Monday, June 2, 2014

KNPP ဆက်ဆံရေးရုံး အလျင် ရွှေ့ပြောင်းခြင်းခံရ

ကန္တာရ၀တီတိုင်း(မ်) 
 
လွိုင်ကော်မြို့တွင်ဖွင့်လှစ်ထားသည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ဆက်ဆံရေးရုံးအား မေလ ၃၁ရက်နေ့ နောက်ဆုံးထား ရွှေ့ပြောင်းပေးရန် ကယားပြည်နယ်အစိုးရမှ ဒုတိယအကြိမ် စာ ရောက်ရှိလာသည့်အတွက် ရွှေ့ပြောင်းပေးခဲ့သည်ဟု ပြောခွင့်ရရှိသူ KNPP လွိုင်ကော်ဆက်ဆံရေးရုံးပြောခွင့်ရ ဆရာပလုရယ်ကပြောသည်။

“သူတို့ပြောတာ နိုင်ငံတော် သမ္မတရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် ၀န်ထမ်းတွေ ထပ်ခန့်ဖို့ ရှိတယ်ပေါ့။ ဒီမြေကို ၀န်ထမ်းအိမ်ရာအတွက် လျာထားတယ်ပြောတယ်။ ဒီလအတွင်း ရုံးရွှေ့ပြောင်းပေးဖို့ စာ ၂ စောင်ရောက်လာပြီ။ စာမှာ (အမြန်ဆုံး) –(အမြန်ဆုံး)ရွှေ့ပေးဖို့  ပါနေလို့ လေ” ဟု ပြောသည်။


လွိုင်ကော်မြို့ ၊ဒေါဥခူရပ်ကွက် ပြည်နယ်ဧည့်ရိပ်သာအ၀င်းတွင် ယာယီဖွင့်လစ်ထားသည့် KNPP ဆက်ဆံရေးရုံးအား လွိုင်ကော်မြို့ နောင်ယား(က) ဈေးအနီးတွင် ယမန်နေ့က ရွှေ့ပြောင်းပေးခဲ့ရခြင်းဖြစ်သည်။

၂၀၁၂ ခုနှစ် မတ်လတွင် အပစ်အခတ် ရပ်စဲရေးလက်မှတ်ထိုးထားပြီးနောက် ပြည်နယ်ဧည့်ရိပ်သာအ၀င်း အဆောက်အဦးတလုံးတွင် ဆက်ဆံရေးရုံးအတွက် အစိုးရမှ ၆ လာသာ ယာယီနေထိုင်ခွင့် ပေးထားခဲ့ခြင်းဖြစ်ပြီး KNPPမှ ဘတ်ဂျက်အခက်အခဲရှိနေခြင်းကြောင့် ရုံးအသစ်အား အမြန်ဆုံးပြီးစီးအောင် ဆောက်လုပ်နိုင်ခြင်း မရှိခဲ့ကြောင်းသိရသည်။

လက်ရှိပြောင်းရွှေ့လာသည့်နေရာသည် ရုံးအဆောက်အဦးများတ၀က်တပျက်ဆောက်လုပ်နေဆဲရှိပြီး အဆောက်အဦးများပြီးစီးရန် သုံးလခန့်ကြာမြင့်နိုင်မည်ဟုသိရသည်။

“အခုက ကျောပိုးအိတ်မိုဘိုင်းရုံးပေါ့” ဟု ဆရာပလုရယ်က ပြောသည်။

နှစ်ဘက် အပစ်အခတ်စတင် ဆွေးနွေးစဉ်အချိန်တွင် အစိုးရဘက်မှ KNPP ဆက်ဆံရေးအဆင်ပြေစေရန် ရုံးများကိုလည်း တည်ဆောက်ပေးမည်ဟု ပြောဆိုဆွေးနွေးမှုများ ရှိခဲ့ကြသော်လည်း အကောင်အထည် မဖော်နိုင်ကြောင်းပြောဆိုသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။