Thursday, October 2, 2014

မွန်ငြိမ်းချမ်းရေးနှင့် ကာကွယ်ရေး အဖွဲ့၏ တပ်ရင်းမှူးအား လက်နက် များနှင့် ဖမ်းမိ

(ရွှေဟင်္သာသတင်းဌာန)



မွန်ငြိမ်းချမ်ရေးနှင့် ကာကွယ်ရေး တပ်ဖွဲ့မှ ဗိုလ်မှူး အဆင့်ရှိ အမှတ် (၁) တပ်ရင်းမှူး နိုင်မင်းမောင် (ခ) ကိုတိုး အား တရားမဝင် လက်နက်မှု ကိုင်ဆောင်မှု၊ တရားမဝင် လိုင်စင် မဲ့ကား မှု တို့ဖြင့် စက်တင်ဘာလ (၃၀) ရက်နေ့တွင် မော်လမြိုင် ရဲတပ်ဖွဲ့မှ ဖမ်းဆီးကာ အမှုဖွင့် အရေးယူ ထားကြောင်း အမည်မဖော် လိုသည့် ရဲအရာရှိ တစ်ဦးက ရွှေဟင်္သာ သတင်း ဌာနအား ပြောကြား ခဲ့သည်။

“သူ့ကို ဝင်ဖမ်းတော့ ဝင်ဖမ်းမယ် ဆိုရင် လက်ပစ်ဗုံးနဲ့ ပစ်ခွဲမယ် ဆိုပြီး ခြိမ်းခြောက် တယ်ဗျ၊ နောက်တော့ ဖြောင်းဖျရင်း ပြောသေးတယ်၊ မရတဲ့ အဆုံးမှ ဝင်လုံးပြီး ဖမ်းရတာ” ဟု ရဲအရာရှိမှ ရွှေဟင်္သာသတင်း ဌာနအား ပြောကြားသည်။


၎င်းအား စက်တင်ဘာ (၃၀) ရက်နေ့ ည တွင် မော်လမြိုင်မြို့ မြိုင်သာယာရပ်ကွက် (၄) လမ်းရှိ အာရုဏ်သစ် တည်းခိုခန်း အခန်း အမှတ် (၁၀၇) ၌ တည်းနေစဉ် ဖမ်းဆီး ရမိ ခဲ့ခြင်း ဖြစ်ကြောင်း ဆိုပါသည်။ အဖွဲ့စုံ ပါဝင်သည့် စစ်ဆေးရေး အဖွဲ့မှ ပုံမှန် လှည့်ကင်း သန်းခေါင် စာရင်း သွားရောက် စစ်ဆေးစဉ် ဖမ်းဆီး ရမိ ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ ဖမ်းဆီး ခဲ့စဉ် BOULDER COKOREDO USA ILX 50 အမျိုးအစား 16 တစ်လက်၊ ပစ္စတို  လက်၊ စင်ကာပူလုပ် ဖျုး (စ်) ပါ လက်ပစ်ဗုံး  လုံး၊ ဓါးမြှောင် တစ်လက်၊လိုင်စင်မဲ့ကား  စီး တို့အား သိမ်းဆည်း ရမိ ခဲ့သည်။

၎င်း နိုင်မင်းမောင်အား တရားမဝင် လက်နက် ကိုင်ဆောင်မှူ ၁၉ (က) ၊ ၁၉ (င) ၊ သွင်းကုန် ပို့ကုန် ပုဒ်မ (၈) တို့ဖြင့် တရားစွဲကာ မော်လမြိုင်မြို့ မြိုင်သာယာ ရဲစခန်း၌ အမှုဖွင့် အရေးယူ ထားကြောင်း သိရှိ ရသည်။

အစိုးရ အာဏာပိုင် များမှာ ၎င်းမွန်ငြိမ်းချမ်းရေးနှင့် ကာကွယ်ရေး တပ်ဖွဲ့မှ နိုင်သိန်းဝင်း အမှတ် (၂) တပ်ရင်းမှ တာဝန်ရှိသူ တဦး ဖြစ်သည့် နိုင်သိန်းဝင်းနှင့် နိုင်ခရော့ တို့အား မူးယစ်ဆေးဝါးမှုနှင့် တရားမဝင် လက်နက် ကိုင်ဆောင်မှုတို့ဖြင့် အလိုရှိ နေသူများ ဖြစ်ကြောင်း ဖမ်းဝရမ်း ထုတ်ပြန် ထားပြီး ဖြစ်ကြောင်းလည်း သံဖြူဇရပ် မြို့ခံ တဦးမှ ပြောသည်။

“သူတို့တွေ အရင်တုန်းက ပွဲကန်ထရိုက် ယူပြီး လောင်းကစားဝိုင်း ဖွင့်တယ်၊ နောက်ပြီး ရွာထဲမှာ မှုခင်းတွေ ဘာတွေ ဖြစ်မယ် ဆိုရင် ဝိုင်းပြီး ဖြေရှင်းပြီး ပိုက်ဆံ ယူတယ်၊ မူးယစ်ဆေးတွေ ဖြန့်တယ် ၊ အဲဒါကြောင့် အာဏာပိုင် တွေက ဖမ်းဝရမ်း ထုတ်ထားတာပါ” ဟု သံဖြူဇရပ် မြို့ခံမှ ဆက်ပြောသည်။

