Tuesday, September 10, 2013

ကရင်အမျိုးသား စည်းလုံးရေးနှင့် ငြိမ်းချမ်းရေး ကော်မတီ၏ ဆုံးဖြတ်ချက် (၃)ရပ်

(ရွှေဟင်္သာသတင်းဌာန)

ကရင် အမျိုးသား စည်းလုံးရေး နှင့် ငြိမ်းချမ်းရေး ကော်မတီ သည် ကရင် လက်နက်ကိုင် အဖွဲ့အစည်း များနှင့် တွေ့ဆုံ ဆွေးနွေး နိုင်ရန် ဆုံးဖြတ်ချက် (၃) ချက် ဆုံးဖြတ်နိုင် ခဲ့ကြောင်း ကရင် စည်းလုံးရေး နှင့် ငြိမ်းချမ်း ရေး ဦးဆောင် ကော်မတီ အဖွဲ့ဝင် စောမက်သယူအေးမှ ဆိုပါသည်။ 

ဆုံးဖြတ် ခဲ့တာက (၁) ငြိမ်းချမ်းရေး လုပ်ငန်းစဉ် သွားတဲ့ နေရာမှာ အပစ်အခတ် ရပ်စဲရေး ပိုမို ခိုင်မာဖို့ အတွက် ကျနော်တို့ အဖွဲ့နဲ့ ကရင် ပညာရှင်များ၊ ကရင် လက်နက်ကိုင် အဖွဲ့များ ပါဝင်တဲ့ နည်းပညာရှင် အဖွဲ့ (Technical Team) ဖွဲ့စည်းဖို့ ကိစ္စ၊ (၂)  ကရင်တွေ ရှိတဲ့ နေရာ ဒေသ အလိုက် အစည်းအဝေး လုပ်သွားဖို့ ကိစ္စနဲ့(၃)  အပစ်အခတ် ရပ်စဲထားတဲ့ ကရင် လက်နက်ကိုင် အဖွဲ့စည်းတွေနဲ့ တွေ့ဆုံ သွားမယ့် ကိစ္စတွေ ဖြစ်တယ်ဟုဆိုပါသည်။


ဤဆုံးဖြတ်ချက် များသည် ကရင် စည်းလုံး ညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး ကော်မတီ (၉) ဦး အဖွဲ့၏ ပြီးခဲ့သည့် စက်တင်ဘာလ (၇) ရက် နေ့တွင် ရန်ကုန်မြို့၌  ကျင်းပခဲ့သည့် လုပ် အမှုဆောင် ကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ် ခဲ့ခြင်း ဖြစ်ပါသည်။ 

ဤကဲ့သို့ မူအရ ဆုံးဖြတ် နိုင်ခဲ့သော်လည်း ကရင် လက်နက်ကိုင် အဖွဲ့နှင့် မည်သည့် နေ့ရက်တွင် တွေ့ဆုံ ဆွေးနွေးနိုင် မည်ကို ရက်သတ်မှတ်နိုင်ခြင်း မရှိသေးဟု ဆိုပါသည်။ သို့သော်လည်း လာမည့် အောက်တိုဘာလတွင် ကရင် စည်းလုံးရေးနှင့် ငြိမ်းချမ်းရေး အလုပ် အမှုဆောင်သည် တိုးချဲ့ အဖွဲ့ဝင် (၃၇) ဦးနှင့် တွေ့ဆုံ ဆွေးနွေးရန် ရှိပါသည်။ ထိုအစည်းအဝေး ပြီးဆုံးသည့် အခါကျမှ ကရင် လက်နက်ကိုင် အဖွဲ့များနှင့် တွေ့ဆုံနိုင်မည့် ရက်ကို သတ်မှတ်မည်ဟု ဆိုပါသည်။

ကရင် လက်နက်ကိုင် အဖွဲ့များသည် ၂၀၀၈ အခြေခံ ဥပဒေကို ပြင်ဆင် ဖြည့်စွက် လိုသည်များကို  အစိုးရထံ မတင်ပြမှီ ကရင် အမျိုးသား စည်းလုံးရေးနှင့် ငြိမ်းချမ်းရေး အဖွဲ့နှင့် ဦးစွာ ညှိနှိုင်း ဆွေးနွေး သွားရန် ဖြစ်ကြောင်းဖလုံ-စဝေါ် ဒီမိုကရက်တစ် ပါတီမှ ဒုတိယ ဥက္ကဋ္ဌ ဦးမန်းအောင်ပြည်စိုးမှ ဆိုပါသည်။

ကရင် အမျိုးသား စည်းလုံးရေးနှင့် ငြိမ်းချမ်းရေး ကော်မတီသည် ကရင် လက်နက်ကိုင် အဖွဲ့အစည်း များနှင့် တွေ့ဆုံ ရသည့် အဓိက ရည်ရွယ်ချက်သည် အပစ်ခတ် ရပ်စဲသည့် ကာလတွင် ကရင် အချင်းချင်း တိုက်ခိုက်မှု မရှိရေး၊ ငြိမ်းချမ်းရေး ဖြစ်စဉ် တွင်အ မျိုးသားရေး အတွက် အချင်းချင်း ပူးပေါင်း ဆောင်ရွက်ခြင်း အားဖြင့် သွေးစည်း ညီညွတ် ကြရန်နှင့် နိုင်ငံတော် ဖွဲ့စည်းပုံ များကို တဆင့်ပြီး တဆင့်အမြင် ဖလှယ်ခြင်းဖြင့် ညှိနှိုင်းသွားရန် ရည်ရွယ် ပါသည်။

ထို့အပြင် ယခင် ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲတွင် ကန့်သတ် ခံခဲ့ရသည့် မဲဆန္ဒနယ် နေရာ၌ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် အဖြစ် ပြန်လည် ရရှိနိုင်ရန် နှင့် ကရင် လူထုများ မဲထည့်နိုင်ရန် မှတ်ပုံတင် ပြုလုပ်ရေး ကိစ္စကို ဆောင်ရွက် ကြမည် ဖြစ်သည်။

ကရင် အမျိုးသား စည်းလုံးရေးနှင့် ငြိမ်းချမ်းရေး ကော်မတီသည် ကရင် လွှတ်တော် ကိုယ်စားလှယ်များ၊အပစ်အခတ် ရပ်စဲ ထားသည့် ကရင် လက်နက်ကိုင် အဖွဲ့များနှင့် ကရင် နိုင်ငံရေး ပါတီ များက စုဖွဲ့ထားခြင်း ဖြစ်ပါသည်။ 

၎င်းအဖွဲ့သည်၊ ပြီးခဲ့သည့် ဧပြီ ၂၉ ရက်နှင့် ၃၀ ရက်နေ့ များတွင် ကရင်ပြည်နယ် ဘားအံမြို့၌  တွေ့ဆုံ ဆွေးနွေး ခဲ့ကြပါသည်။ 
 ယင်းကရင် ရေးရာ အစည်းအဝေးတွင် ကော်မတီဝင် (၃၇) ဦးဖြင်ပါဝင်သော ကရင် အမျိုးသား စည်းလုံးရေးနှင့် ငြိမ်းချမ်းရေး အဖွဲ့ကို ဖွဲ့စည်း ခဲ့ပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။