင်း အမှန်အတိုင်း တင်ပြလိုက်ရပါသည်။

ကုန်သည်များကိုယ်စား
ကုန်သည်တဦး

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။