Tuesday, June 17, 2014

အပစ်ရပ် အလွန် နိုင်ငံရေး ဆွေးနွေးရန်အတွက် KNU နှင့် RCSS/SSA တို့ အမြင်ဖလှယ်

(Mizzima)

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရေး ပြုလုပ်ပြီးနောက် နိုင်ငံရေး ဆွေးနွေးမှုများကို စတင်နိုင်ရန်နှင့် လိုအပ်သည့် ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် အတွက် ကရင် အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌနှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) ဥက္ကဋ္ဌတို့ ဇွန် ၁၅ ရက်က တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်ဟု RCSS/SSA၏ ပြောရေးဆိုခွင့် ရှိသူက ဗိုလ်မှူးကြီး စိုင်းလောင်းဆိုင်က ပြောသည်။

“အမြင် ဖလှယ်တာက အပစ်အခတ် ရပ်စဲရေးတင် မကဘူး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တစ်ခုလုံးပါပဲ၊ လက်ရှိ အခြေအနေအပေါ် သူတို့ဘက် ကျွန်တော်တို့ဘက် မြင်တာတွေ ဖလှယ်ကြတာပါ” ဟု ဗိုလ်မှူးကြီး စိုင်းလောင်းဆိုင်က မဇ္ဈိမကို ပြောသည်။


ထိုဆွေးနွေးပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ပြုလုပ်ခဲ့ပြီး KNUဘက်က ဥက္ကဋ္ဌ မူတူးစေးဖိုး ဦးဆောင်ကာ ကာကွယ်ရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီး စောရော်ဂျာခင်နှင့် ဗဟိုကော်မတီဝင် စောတူးတူးလေးတို့ ပါဝင် တက်ရောက်ခဲ့ကြသည်။

RCSS/SSA ဘက်ကလည်း ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်ဆစ် ဦးဆောင်၍ ဗိုလ်ချုပ်ပေါင်ခေး၊ ဗိုလ်မှူးကြီး စိုင်းလောင်းဆိုင်၊ ဗိုလ်မှူးကြီး ဆိုင်းငိန်းနှင့် မှတ်တမ်းတင်တစ်ဦး တက်ရောက်ခဲ့သည်။

ဆွေးနွေးရာတွင် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင်များဖြင့် ဖွဲ့စည်းထားသည့် တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဖော် ဆောင်ရေးအဖွဲ့ (NCCT)က  အစိုးရနှင့် ညှိနှိုင်းနေသည် တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး၌ NCCT အဖွဲ့ဝင် မဟုတ်သည့် RCSS/SSA အဖွဲ့ ပါဝင်ရန်လည်း တိုက်တွန်း ဆွေးနွေးခဲ့ကြောင်း ဗိုလ်မှူးကြီး စောရော်ဂျာခင်က မဇ္ဈိမကို ပြောသည်။

“NCCT မှာတော့ RCSS အဖွဲ့ မပါဘူးလေ၊ အကယ်၍ တစ်နိုင်ငံလုံး အပစ်ရပ်လက်မှတ် ထိုးရင် ပါဝင်ဖို့ ကျွန်တော်တို့ တိုက်တွန်း ပြောတာပေါ့၊ အားလုံး ပါအောင်ပေါ့၊ နောက် နိုင်ငံရေးဆွေးနွေးပွဲ မှာလည်း အားလုံး စုစုစည်းစည်းပါဖို့ ကျွန်တော်တို့ တိုက်တွန်း ဆွေးနွေးတယ်လေ”ဟု ဗိုလ်မှူးကြီး စောရော်ဂျာခင်က ပြောသည်။

၎င်းတိုက်တွန်း ဆွေးနွေးချက်အား RCSS/SSA မှ ပါဝင်မည်ဟု ပြန်လည် ဆွေးနွေးထားကြောင်းလည်း စောရော်ဂျာခင်က ပြောသည်။

NCCT အဖွဲ့နှင့် အစိုးရ ညှိနှိုင်းနေသည့် တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး အခြေအနေသည် လက်ရှိ၌ ဒုတိယ မူကြမ်း ထွက်လာသည့် တိုင်အောင် တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးနိုင်ရန်အတွက် အခြေအနေ မကောင်းသေးဟု သုံးသပ်ကြောင်းနှင့် ပါဝင်သင့်ပါက အစိုးရ ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ပူးပေါင်းသွားရန် အသင့် ရှိကြောင်းလည်း RCSS/SSA ပြောရေး ဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး စိုင်းလောင်းဆိုင်က မဇ္ဈိမကို ပြောသည်။

KNU ဘက်ကလည်း အစိုးရက ထုတ်ပြန်ပြောကြားထားသကဲ့သို့ တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး စာချုပ်ကို  သြဂုတ်လ အတွင်း မချုပ်ဆိုနိုင်ခဲ့လျှင် စက်တင်ဘာလ အတွင်း၌ ချုပ်ဆိုနိုင်မည်ဟု ခန့်မှန်းထားကြောင်း ဗိုလ်မှူးကြီး စောရော်ဂျာခင်က ဆိုသည်။

NCCT ၏ အခန်းကဏ္ဍမှာ တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး ပြုလုပ် ပြီးနောက်၌ သက်တမ်း ကုန်ဆုံးမည် ဖြစ်ကာ ၎င်းနေရာ၌ နိုင်ငံရေး ဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် လိုအပ်သည့် အခန်းကဏ္ဍများကို ပြင်ဆင်နိုင်ရန် အတွက် ၎င်းတို့ အနေဖြင့် အမြင်ဖလှယ် ဆွေးနွေးခြင်း ဖြစ်သည်ဟု နှစ်ဖက် အဖွဲ့ တာဝန်ရှိသူ များက ဆိုသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။