Friday, September 13, 2013

ငြိမ်းချမ်ရေးနေ့ လှုံဆော်ရေး မွန်ပြည်နယ်၌ ဖျော်ဖြေရေး လှုပ်ရှားမှုများ ပြုလုပ်မည်

(ရွှေဟင်္သာသတင်းဌာန)

လာမည့် စက်တင်ဘာလ (၂၁) ရက်နေ့၌ ကျရောက်မည့် အပြည်ပြည် ဆိုင်ရာ ငြိမ်းချမ်းရေး နေ့၌ ပြည်သူ လူထုများ၏  ကိုယ်စီ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များအပေါ် ပူးပေါင်း ပါဝင် ဆောင်ရွှက်မှု မြင့်မား လာရေး အတွက် လှုံ့ဆော်မှု အဖြစ် မွန်ပြည်နယ်တွင် အခမ်းအနား ပြုလုပ်ကာ ထိုမတိုင်ခင် ငြိမ်းချမ်းရေး အတွက် လူထုများ ဖျော်ဖြေပွဲ အစီ အစဉ်များ ပြုလုပ် သွားရန် ရှိကြောင်း ပွဲစီစဉ်သူ များထံမှ သိရှိရသည်။ 

“ပန်းရဲ့လမ်း အဖွဲ့က လှည့်လည် ဖျော်ဖြေတာ ရှိမယ်၊ ငြိမ်းချမ်းရေး စတစ်ကာ၊ ပိုစတာတွေ ဝေဖို့ ရှိတယ်၊ လူတိုင်း လူတိုင်းက ငြိမ်းချမ်းရေး အပေါ် အသိ စိတ်ဓါတ် တစ်ခုခု ခံစားနိုင်မယ့် ဟာလေးတွေ ဖန်တီး ထားတယ်၊ ကျွှန်တော်တို့ တောင်းတဲ့ အဓိက သတင်း စကား ကတော့ Education For Peace ရယ် နောက်တစ်ခုက တစ်နိုင်ငံလုံး ပြန်လည် သင့်မြတ်ရေးပေါ့” ဟု ၄င်း ငြိမ်းချမ်းရေး အခမ်းအနား ဖြစ်မြောက်ရေး ပွဲစီစဉ်သူ တွဲဖက် တာဝန်ခံ ကိုကြည်ဇော်လွင်က ပြောသည်။


မွန်ပြည်နယ် အတွက် ထိုငြိမ်းချမ်း ရေးနေ့ အကြို ဖျော်ဖြေမှု အစီအစဉ် များကို ရန်ကုန်မှ “ပန်းရဲ့လမ်း” အဖွဲ့မှ စက်တင်ဘာ (၁၆) ရက်နေ့မှ (၁၉) ရက်နေ့ အထိ မော်လမြိုင်၊ မုဒုံ၊ ပေါင်၊ ကျိုက်မရော မြို့နယ် များတွင် ငြိမ်းချမ်းရေး တေးသီချင်းများ သီဆိုကာ လှည့်လည် ဖျော်ဖြေမည် ဖြစ်သည်။

လူစည်ကားရာ လမ်းဆုံ လမ်းခွ၊ လက်ဖက်ရည် ဆိုင်နှင့် အခြား နေရာ များ၌ ငြိမ်းချမ်ရေး သီချင်းများ သီဆိုခြင်း၊ ကဗျာ ရွတ်ဆိုခြင်း စသည်တို့ကို ဖျော်ဖြေ သွားမည် ဖြစ်ကြောင်း “ပန်းရဲ့လမ်း” အဖွဲ့မှ ပြောသည်။

စက်တင်ဘာ (၁၆) ရက်နေ့ မော်လမြိုင်သို့ ရောက်ရှိကာ စတင် ဖျော်ဖြေမည့် “ပန်းရဲ့လမ်း” အဖွဲ့သည် ပင်တိုင် အတီး၊ အဆို ကိုရဲလွင်နှင့် ကိုသားထွေးတို့ ဦးဆောင်၍ ဖျော်ဖြေရေး သမား (၁၅) ဦးခန့်ဖြင့် လာရောက် ဖြေဖြေမည် ဖြစ်သည်။

ထို့ပြင် ပူးပေါင်း ပါဝင်မည့် သူများ၏ ဖျော်ဖြေရေး အစီအစဉ် များကိုလည်း ဖိတ်ခေါ် ထားကာ လှုပ်ရှားမှုများ ဖြစ်သည့် (ကဗျာ၊ ပန်းချီ၊ ကာတွန်း၊ ငြိမ်းချမ်းရေး ဆိုင်ရာ အနုပညာ တင်ဆက်မှု၊ ပါဖောမန့်၊ ပြဇာတ်၊ အငြိမ့် များကိုလည်း တင်ဆက် ပေးသွားရန် ရှိနေပါသည်။

စက်တင်ဘာ (၂၁) ရက်နေ့တွင် မော်လမြိုင်မြို့ ကမ်းနားလမ်းရှိ Strand Hotel တွင် ယင်းအပြည်ပြည် ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခမ်း အနားကို နံနက် (၉) နာရီမှ မွန်းလွဲ (၂) နာရီ အထိ ပြုလုပ် သွားရန် စီစဉ် ထားပါသည်။

၎င်းကို မွန်ပြည်နယ် အခြေစိုက် လှုပ်ရှား နေသည့် မွန်လူငယ် အဖွဲ့များ၊ လူမှု အဖွဲ့အစည်း အဖွဲ့များမှ ပူးပေါင်း လုပ်ဆောင် ကြခြင်း ဖြစ်သည်။ 

မော်လမြိုင် အခြေစိုက် မွန်၊ ကရင်၊ ပအိုဝ့်၊ ဗမာ လူငယ် အဖွဲ့များ အပါအဝင် အခြား လူမှု အဖွဲ့ အစည်းများ (၁၆) ဖွဲ့မှ ပူးပေါင်း ပြုလုပ် ကြပြီး မွန်ပြည်နယ်၌ ဖွဲ့စည်း ထားသည့် အပစ်အခတ် စောင့်ကြည့် လေ့လာရေး ကော်မီတီလည်း ၄င်း ငြိမ်းချမ်ရေးနေ့ လှုပ်ရှားမှု အစီအစဉ်အား ပူးပေါင်း ပါဝင် သွားမည် ဖြစ်သည်။

အခြား စိတ်ပါဝင်စားသည့် တသီးပုဂ္ဂလ များလည်း ဆက်သွယ် ပါဝင် နိုင်ကြောင်း ပွဲဖြစ်မြောက်ရေး ကော်မီတီ၏ နှိုးဆောက် ချက်၌ ပါရှိ ပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။