Monday, June 17, 2013

ရခိုင်နှစ်ပါတီ ပူးပေါင်းရေး လက်မှတ်ရေးထိုး

(ရွှေဟင်္သာသတင်းဌာန)

ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP) နှင့် ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ALD တို့က ယနေ့ နံနက် ၉ နာရီခွဲ အချိန်တွင် နှစ်ပါတီ ပေါင်းစည်းရေး အတွက် လက်မှတ် ရေးထိုးခဲ့ကြောင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ အထွေထွေ အတွင်းရေးမှူး ဦးစောလှက ဆိုပါသည်။ 

ရခိုင် လူထုရဲ့ ဆန္ဒကြောင့် နှစ်ပါတီ ပေါင်းစည်းရေးတွေ ဖြစ်လာခဲ့တာပါ။ဒီလို ဖြစ်လာအောင် ၂ ရက် အချိန်ယူ ဆွေးနွေးကြပြီးတော့ သဘော တူညီချက်တွေထဲက နှစ်ပါတီ ပေါင်းစည်းရေး အချက်ကို ဒီကနေ့ စတင် အကောင်အထည် ဖော်လိုက်တာ ဖြစ်ပါတယ်။ အရေးကြီးတဲ့ အချိန်မှာ သွေးနီးကြတာ ဖြစ်ပါတယ်ဟု ဆိုပါသည်။

 
ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးအေးမောင် ခေါင်းဆောင်သည့် ကိုယ်စားလှယ် (၅) ဦး အဖွဲ့နှင့် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ဒုဥက္ကဌ ဦးကျော်မြင့် ခေါင်းဆောင်သည့် ကိုယ်စားလှယ် (၅) ဦး အဖွဲ့တို့က ပူးပေါင်းရေး စာချုပ် အတွက် ပါတီ ကိုယ်စား လက်မှတ် ရေးထိုးကြပါသည်။

အသိ သက်သေ များအဖြစ်မျက်စိ အထူးကု ဆရာဝန်ကြီး ဒေါက်တာ အေးထွန်းနှင့် ဆရာတော် တစ်ပါးက လက်မှတ် ရေးထိုး ခဲ့သည်။

အဆိုပါ လက်မှတ် ရေးထိုးပွဲသို့ရခိုင်နှစ်ပါတီမှ ခေါင်းဆောင်များ၊ ရခိုင် မျိုးချစ် ပုဂ္ဂိုလ်များ၊ ရခိုင် အသိပညာရှင်များ နှင့်ဝါရင့် ရခိုင်နိုင်ငံရေး သမားများ အယောက် (၃၀) ခန့် တက်ရောက် ခဲ့ပြီး ရန်ကုန်မြို့ ကန်တော်ကြီးစစ်ကနဲချာ စားသောက်ဆိုင်၌ ကျင်းပခဲ့ပါသည်။

နှစ်ပါတီ ထိပ်ပိုင်း ခေါင်းဆောင်များသည် နှစ်ပါတီ ပေါင်းစည်းရေး စည်းကမ်းချက်များနှင့် သဘော တူညီချက်များ ရရှိရန်၊ ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့ အထိ  ရန်ကုန်မြို့ရှိ ရခိုင် သဟာယ အသင်းရုံးတွင်ဆွေးနွေးခဲ့ကြပါသည် ။ ယင်းဆွေးနွေးပွဲမှ အခြေခံ သဘော တူညီချက် (၁၁) ချက် ချမှတ်နိုင်ခဲ့သဖြင့် ပူးတွဲ ကြေညာချက် တစ်စောင် ယနေ့ ထုတ်ပြန်ခဲ့ပါသည်။

ထုတ်ပြန် ကြေညာချက်ထဲတွင် နှစ်ပါတီကို တစ်ပါတီအဖြစ် ပေါင်းစည်းရန် သဘော တူကြောင်း၊ ပါတီ၏ အမည်အသစ်ကိုရခိုင် အမျိုးသား ပါတီ (ရမတ) (Arakan National Party) ANP အဖြစ် သတ်မှတ်ကြောင်းဖော်ပြပါရှိသည်။

ရခိုင် အမျိုးသား ပါတီ အမည်သစ်ဖြင့် တရားဝင် ပါတီ ဖြစ်မြောက်ရန် မှတ်ပုံတင် လျှောက်ထားသွားမည် ဖြစ်ပါသည်။မှတ်ပုံတင် လျှောက်ထားရာတွင်လည်း လိုအပ်သော ပြင်ဆင်မှု လုပ်ငန်းများကို ၃၁/၀၈/၂၀၁၃ ရက်နေ့၌အပြီးတိုင် ဆောင်ရွက်ရန် ရှိပါသည်။

ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP) သည် ၂၀၁၀ ခုနှစ်၌ ကျင်းပသော ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌မဲအများဆုံး အနိုင်ရရှိခဲ့သည့် ပါတီဖြစ်သည်။အလားတူ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) သည်လည်း ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ၌ မဲအများဆုံးအနိုင်ရခဲ့သည့် ပါတီ ဖြစ်သည်။

ရခိုင် အမျိုးသား ပါတီ (ANP)သည်လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အတွက်ဝင်ရောက် ယှဉ်ပြိုင် အရွေးခံမည် ဖြစ်ပြီး ရခိုင်ပြည်နယ် လုံးကျွတ် အပြင်ရခိုင် လူမျိုးများ တည်ရှိနေသောနေရာ အနှံ့အပြား၌ ရွေးကောက် ခံသွားမည်ဖြစ် ကြောင်း ဆိုပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။