Wednesday, September 11, 2013

WGEC ၏ နိုင်ငံရေးဆွေးနွေးပွဲ ဆိုင်ရာမူဘောင်ကို အစိုးရက မူအရ သဘောတူလက်ခံ



တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မ တီ WGEC က တင်ပြထား သည့် ‘နိုင်ငံရေးဆွေးနွေးပွဲ ဆိုင်ရာ မူဘောင်’ ကို အစိုးရက မူအရအကောင်းမြင် သဘောတူ လက်ခံကြောင်း သိရပါသည်။

တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီ WGEC ကစက်တင် ဘာလ ၆− ၇ရက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ အစည်းအဝေးတရပ် ကျင်းပခဲ့သည်။ ထိုအစည်းအဝေး တွင် ကရင်အမျိုးသား အ စည်းအရုံး KNUနှင့် သျှမ်းပြည်တပ်မတော် RCSS/SSA မှဆွေးနွေးရေး အဖွဲ့များ သြဂတ်စ်လ ၂၃ရက် ရန်ကုန်၌ မြန်မာငြိမ်း ချမ်းရေး စင်တာ MPC ၏ဆွေးနွေးရေး အဖွဲ့နှင့်တွေ့ဆုံဆွေးနွေးခဲ့ သည့်အကြောင်းအရာများ ကိုပြန်လည်ရှင်းလင်း တင်ပြခဲ့ကြ သည်။

အစိုးရက WGEC တင်ပြထားသည့်တနိုင်ငံလုံးဆိုင်ရာအပစ်ခတ်ရပ်စဲရေး၁၄ချက်အပါအဝင်နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်ကိုမူအရသဘောတူလက်ခံကြောင်းဆို၏။

WGEC ရေးဆွဲထားသည့်နိုင်ငံရေးဆွေးနွေးပွဲမူဘောင်၌ကဏ္ဍ၅ခုပါရှိရာ၁ − နိဒါန်း၊၂ − အခြေခံမူများ၊၃ − တနိုင်ငံလုံးတိုင်းအတာနှင့်အပစ်ခတ်ရပ်စဲရေး၊၄ − နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာမူဘောင်နှင့်၅ − ပြုပြင်ပြောင်းလဲရေးကာလအတွင်းအစီအစဉ်များ− တို့ဖြစ်ပါသည်။

စက်တင်ဘာ၂၃ရက်နေ့အစည်းအဝေး၌MPC ကအစိုးရက WGEC တင်ပြထားသည့်နိဒါန်းနှင့်နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာမူဘောင်ကိုလက်ခံကြောင်း၊သို့သော်တနိုင်ငံလုံး ဆိုင်ရာအပစ်ရပ်စဲရေးကဏ္ဍ၌၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ဆန့်ကျင်နိုင်သည့်အသုံးအနှုန်းများနှင့် အသေးစိတ်အချက်အလက်အနည်းငယ်ကိုပြန်လည်ပြင်ဆင်ရမည်ဟုတင်ပြကြောင်းဆိုပါသည်။

WGEC ရေးဆွဲထားသည့်နိဒါန်း၌၁ − လက်နက်ကိုင် ပဋိပက္ခများချက်ချင်းအဆုံးသတ်စေရေးအတွက် ငြိမ်းချမ်းသည့်နည်းလမ်းဖြင့်နိုင်ငံရေးအဖြေရှာရန်၊၂ − နိုင်ငံတော်အတွင်းစည်းလုံးညီညွတ်ရေး၊၃ − တရားမျှတ၍စစ်မှန်သည့်ငြိမ်းချမ်းရေးရရှိရေး− ဟူ၍ပါရှိသည်။