မွန်ငြိမ်းချမ်ရေးနှင့် ကာကွယ်ရေး တပ်ဖွဲ့၏ အမှတ် (၁) တပ်ရင်းအား ဘားအံ မြို့နယ် တောင်ပိုင်း ကော့ယက္ခ ရွာ၌ အခြေစိုက်၍၎င်း ၊ အမှတ် (၂) သံဖြူဇရပ်မြို့ ကြံ့ခိုင်ရေး ရပ်ကွက်၌ အခြေစိုက်၍ ၎င်း၊ အမှတ် (၃) ကျိုက်မရော မြို့နယ် နိဒုံရွာ လမ်းဝ တို့၌ အခြေစိုက်၍ လည်းကောင်း အသီးသီး လှုပ်ရှားလျက် ရှိနေ ကြသည်။

မွန်ငြိမ်းချမ်းရေးနှင့် ကာကွယ်ရေး တပ်ဖွဲ့သည် ၂၀၀၈ ခုနှစ်တွင် ယခင် မွန်ပြည်သစ်ပါတီ၏ စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ် အောင်နိုင်မှ စတင် ဖွဲ့စည်း ခဲ့သည်။ ထို့နောက် ၂၀၁၀ ခုနှစ်တွင် မွန်ပြည်သစ် ပါတီမှ အနားယူ ထားသော ယခင် ဗိုလ်မှူးကြီး အဆင့် အထိ တာဝန် ထမ်းဆောင် ခဲ့ဖူးသည့် နိုင်ရှောင်မှ သွားရောက် ပူးပေါင်းခဲ့သည်။

ဗိုလ်ချုပ် အောင်နိုင် ကွယ်လွန်ပြီး နောက်ပိုင်း နိုင်ရှောင်မှ ဆက်လက် ဦးစီးကား ယခု၌ ဒုတိယ ဗိုလ်မှူးကြီး အောင်ချမ်း (သြဆာန်) မှ ဦးဆောင် ကွပ်ကဲလျက် ရှိသည်။

မွန်ငြိမ်းချမ်းရေးနှင့် ကာကွယ်ရေး တပ်ဖွဲ့သည် မွန်ပြည်သစ် ပါတီမှ ခွဲထွက် လာသည့် တပ်ဖွဲဝင် အများစုဖြင့် ဖွဲ့စည်း ထားသည်ဟု ပြောဆို နေကြ သော်လည်း ၎င်းအဖွဲ့သည် မွန်ပြည်သစ် ပါတီနှင့် ဆက်စပ်မှု မရှိကြောင်း မွန်ငြိမ်းချမ်းရေးနှင့် ကာကွယ်ရေး တပ်ဖွဲ့အား စတင် ဖွဲ့စည်း ခဲ့စဉ် ယခင် အထွေထွေ အတွင်းရေးမှူး လက်ရှိ မွန်ပြည်သစ်ပါတီ ဒု-ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ခဲ့သည့် နိုင်ဟံသာမှ ငြင်းချက်ထုတ် ပြောကြား ခဲ့ဖူးသည်။


၎င်း မွန်ငြိမ်းချမ်းရေးနှင့် ကာကွယ်ရေး တပ်ဖွဲ့သည် ဒီဇင်ဘာလ (၁) ရက် နေတွင် (၁၀၁) ဦးလက်နက် (၂၂) လက်နှင့် ကရင် ပြည်နယ် ကော့ကရိတ် မြို့နယ် ကော့ပေါက် ရွာ၌ လက်နက် အပ်နှံပွဲ အခမ်းအနား ပြုလုပ် ခဲ့ပြီးဤလက်နက် အပ်နှံ ပွဲအား ထိုစဉ်၌တပ်မတော် အင်အား ဖြည့်တင်းရေး ညွှန်ကြားရေးမှူးဗိုလ်ချုပ် ငွေသိန်းနှင့်ကရင်ပြည်နယ် ဥက္ကဌ ဗိုလ်မှူးချုပ် ဇော်မင်းတိုတက်ရောက်ခဲ့ကြသည်။


ထိုထက် စော၍သည်း ပြီးခဲ့သည့် ၂၀၁၀ အောက်တိုဘာလ(၂၆) ရက်နေတွင် ဗိုလ်မှူးကီး နိုင်ရှောင် ဦးဆောင်သည့် တပ်ဖွဲ့ များသည် အရှေတောင်တိုင်း စစ်ဌာနချုပ်စုစုပေါင်း အင်အား (၂၆၈) ဦး၊ လက်နက် (၇၀) ခန့်နှင့် လက်နက် အပ်နှံ ခဲ့သေးသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။