Friday, June 7, 2013

ရခိုင်ပြည်သူတို့၏ ဆန္ဒနှင့်အညီ ပါတီနှစ်ခုပေါင်းစည်းရေး စတင်ဆွေးနွေးတော့မည်

(Arakan Times)

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်တို့မှာ ရခိုင်ပြည်သူလူထု ဆန္ဒနှင့်အညီ ပါတီတခုတည်းအဖြစ် ပေါင်းစည်းရေးအတွက် လာမည့် ဇွန်လ ၁၅ ရက်နေ့တွင် ပထမအကြိမ် တွေ့ဆုံ ဆွေးနွေးကြတော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)မှ နှစ်ပါတီ ပူးပေါင်းရေးဆွေးနွေးရန် ဇွန်လ ၃ ရက်နေ့က ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) ကမ်းလှမ်းခဲ့ပြီးနောက် ပါတီနှစ်ခု ပေါင်းစည်းရေးအတွက် စတင်ဆွေးနွးတော့မည်ဖြစ်ကြာင်းကို ဇွန်လ ၆ ရက်နေ့တွင် ALD ၏ တွေ့ဆုံဆွေးနွေးရေး အဖွဲ့ဝင် ဦးလှမြင့်က ပြောဆိုလိုက်ခြင်းဖြစ်သည်။


" RNDP ရဲ့ တရားဝင်ကမ်းလှမ်းချက်ကို ချက်ကို သဘောတူတယ်။ ဒီလ ၁၅ရက်နေ့မှာ ပထမအကြိမ်စတင်ဆွေးနွေးသွားမယ်၊ ဒီအတွက် ALD ဗဟိုကော်မတီဝင် ၆ ဦးပါတဲ့ တွေ့ဆုံဆွေးနွေးရေးအဖွဲ့ကို ဖွဲ့စည်းခဲ့တယ်။ ကော်မတီကိုလည်း ပါတီနှစ်ခု တပါတီတည်းအဖြစ် ပေါင်းစည်းရေးမှာ ALDက လုပ်ပိုင်ခွင့် အပြည့်အ၀ပေးလိုက်ပါတယ်။ " ဟု ဦးလှမြင့်က ပြောသည်။

RNDP ပါတီ၏ အမ်းမြို့တွင် ကျင်းပခဲ့သည့် ဗဟိုကော်မတီ နှစ်ပတ်လည် မျက်နှာစုံညီ အစည်းအဝေး ဆုံးဖြတ်ချက်အရ ပါတီနှစခုပေါင်းစည်းရေးတွက် ALD အား ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး ကမ်းလှမ်းချက်တွင် ဆွေးနွေးပွဲဖြစ်မြောက်ရေးကော်မတီ အဖွဲ့ဝင်၅ဦးပါ နှင့်အတူ ဆွေးနွေးမည့် နေ့ရက်၊ အချိန် နှင့် နေရာ တို့အား ဖော်ပြထားကာ ALD၏ သဘောထားနှင့် တွေ့ဆုံဆွေးနွေးမည့် ကော်မတီစာရင်းတို့ကို တောင်းခံထားကြောင်း တွေ့ရသည်။

ဆွေးနွေးပွဲအား ဇွန်လ ၁၅ ရက် မနက် ၉ နာရီတွင် ရန်ကုန်မြို့ ရခိုင်သဟာယရုံး၌ နှစ်ဖက်တွေ့ဆုံကြမည်ဖြစ်ပြီး အဆိုပါဆွေးနွေးပွဲတွင် နှစ်ဖက်စလုံးရိုးသားပွင့်လင်းစွာ ဆွေးနွေးကြမည်ဆိုပါက ၂၀၁၅ မတိုင်မှီ ရခိုင်တစ်ပါတီ တစ်ခုတည်းအဖြစ် ပေါင်းစည်းနိုင်လိမ့်မည်ကို မျှော်လင့်ကြောင်း RNDP ၏ ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီအတွင်းရေးမှူး ဦးသာထွန်းလှက ဆိုသည်။

" ပူးပေါင်းရေး လုပ်ငန်းစဉ်တွေ စတင်တော့မယ်ဆိုရင် ပါတီရဲ့ လုပ်ငန်းများအားလုံးကို ရပ်နားထားရမယ်၊ အမှုဆောင်အဖွဲ့တွေ အားလုံးကိုဖျက်သိမ်းထားတဲ့ အနေအထားနဲ့သာစစ်မှန်တဲ့ ပေါင်းစည်းခြင်းကို တည်ဆောက်ကြရမယ်၊ နှစ်ပါတီ ခေါင်းဆောင်တွေဟာ ကိုယ့်ပါတီဝင် အားလုံးအတွက် တာဝန်ယူရပါမယ်။ ပေါင်းစည်းခြင်းကို အားလုံးက လက်ခံနိုင်ရမယ်။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် နောက်ထပ်ပါတီသစ် ထူထောင်တာမျိုးမလုပ်ပါဘူးဆိုတဲ့ အာမခံချက်အပြင် အခြားအရေးပါတဲ့ အချက်အလက်တွေ အများကြီးဆွေးနွေးဖို့လိုအပ်မှာပါ။ " ဟု ဦးလှမြင့်က ဆိုသည်။

RNDP မှာ ၂၀၁၀ ခုနှစ်၊ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ အမတ်နေရာ ၃၅ နေရာ အနိုင်ရရှိခဲ့ပြီး ALD မှာလည်း ၁၉၉၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ အမတ်နေရာ ၁၁ ဖြင့် အများဆုံး အနိုင်ရရှိခဲ့သည်။ ALD မှာ စစ်အစိုးရ၏ တဖက်သတ် ပါတီဖျက်သိမ်းခြင်းကိုခံခဲ့ရကာ ၂၀၁၂ ခုနှစ်၊ မေလတွင် ပါတီကို ပြန်လည် မှတ်ပုံတင်ခဲ့ခြင်း ဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။