Sunday, October 12, 2014

SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက် နေမှုကို ရပ်တန့်ရန် သျှမ်း လူ့အခွင့်အရေး မဏ္ဍိုင် တောင်းဆို

(သျှမ်းသံတော်ဆင့်)

သျှမ်းပြည် တိုးတက်ရေး ပါတီ/ သျှမ်းပြည် တပ်မတော် SSPP/SSA ထိန်းချုပ် နယ်မြေ အတွင်း အစိုးရ စစ်တပ်က အင်အားဖြည့်တင်းကာ ထိုးစစ်ဆင် တိုက်ခိုက်နေမှုကို ရပ်တန့် ရန် သျှမ်း လူ့အခွင့်အရေး မဏ္ဍိုင် SHRF က တောင်းဆို လိုက်သည်။

အစိုးရစစ်တပ်က SSPP/SSA အား အောက်တိုဘာလဆန်းပိုင်းမှစ၍ လက်နက်ကြီး အသုံးပြုကာ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းကြောင့် ဒေသခံပြည်သူ အသက်ဘေး အန္ဒရာယ်နှင့် ရင်ဆိုင်တွေ့ကြုံ နေရသည့် ကိစ္စနှင့် ပတ်သက်၍ ယမန်နေ့က သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF က ကြေငြာချက် တစောင် ထုတ်ပြန်ခဲ့သည်။


“စစ်ပွဲတွေကြောင့် ဒေသခံပြည်သူတွေ ထွက်ပြေးနေရတယ်။ အသက်ဘေး အန္ဒရာယ် တွေနဲ့ တွေ့ ကြုံနေရတယ်။ လူ့အခွင့်အရေးချိုးဖောက်တာတွေ ခံနေရတယ်။ ဒါကြောင့် ထိုးစစ်ဆင်တိုက်ခိုက် နေတာကို ရပ်တန့်ဖို့ တောင်းဆိုတယ်။ နောက်အစိုးရက SSPP/SSA ထိန်းချုပ်နယ်မြေထဲ အင်အား တွေ ဆက်ဖြည့်နေတယ်။ အစိုးရစစ်တပ်က တပ်ရုပ်သိမ်းပြီး ဆုတ်ခွာပေးဖို့လည်း တောင်းဆိုတယ်။ ဒီရည်ရွယ်ချက်နဲ့ ကြေငြာချက် ထုတ်ပြန်ရတာပါ” ဟု သျှမ်းလူ့အခွင့် အရေးမဏ္ဍိုင် SHRF မှ  နန်းခွမ်လိတ် က ပြောပါသည်။


ငြိမ်းချမ်းရေးတည်ဆောက်နေချိန်၌ အစိုးရစစ်တပ်က SSPP/SSA အား ထိုးစစ်ဆင်တိုက်ခိုက်နေ ခြင်းသည် အစိုးရနှင့် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များကြား ငြိမ်းချမ်းရေး တည်ဆောက်နေ မှုကို ပျက်ပြားစေသည့်အပြင် ယုံကြည်မှုလည်း ပျက်ပြားစေကြောင်း ဆို၏။


“အခု အစိုးရစစ်တပ်က SSPP/SSA ကို စ−တိုက်တာဖြစ်တယ်။ အစိုးရက အပြောနဲ့အလုပ်မညီဘူး။ အစိုးရအနေနဲ့ သူတို့ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလမ်းစဉ်အပေါ်မှာ သဘောထားမမှန်သလို ဖြစ် နေတယ်။ အဲဒါကြောင့် ရှုတ်ချချင်ပါ တယ်။ အစိုးရက ပြုပြင်ပြောင်းလဲရေး လုပ်နေသလို ငြိမ်းချမ်း ရေး လည်း ဖော်ဆောင်နေတယ်။ ဒါတွေကို အစိုးရက သဘောထားရိုးအမှန်နဲ့ လုပ်နေတာလားပေါ့”


သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ထုတ်ပြန်ကြေငြာချက်၌ သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် အတွင်း အစိုးရစစ်တပ်က SSPP/SSA အား ထိုးစစ်ဆင်တိုက်ခိုက်နေသည့်အတောအတွင်း (အောက်တိုဘာလ ၃ ရက်မှ ၆ ရက်နေ့အထိ) မော်တာကျည်ထိမှန်၍ ဒေသခံ​ရွာသား ၂ ဦး သေဆုံး ကာ တဦးဒဏ်ရာရရှိကြောင်း၊ ပုံအမ်းရွာမှ မိုင်းရယ်သို့ သွားရာလမ်း၌ ရွာသား ၂ ဦး ပစ်သတ်ခံရ ကြောင်း၊ ၁၈ နှစ်အရွယ် ရွာသားတဦး ရိုင်ဖယ်သေနတ်ဖြင့် ပြင်းထန်စွာ ရိုက်နှက်ခံရ ကြောင်း ရေးသားဖော်ပြထားသည်။


သျှမ်းပြည်တိုးတက်ရေးပါတီ/သျှမ်းပြည်တပ်မတော် SSPP/SSA အား အစိုးရတပ်မတော်က အောက်တိုဘာလဆန်းပိုင်းမှစ၍ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ယနေ့တိုင် အခြေအနေ တင်းမာနေဆဲ ဖြစ်ပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။