Tuesday, October 7, 2014

ရှမ်း ခေါင်းဆောင်တွေနဲ့ UNFC ချင်းမိုင်မှာ တွေ့ဆုံ

(RFA)

ထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချူပ် SNLD ဥက္ကဌ ဦးခွန်ထွန်းဦး ခေါင်းဆောင်တဲ့အဖွဲ့နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP အဖွဲ့က နာယက ဗိုလ်ချူပ် ဆေထင်တို့ ဦးဆောင်တဲ့အဖွဲ့ဟာ ဒီကနေ့ မနက်ပိုင်းက ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ခေါင်းဆောင်တွေနဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ၂ နာရီကျော်ကြာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

ပထမဦးဆုံးအကြိမ် မြန်မာနိုင်ငံကနေရောက်ရှိလာတဲ့ ရှမ်းတိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တာနဲ့ ပတ်သက်ပြီး UNFC ဒု ဥက္ကဌ ခူးဦးရယ်က RFA ကို အခုလို ပြောဆိုပါတယ်။

 
"သူတို့ ဘန်ကောက်မှာ အချင်းချင်းတွေ့ဆုံဆွေးနွေးတာနဲ့ ပတ်သက်ပြီး ကျနော်တို့ကိုလာပြီး သတင်းလာပါးချင်တာလဲ ပါတာပေါ့နော် ကျနော်တို့နဲ့ သူ့မြေ ကိုယ့်မြေချင်း အပြုသဘောဖလှယ်နိုင်အောင်လို့ ရည်ရွယ်ချက်လည်း ပါတာပေါ့၊ ရောက်တုန်းရောက်ခိုက်လာပြီး တွေ့ဆုံတဲ့သဘောလည်းပါတာပေါ့၊ ကျနော်တို့ တိုင်းရင်းသားအချင်းချင်း ညီညွတ်ရမယ်၊ ပေါင်းစည်းကြမယ်၊ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိဖို့လိုတယ်ဆိုတဲ့ ယေဘူယျသဘောလောက်ပဲ ပြောကြတယ်၊ အလွတ်သဘောပဲဆိုတော့လည်း အလွတ်သဘောအမြင်သဘောထားတွေ ဆွေးနွေးကြတာပေါ့၊ အားလုံးစည်းလုံးညီညွတ်ဖို့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်ဆိုတဲ့ အခြေခံအောက်မှာပေါ့"

ဆွေးနွေးပွဲမှာ UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီရဲ့ လက်ရှိအခြေအနေတွေနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ NCCT အဖွဲ့နဲ့ UPWC ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ နောက်ဆုံးအခြေအနေ တွေကို UNFC ခေါင်းဆောင်တွေက ရှမ်းခေါင်းဆောင်တွေကို ရှင်းလင်းခဲ့တယ်လို့လည်း ပြောဆိုပါတယ်။

ရှမ်းတိုင်းရင်းသား ခေါင်းဆောင်တွေကလည်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ရှမ်းတိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေနဲ့ ရှမ်းနိုင်ငံရေးပါတီခေါင်းဆောင်တွေရဲ့ ဆွေးနွေးသဘောတူညီချက်တွေအပါအဝင် ရှမ်းပြည်နယ် အခြေအနေတွေ၊ ရှမ်းပြည်နယ်တွင်း တိုက်ပွဲဖြစ်ပွားနေမှု အခြေအနေတွေ၊ ပစ်ခတ်မှုတွေနဲ့ ပတ်သက်ပြီး အစိုးရတပ်ဖွဲ့တွေနဲ့ ညှိနှိုင်းဆွေးနွေးနေတာတွေကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။

တိုင်းရင်းသားတွေအချင်းအချင်းကြားမှာ စည်းလုံးညီညွတ်မှုရှိဖို့နဲ့ အမြင်သဘောထားတွေ တူညီနိုင်ဖို့အတွက် အခုလိုတွေ့ဆုံမှုတွေ မကြာခဏလုပ်ဆောင်သွားကြဖို့ သဘောတူညီခဲ့ကြတယ်လို့လည်း သိရပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။