Tuesday, June 25, 2013

မဲခေါင်မြစ်ဝှမ်း မူးယစ်ချုပ်ကိုင်နိုင် တရုတ်ပြော- ဗမာလက်မခံ



မေလ ၂၉ ရက် ပြည်သူ့ လုံခြုံရေးဝန်ကြီးဌာနမှ  ဧပြီလ ၁၉ ရက်ကစပြီး မြန်မာ၊ ထိုင်း၊ တရုတ်၊ လောဝ် ၄ နိုင်ငံ လက်တွဲပြီး မဲခေါင်မြစ်ဝှမ်းမှာ မူးယစ်ဆေးဝါးရှင်းလင်းခဲ့ရာမှာ မူးယစ်ကုန်သည် တစ်ထောင့်တစ်ရာကျော်နဲ့ မူးယစ်ဆေးဝါးတန်ချိန် ၂.၉၇ တန်ဖမ်းဆီးရမိတယ်။ ဒါကြောင့် အခုဆို ရင်ကုန်သည်အချို့ တပ်ဆုတ်ပြန်ကုန်ပြီ။ မဲခေါင်မြစ်ဝှမ်းတလျှောက် မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ ရာဇဝတ်မှုတွေကို ချုပ်ကိုင်နိုင်ပြီလို့ တရုတ်နိုင်ငံပိုင် ရှင်းဟွာ သတင်းဌာန  မှတဆင့်ကြေငြာခဲ့ပါတယ်။

တကယ်တော့ မဲခေါင်မြစ်ဝှမ်းမှာ မူးယစ်ရာဇာလို့အမည်ရနေတဲ့ စိုင်းနော်ခမ်း သေဆုံးသွားပြီး နောက်ပိုင်း မူး ယစ်ဆေးဝါး ကူးသန်းရောင်းဝယ်မှုပိုများလာတာတွေ့ရပါတယ်။



သျှမ်းပြည်အရှေ့ပိုင်းနေ ကုန်သည်တဦးကတော့ စိုင်းနော်ခမ်းမရှိဒါဟာ  ခိုင်မာတဲ့ကွန်ယက်ရှိပြီးသား ကုန်သည်တွေ အတွက် ကောင်းပေမယ့် ကွန်ယက်အတည်တကျမရှိသေးတဲ့ ကုန်သည်ကြီးတွေ အတွက် မကောင်းဘူး။  ဒါကြောင့်တပ်ဆုတ်တယ်ဆိုတာ ဒါဟာကွန်ယက်မဲ့ကုန်သည်တွေသာဖြစ်ပြီး ကွန်ယက်ရှိကုန်သည်တွေအတွက်ကတော့ ယခင်ကထက်ပိုမိုလွတ်လပ်စွာတိုးချဲ့လုပ်ကိုင်နေကြတယ်။ 

စိုင်းနော်ခမ်းကို ၂၀၁၁ အောက်တိုဘာလ ၅ ၌ မဲခေါင်မြစ်ထဲက တရုတ်နိုင်ငံသား ၁၃ ဦးကိုသတ်တယ်ဆိုပြီး ၂၀၁၂ ဧပြီလ ၂၅ ရက်မှာ လောဝ်နိုင်ငံက ဖမ်းဆီးခဲ့ပါတယ်။ တရုတ်အစိုးရကို မေလထဲ မှာဘဲ အပ်နှံ  လိုက် ပါတယ်။

၂၀၁၃ မတ်လ ၁ ရက်နေ့မှာတော့ တရုတ်အစိုးရက သူ့ကိုဆေးထိုးသတ် ဒဏ်ခတ်လိုက်ပါတယ်။

ဂျွန်လ  ၂၆ ရက်နေ့မှာကျရောက်တဲ့ ကမ္ဘာ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် မြန် မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီး ကာကွယ်ရေးဗဟိုအဖွဲ့ CCDAC နဲ့တွေ့ဆုံဆွေးနွေးခဲ့ရတာလေးကို လည်း တချက်ပြန်လည်တင်ပြချင်ပါတယ်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီက ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးယွက်စစ် ဦးဆောင်တဲ့အဖွဲ့ ငြိမ်းချမ်း ရေးအတွက် အစိုးရနဲ့  ယုံကြည်မှု  တည်ဆောက်ခြင်း တွေ့ဆုံဆွေးနွေးဖို့ နေပြည်တော် ကိုရောက်တုန်းက ဂျွန်လ ၁၁ ရက်နေ့က မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီး ကာကွယ်ရေးဗဟိုအဖွဲ့ CCDAC ကအရာရှိကြီးတဦးနဲ့တွေ့ ဆုံဆွေးနွေးခဲ့ရတာဖြစ်ပါတယ်။ အဲဒီအရာရှိက နာမည်မဖော်လိုဘူးလို့ဆိုပါတယ်။

