Wednesday, October 8, 2014

သျှမ်း/တောင် ပင်လုံအနီးတွင်လည်း အစိုးရတပ်မတော်နှင့် အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့ တို့ပစ်ခတ် တိုက်ခိုက်

(သျှမ်းသံတော်ဆင့်)

အောက်တိုဘာလ ၆ ရက် နံနက်ပိုင်းအချိန်က သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့နယ်နှင့် လဲချားမြို့နယ် အကြားတွင် အမည်မသိလက်နက်ကိုင်တပ်ဖွဲ့နှင့်အစိုးရတပ်မတော်တို့ အကြား ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်းသျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS/SSA) မှ သိရသည်။
“ပစ်တာလို့တော့ကျနော်တို့ကြားတယ်။ကျွန်နော်တို့ဘက်က လမ်းမပေါ်မှာ ပစ်ခတ် တိုက်ခိုက်ဖို ညွန်ကြားချက်တွေ မရှိပါဘူး။ကျနော်တို့နယ်မြေဆိုပေမယ့်လည်း တခြားလက်နက်ကိုင် အဖွဲ့တွေလည်းရှိတယ်။ဘယ်အဖွဲ့နဲ့ ဖြစ်တာလည်းဆိုတာသေချာအတည်ပြုလို့မရသေးဘူး” ဟု RCSS/SSA၏  ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီဆက် ဆံရေးရုံးတောင်ကြီး တာဝန်ခံ ဗိုလ်မှူးစိုင်းဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။


ပင်လုံမြို့နှင့် ၁၆ မိုင်အကွာ နောင်လိုင်ကျေးရွာအုပ်စုတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ ပင်လုံမြို့နယ်ခွဲနောင်လိုင်ကျေးရွာအုပ်စုမှဒေသခံတစ်ဦးက  -

“ဖြစ်တာကနှစ်နေရာ။ နမ့်နောင်ရွာဘေးက မနက် ၆နာရီခွဲကျော်နဲ့ နောင်လိုင်ရွာရဲ့ မြောက်ဘက်မှာက မနက်၁၀နာရီခွဲကျော်ချိန်မှာထပ်ဖြစ်တယ်။ အစိုးရ တပ်မတော်ကားမှန်ကွဲသွားတယ်။ပြီးတော့အစိုးရဘက်ကတစ်ယောက်ထိသွားတယ်”  ဟုဆိုသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS/SSA)က ကားလမ်းဖြတ်ကူးရင်း အစိုးရစစ်တပ်နှင့်ရင်ဆိုင်တိုးမိရာမှပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းအတည်မပြုနိုင်သည့်သတင်းရပ်ကွက်မှသိရသည်။

တိုက်ပွဲဖြစ်ပွားရာဒေသတွင်သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS/SSA) အပြင်မန့်ပန်ပြည်သူ့စစ်တပ်မဟာ (၇၅၈) နှင့်ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပအိုဝ်းပြည်သူ့စစ်တို့လည်း လှုပ်ရှားလျှက်ရှိကြောင်း RCSS/SSA မှ သိရသည်။

သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/သျှမ်းပြည် တပ်မတော်သည် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ၂၀၁၂ မေလတွင်ဒုတိယအကြိမ်တွေ့ဆုံခဲ့ပြီးပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ရရှိခဲ့သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။