Sunday, June 9, 2013

သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရန် RCSS/SSA ရန်ကုန်သို့ ထွက်ခွာ



သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးရန် ဒု-ဗိုလ်ချုပ်ကြီး ယွတ်စစ် ဦးဆောင်သည့် သျှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် RCSS/SSA အဖွဲ့ ထိုင်း-မြန်မာနယ်စပ်မှ ရန်ကုန် သို့ လေယာဉ်ဖြင့် ယနေ့၌ ထွက်ခွာသွားကြောင်း သိရှိရပါသည်။

သမ္မတ ဦးသိန်းစိန် အပြင် ရန်ကုန်ရှိ နိုင်ငံရေးသမားများ၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး ပါတီ ခေါင်းဆောင်များ၊ လူမှုအဖွဲ့အစည်း ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံရန် ရည်ရွယ်ထား ကြောင်း၊ မန္တလေးနှင့် တောင်ကြီးသို့ သွားရောက်ရန်လည်း စီစဉ်ထားကြောင်း ဆို၏။


RCSS/SSA နှင့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ကြား ၂၀၁၁ ဒီဇင်ဘာ ၂ ရက်နေ့ တောင်ကြီး၌ ပဏာမအဆင့် သဘောတူညီချက် ၈ ချက်၊ ၂၀၁၂ ဂျန္နဝါရီ ၁၆ ရက် တောင်ကြီး၌ ပထမအကြိမ် ပြည်ထောင်စုအဆင့် သဘောတူညီချက် ၁၁ ချက်၊ ၂၀၁၂ မေလ ၉ ရက် ကျိုင်းတုံမြို့၌ ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် အချက် ၁၂ ချက် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။ ထို့အ ပြင် ၂၀၁၂ အောက်တိုဘာ ၂၇-၂၈ ရက် ကျိုင်းတုံ၌ UN အပါအဝင် အစိုးရ ကိုယ်စားလှယ်များနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး သဘောတူညီချက်  ၉ ချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

သဘောတူညီချက် ၄၀ အနက် အစိုးရ ထိန်းချုပ်နယ်မြေအတွင်း RCSS/SSA ဆက်ဆံရေးရုံး ဖွင့်လှစ် ရေး၊ ပြည်တွင်းပြည်ပ နိုင်ငံရေးပါတီ၊ အဖွဲ့အစည်နှင့် လူထုအား လွတ်လပ်စွာ ဆက်သွယ်ရန် ဆိုသည့် အချက် ၂ ချက်သာ အကောင်အထည်နိုင်သေးကြောင်း ဆိုပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။