သူကလဲ နော်ခမ်းမရှိတဲ့နောက်တရုတ်ပြောသလိုမဟုတ်ဘဲ မူးယစ်ဆေးဝါးကူးသန်းရောင်းဝယ်မှုဟာ ယခင်က ထက်ပိုမိုဆိုးရွားလာ တယ်။ တကယ်တော့ နော်ခမ်းဟာ မူးယစ်ဆေးဝါးအရောင်းအဝယ်ချိန်းကြိုးကြီးတခုမှာ အချိတ်အဆက်တခုဘဲဖြစ်တယ်လို့ဆိုပါတယ်။

သူက ရှင်းဟွာသတင်းမှာပါတဲ့ ၄ နိုင်ငံ (တရုတ်-ဗမာ-ထိုင်း-လောဝ်) တို့ပူးပေါင်းပြီး မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုကို ပူးတွဲစစ်ဆင်တယ် ဆိုတာကို ငြင်းဆိုခဲ့တယ်။ “ ပူးပေါင်းတယ် (Co-operation) ဆိုတာ ဟုတ် တယ်။ ပူးတွဲစစ်ဆင်တယ် (Joint Operation) ဆိုဒါတော့ မဟုတ်ဖူး ” လို့ပြောပါတယ်။

ထိုင်းအရာရှိတွေဘက်ကလဲ အလားတူအဖြေမျိုးပေးဒါကိုကြားသိရပါတယ်။

မေလ ၃၀ ရက်နေ့ထုတ် Asia Sentinel သတင်း မှာတော့ တရုတ်အစိုးရဟာ တရုတ်ပြည်ရဲ့ တောင် ပိုင်းမှာ နေရာယူလာတာဟာ မူးယစ်ဆေးဝါးတိုက်ဖျက်ဖို့လား တရုတ်ဩဇာအာဏာချဲ့ဖို့ မဟာဗျူဟာ အတိုင်း လုပ်နေတာလားလို့ မေးခွန်းထုတ်ထားပါတယ်။

ဘာဖြစ်လို့ မူးယစ်တိုက်ဖျက်ရေးစီမံကိန်းကို ၅ နှစ်ထပ်တိုးလဲ

တဖက်ကလည်း မဲခေါင်းမြစ်အတွင်း တရုတ်နိုင်ငံသား လှေသား ၁၃ ဦး အသတ်ခံရတဲ့ တနှစ်ပြည့် အောက် တိုဘာ ၅ ရက် ၂၀၁၂ တုန်းက CCDAC ရဲ့ ဥက္ကဌ၊ တပ်မတော်ဘက်ကခန့်အပ်တဲ့ ပြည်ထဲရေးဝန်ကြီး ဒု- ဗိုလ် ချုပ်ကြီး ကိုကိုက မြန်မာနိုင်ငံရဲ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစီမံကိန်း ၁၅ နှစ်( ၁၉၉၉- ၂၀၁၄)ကို မူးယစ်ဆေး ဝါးအပေါ် စစ်ပွဲကို အရှိန်အဟုန်တိုးလုပ်ဆောင်သွားနိုင်ရန်အတွက် နောက်ထပ် ၅ နှစ်ထပ်မံ တိုးချဲ့လိုက်တယ်။ ၂၀၁၉ မှာ မူးယစ်ကင်းစင်ရမယ်လို့ကြေငြာခဲ့ပါတယ်။  


ဒီကိစ္စနဲ့ပတ်သက်ပြီးမေးမြန်းရာမှာ အဆိုပါအရာရှိကြီးက “ အကြောင်းရင်းကတော့ ၂၀၁၄ မတ်လ ရောက်ယင် စီမံကိန်းကုန်ဆုံးနေပြီ။ သို့သော် မူးယစ်ဆေးဝါးကလဲ မကုန်စင်နိုင်သေးတဲ့အတွက် ယခုကဲ့သို့ လုပ်ဆောင်ရခြင်း ဖြစ် တယ်လို့ ဖြေရှင်းပါတယ်။