အခြေခံမူများ၌အချက်၁၅ချက်ပါရှိရာ −
၁ − တရားမျှတ၍ငြိမ်းချမ်းသည့်ဒီမိုကရေစီနိုင်ငံကိုအတူတကွ ထူထောင်ရန်။
၂ −လွတ်လပ်သည့်ပြည်ထောင်စုကြီးဖြစ်ပေါ်လာရေးအတွက် လုပ်ဆောင်ပေးခဲ့သည့်ပင်လုံစာချုပ်ကိုအသိအမှတ်ပြုရန်။
၃ − ပင်လုံစာချုပ်အဖွဲ့ဝင်တိုင်းရင်းသားများသည်ပြည်ထောင်စုကိုပူးတွဲထူထောင်သူများဖြစ် သည့်အတွက်ပြည်ထောင်စုကိုစောင့်ရှောက်ကာကွယ်ရန်တာဝန်ရှိမှုကိုအသိအမှတ်ပြုရန်။
၎ − ပြည်ထောင်စုမပြိုကွဲရေးအတွက် ပင်လုံစာချုပ်၌ပါဝင်သည့်အခြေခံမူများကိုလိုက်နာရန်။
၅ − တိုင်းရင်းသားများ၏အခွင့်အရေးကိုအသိအမှတ်ပြုပြီးဥပဒေအရကာကွယ်ပေးရန်။
၆ − ပြည်သူတိုင်းပြည့်ဝပြီးတန်းတူသည့်အခွင့်အရေးများရှိရန်။
၇ − နှစ်၆၀ကျော်ပြည်တွင်းစစ်ကြောင့်ပြည်သူများဒုက္ခပင်လယ်ဝေခဲ့ရသည်ကိုအသိအမှတ် ပြုရန်။
၈ − တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ထိန်းချုပ်နယ်မြေအတွင်းပြည်သူတွေငြိမ်းချမ်းစွာနေထိုင်နိုင်ရန်လက် နက်ကိုင်တပ်ဖွဲ့များကဆောင်ရွက်မှုကိုအသိအမှတ်ပြုရန်။
၉ − အစိုးရနှင့်စစ်တပ်၊တိုင်းရင်းသားအဖွဲ့အစည်း၊နိုင်ငံရေးပါတီ၊လူမှုအခြေပြုအဖွဲ့အစည်းနှင့်အမျိုးသမီးအဖွဲ့ အစည်းများငြိမ်းချမ်းရေးလုပ်ငန်းအဆင့်ဆင့်တိုင်း၌ပါဝင်ရန်။
၁၀ − နိုင်ငံရေးပြဿနာကိုဖြေရှင်းရန်အားလုံးကလက်ခံနိုင်သည့်နည်းလမ်းကိုရှာဖွေရန်။
၁၁ − ပြဿနာပေါ်ပေါက်လာပါကတဖက်ကိုတဖက်အပြစ်တင်စွပ်စွဲခြင်းမပြုလုပ်ရန်။
၁၂ − ငြိမ်းချမ်းရေးဖြစ်စဉ်အဆင့်တိုင်းတွင် ပြည်သူလူထုကိုပူးတွဲကြေငြာချက်များဖြင့် အသိပေးရန်။
၁၃ − တိုက်ပွဲများမဖြစ်ပွားအောင်နှစ်ဖက်စစ်အင်အားကိုခွဲခြားနေရာချထားရန်။
၁၄ − မည်သည့်ပြဿနာကိုမဆိုစစ်အင်အားသုံးပြီးမဖြေရှင်းရန်။
၁၅ − ငြိမ်းချမ်းသည့်နည်းလမ်းဖြင့်ပြဿနာကိုဖြေရှင်းရန်− တို့ဖြစ်ပါသည်။

ဤအခြေခံမူများသည် အတိုက်အခံနှင့်အစိုးရနှစ်ဦးနှစ်ဖက်လက်ခံနိုင်သည့်မူများဖြစ်ရမည်ဟုဆိုပါသည်။

WGEC ၏နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာမူဘောင်ကို KNU နှင့် RCSS တို့ကပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီဒု-ဥက္ကဌဦးအောင်မင်းထံ၂၀၁၃မေလ၁၃ရက်နေ့ကပေးအပ်ခဲ့သည်။

MPC ဖက်ကတနိုင်ငံလုံးဆိုင်ရာအပစ်ခတ်ရပ်စဲရေးကို၂၀၁၃အောက်တိုဘာလ၌လက်မှတ်ရေးထိုးနိုင်ရန်၊ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာမူဘောင်ကို၂၀၁၃နိုဝင်ဘာလမှ၂၀၁၄မတ်လအတွင်းအပြီးရေးဆွဲနိုင်ရန် ၊ပြည်ထောင်စုညီလာခံကြီးကို၂၀၁၄ဧပြီလမှ၂၀၁၅မတ်လအတွင်းကျင်းပနိုင်ရန်ပဏာမစီစဉ်ထားကြောင်း၊ တနိုင်ငံလုံးဆိုင်ရာအပစ်ခတ်ရပ်စဲရေးလက်မှတ်ထိုးပြီးနောက်နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာမူဘောင်ကိုဆက် လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်းတင်ပြခဲ့သည်။

ဦးလှမောင်ရွှေက “နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ကိုဆွေးနွေးတဲ့အခါလူအယောက်၁၀၀ကနေ၁၅၀ထိပါဝင်မယ်။အပစ်ရပ်တပ်ဖွဲ့ အားလုံးကတစ်ဖွဲ့ကိုကိုယ်စားလှယ်၂ယောက်ပါဝင်မယ်။ဆွေးနွေးတဲ့အပိုင်းမှာအကြံဉာဏ်ပေးပုဂ္ဂိုလ်တွေကို ဖိတ်ခေါ်လာချင်လည်းရတယ်။ဒါပေမဲ့ဆွေးနွေးပွဲမှာဆုံးဖြတ်ပိုင်ခွင့်တော့မရှိဘူး။ပြောဖို့အခွင့်ပေးတာ ရှိချင်ရှိမယ်။လက်နက်ကိုင်တပ်ဖွဲ့ကနေပြည်သူ့စစ်ဖြစ်သွားတဲ့အဖွဲ့တွေလည်းဖိတ်ခေါ်မယ်” ဟုပြောပါသည်။