CCDAC ရဲ့အဓိကလုပ်ငန်း ဟာ ၁- မူးယစ်ဆေး တိုက်ဖျက်ရေး ၂- ဘိန်းအစားထိုးသီးနှံချပေးရေး ဖွံ့ဖြိုးရေးဖြစ် ပါတယ်။

ဘိန်းခြံဖျက်ရေးကို တနှစ်မှာ ပင်လောင်းမြို့နယ်မှာ လုပ်ခဲ့တယ်။ ဒီဘိန်းခြံဖျက်ရေးရလဒ်ကတော့ ဘိန်းစိုက် တောင်သူတွေအတွက် ဆန်အလှူခံပေးခဲ့ရတာနဲ့ဘဲ အဖတ်တင်တယ်လို့ ပြောပါတယ်။

 ဘိန်းပင်တွေသွားဖျက်ရုံသက်သက်နဲ့ မရဘူး။ ဘိန်းအစားထိုးသီးနှံ တွေချ ပေးရမယ်။ ဒီ မူးယစ်အရာရှိကြီးရဲ့ ပြောကြားချက်ဟာ ရန်ကုန်က UNODC တာဝန်ခံ Jason Eligh ပြောတာနဲ့ထပ်တူ ဖြစ်နေပါတယ်။ သူက - ဘိန်းစိုက်တောင်သူတွေဟာ မိုက်လို့ ဘိန်းစိုက်တာမဟုတ်ဘူး။ စားဖို့မရှိလို့ ဘိန်းစိုက်နေရတာဖြစ်တယ် လို့ ပြောပါတယ်။

မူးယစ်တိုက်ဖျက်ရေးမှာ RCSS/SSA နဲ့ လက်တွဲဆောင်ရွက်မှုအခြေအနေ

၂၀၁၂ အောက်တိုဘာလ ၂၈ ရက်နေ့က တာချီလိတ်ဆွေးနွေးပွဲကနေ ဆွေးနွေးသဘောတူညီထားတဲ့အတိုင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီနဲ့လက်တွဲပြီး မူးယစ်ဆေးတိုက်ဖျက် ဖို့အတွက် ဘယ်အတိုင်းအတာ အထိ ရောက်ပြီလဲဆိုတော့ အဆိုပါ အရာရှိက အဓိက အကြောင်းရင်းကတော့ ရံပုံငွေမရှိလို့ပါဘဲ - Jason Eligh ကို ပြောပြလိုက်ပါ သဘောတူညီချက်အတိုင်း အကောင် အထည်ဖော် ဖို့ ရံပုံငွေလိုအပ်တယ်လို့ လို့ပြောပါတယ်။ 


ရန်ကုန်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာလဲ Jason Eligh  က သတင်းသမားတွေကို - သျှမ်းပြည်တောင်ပိုင်း မိုင်းပန်နဲ့ မိုးနဲမြို့နယ်ထဲမှာ ရှေ့ပြေးအစီအစဉ် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်သွားဖို့ မိုးကုန်မှာ စတင်မယ်လို့ပြောဆိုပါတယ်။

UNODC က တခြားသော အရာရှိတဦးကလည်းနောက် ၅ လ လောက်ဆိုရင်လက်တွေ့ အကောင်အထည် ဖော်လို့ရပြီလို့ဆိုပါတယ်။

မူးယစ်တိုက်ဖျက်ရေးမှာလဲ လူထု ပါဝင်

အစိုးရဘက်က မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကြေငြာချက် အမှတ် ၁၇/ ၂၀၁၁ ထုတ်ပြန်ပြီး မူးယစ် ဆေးဝါးအား ရပ်ကွက် ကျေးရွာ အဆင့် မြို့နယ်အဆင့် ခရိုင်အဆင့်အစရှိသဖြင့် အဆင့်ဆင့် တိုက်ဖျက်သွား ဒါ တနှစ်ကျော်ခဲ့ပြီ။  ဤအကြောင်းအရာနဲ့ပတ်သက်ပြီး  အမည်မဖော်လိုတဲ့ CCDAC အရာရှိက ကျနော်တို့ အုပ်ချုပ်မှု လက်လှမ်းမီနိုင် တဲ့အပိုင်း မှာအောင်မြင်မှုရတယ်။ အောင်မြင်မှုမရသေးဒါဟာ အုပ်ချုပ်မှုအာဏာ လက်လှမ်းမမှီနိုင်သေးတဲ့ ဒေသတွေမှာဖြစ်တယ်လို့ပြောပါတယ်။