WGEC ကနိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာမူဘောင်နှင့်ပတ်သက်၍ဆွေးနွေးရန်ခေါင်းစဉ်၁၉ချက်တင်ပြထားသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြုပြင်ခြင်း၊လုံခြုံရေးဆိုင်ရာပြုပြင်ပြောင်းလဲခြင်း၊လူသားချင်းစာနာထောက် ထားခြင်းဆိုင်ရာကိစ္စ၊ဥပဒေပြုရေးဆိုင်ရာပြုပြင်ပြောင်းလဲခြင်း၊မြေယာဆိုင်ရာကိစ္စ၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ IDP/ဒုက္ခသည်ကိစ္စ၊ မီဒီယာ− စသည်တို့ဖြစ်သည်။

သြဂတ်စ်လ၃၁ရက်၌တွေ့ဆုံစဉ်ဦးအောင်မင်းက “ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာမူဘောင်ကိုအစိုးရဖက်ကလည်းရေးဆွဲထားပြီးပြီ။ဆွေးနွေးဖို့ ခေါင်းစဉ်၉ချက် ဘဲရှိတယ်။ဒါပေမဲ့အစိုးရဖက်ကအတိုင်းအားလုံးယူမှာတော့မဟုတ်ဘူး။နှစ်ဦးနှစ်ဖက်ဆွေးနွေးတိုင်းပင်ပြီး သဘောတူညီချက်ရတဲ့အထိလုပ်ဆောင်သွားမယ်။၉ချက်ဘဲရေးဆွဲထားတာက ၂၀၁၄ အတွင်းနိုင်ငံရေးဆွေးနွေးနိုင်အောင်ရည်ရွယ်တာဖြစ်တယ်။အချက်တွေများရင်အချိန်အကြာကြီးယူရမယ်။ လက်ရှိအစိုးရလက်ထက်မှာမပြီးနိုင်ဘဲနောက်အစိုးရလက်ထက်ထိရောက်သွားနိုင်မယ်” ဟုပြောပါသည်။ (မည်သည့်အချက်များဖြစ်သည်ကိုကားမသိရှိရသေးပါ။)

တနိုင်ငံလုံးအတိုင်းအတားနှင့်အပစ်ခတ်ရပ်စဲရေးတခုတည်းရေးဆွဲ၍တင်ပြမည်ဆိုပါကမလုံလောက်ကြောင်း၊ အပစ်ရပ်ကာလ၌လက်နက်ကိုင်တပ်ဖွဲ့များမည်သို့လှုပ်ရှားနေထိုင်သွားမည့်အကြောင်းကိုထည့် သွင်းရေးဆွဲသင့်ကြောင်း၊သို့မဟုတ်ပါကလက်နက်ကိုင်တပ်ဖွဲ့များဝင်ငွေမရှိဘဲအခက်အခဲများတွေ့ကြုံ ကာနိုင်ငံရေးဆွေးနွေးပွဲကိုထိခိုက်နိုင်ကြောင်းစက်တင်ဘာ၆−၇ရက်မှာပြုလုပ်သည့်အစည်းအဝေး၌ WGECအဖွဲ့ဝင်များကသုံးသပ်တင်ပြကြသည်။

အပစ်ရပ်ကာလ၌တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကို၁ − အခွန်ဆက်လက်ကောက်ခံခွင့်ပေးရန်၊သို့မဟုတ်၂ − စီးပွားရေးလုပ်ငန်းလုပ်ပိုင်ခွင့်ပေးရန်၊သို့မဟုတ်၃− အစိုးရသို့မဟုတ်အခြားနိုင်ငံမှအစိုးရကကူညီထောက်ပံ့ရန်၊သို့မဟုတ်၎ − သက်ဆိုင်ရာလက်နက်ကိုင်တပ်ဖွဲ့၏ထိန်းချုပ်နယ်မြေအတွင်းရှိစီမံကိန်းကြီးမှဝေစုခွဲပေးရန်(ဥပမာ − RCSS/SSA ထိန်းချုပ်နယ်မြေ၌ဆည်တည်ဆောက်မည်ဆိုပါကထိုစီမံကိန်းမှရရှိလာသည့်ငွေကြေးကို RCSS/SSA အားခွဲပေးခြင်း၊ SSPP/SSA ထိန်းချုပ်နယ်မြေ၌ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းရှိသည့်အတွက်ထိုစီမံကိန်းမှရရှိလာသည့်ငွေကြေးကို SSPP/SSA အားခွဲပေးခြင်း)− ဟူ၍WGEC ကတင်ပြထားသည်။
တဖက်၌လည်း MPC ၊ KNU နဲ့ RCSS မှဆွေးနွေးရေးအဖွဲ့များကတနိုင်ငံလုံးဆိုင်ရာအပစ်ခတ်ရပ်စဲရေးသဘောတူညီချက်မူကြမ်းရေးဆွဲရန် ယခုအပတ်အတွင်းရန်ကုန်၌တွေ့ဆုံမည်ဖြစ်သည်။မူကြမ်းရေးဆွဲပြီးပါကသက်ဆိုင်ရာအဖွဲ့ အစည်းထံသို့လေ့လာသုံးသပ်နိုင်ရန်ပြန်လည်တင်ပြကြမည်ဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။