ကျနော်က သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မုံးဝီး ပန်ဆိုင်းမြို့နယ်ခွဲ  မုံးပေါ် နမ္မတူမြို့နယ် မိုင်းယင် လားရှိုးမြို့နယ် နောင်လိုင် တို့တွေမှာ ကိုယ့်အားကိုယ်ကိုးမူးယစ်တိုက်ဖျက်နေကြတာ အောင်မြင်နေတာတွေ့ရတယ်လို့ ဆိုတော့ အရာရှိကြီးက ဒါ တွေဟာ ထူးခြားတဲ့ ချွင်းချက် တွေပါလို့ မှတ်ချက်ပေးခဲ့ပါတယ်။

  ဒါကြောင့် မူးယစ်ဆေးဝါးပြဿနာဖြေရှင်းနိုင်ဖို့ နိုင်ငံရေးပြဿနာ အရင်းခံကို အရင်ဖြေရှင်း ရမယ်ဆိုတာ ကိုတော့ မငြင်းပါဘူး။  သို့သော် အဆုံးမှာတော့ အုပ်ချုပ်ရေးအာဏာဟာ နိုင်ငံတဝှမ်းကိုရောက်ရှိ ဖို့လိုတယ်လို့ ဆိုပါတယ်။ 

ဝ နဲ့ပတ်သက်ပြီးတော့

အုပ်ချုပ်ရေးအာဏာမရောက်ရင် ဘယ်လိုဖြစ်သလဲဆိုရာမှာ ၀ ဟာ ဥပမာ ကျနော်တို့ဘက်ကနေ   အထွေ ထွေအုပ်ချုပ်ရေးဌာန ပို့ပေးမယ် ဆိုတော့ သူတို့လက်မခံဘူး ။ ရဲတပ်ဖွဲ့ကို လက်နက်မပါဘဲ ပို့ပေးမယ်ဆို တော့ လဲ လက်မခံဘူး လို့ပြောပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး အခြားအရာရှိကြီး များရဲ့ပြောဆိုချက်ကတော့ ယခု လောလောလတ်လတ်မှာတော့ ၀ ကိုထိုးစစ်ဆင်ဖို့ စီမံကိန်းမရှိသေးပါဘူး။ လောလောလတ်လတ် စီမံကိန်း ကတော့ ၀ ချုပ်ကိုင်ထားတဲ့နယ်မြေတွေကို ဝိုင်းရန်ပိတ်ဆို့ဘို့ဘဲရှိတယ်လို့ ဆိုပါတယ်။


စစ်တပ်ပိုင်း

CCDAC တပ်ဖွဲ့ဝင်အများစု ဟာ ရဲတပ်ဖွဲ့ က ဖြစ်ပါတယ်။  ၎င်းတို့ဟာ မူးယစ်ဆေးဝါးကိစ္စမှာ စစ်တပ်ရဲ့ ဩဇာအာဏာ လက်အောက်မှာ နေရဒါကို သဘောကျဟန်မရှိဘူး။ မူးယစ်ဆေးဝါးထုတ် ထုတ်လုပ်ရောင်းချမှုမှာ ပြည်သူ့စစ်တွေပါဝင်မှုကို သိပေမယ့် တပ်မတော်ဘက်မှ မီးစိမ်းမပြသမျှ ဘာမှ ဆောင်ရွက်နိုင်မယ်မဟုတ်ဖူးလို့ သူတို့က ပြောပါတယ်။

သို့သော် အဆိုပါအရာရှိကြီးကတော့ “ ပြည်သူ့စစ် တွေမူးယစ်ဆေးဝါးနဲ့ ပတ်သက်နေဒါဟာ အစိုးရပေါ်လစီ ဖြစ်တယ်ဆိုဒါတော့ ကျနော်မယုံကြည်နိုင်ပါဘူး။ တဖက်ကတော့ ပြည်သူ့စစ်တပ်ဖွဲ့ အချို့ပါဝင်ပတ်သက်မှုကို ကျနော်တို့လဲ ကြားသိရပါတယ်။ သို့သော် ကြားသိမှုနဲ့သက်သေ သာဓက ရှိမှုဟာ တခြားစီဖြစ်ပါတယ်။ ဒါကြောင့် သက်သေသာဓကတွေရှိယင်ပို့ပေးပါ။ ကျနော်တို့အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ် လို့ဆိုပါတယ်။ 

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။